Latest News

Tuesday, June 6, 2017

ငပုတောတွင် ကြွက်အကောင်တစ်သောင်းကျော် ရွာထဲဝင်၊ ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးနေဆဲဖြစ်

ငပုတောတွင် ကြွက်အကောင်တစ်သောင်းကျော် ရွာထဲဝင်၊ ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးနေဆဲဖြစ်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဇီးချိုင်ကျေးရွာတွင် ဇွန်လ ၄ရက် ညပိုင်းက ကြွက်အကောင် တစ်သောင်းကျော် ကျေးရွာအတွင်း ဝင်ရောက်လာမှုဖြစ်ပွားခဲ့ပြီး ကြွက်သေသုံးကောင်ကို တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ပို့ဆောင်ကာ ဓာတ်ခွဲခန်းတွင် စစ်ဆးနေဆဲဖြစ်ကြောင်း တိုင်းလူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

"ကျွန်မနဲ့ ပတ်သက်တဲ့ ကဏ္ဍက ကြွက်သေတွေမှာ ဘယ်လိုရောဂါပိုးရရှိနိုင်လဲ။ ဘာကြောင့် ကြွက်တွေ ဒီလောက်အများကြီးထွက်လဲာဆိုတာ ကျန်းမာရေးဌာနကော စိုက်ပျိုးရေးဌာနကိုလည်း အကူအညီတောင်းထားပါတယ်။ ကျန်းမာရေးဌာနကို ရောဂါဘယနဲ့ ပတ်သက်ပြီး စိစစ်ထားတာရှိပါတယ်။ လက်ရှိအနေအထားမှာတော့ ကြွက်တွေက အသေတွေမဟုတ်ဘဲ ကြွက်အရှင်တွေဖြစ်နေတယ် ဓာတ်ခွဲခန်းအဖြေက မရသေးပါဘူး။ သိရသလောက် ပို့ပေးလိုက်တဲ့ ကြွက်တွေမှာ ရောရာတွေ့ရှိရမှု မရှိဘူး”ဟု ငပုတောမြို့နယ် အတွင်းကြွက်တွေရှိရမှုနှင့် ပတ်သက်ပြီး လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ပြောသည်။

ယင်းသို့  ကြွက်အကောင် တစ်သောင်းကျော် ကျေးရွာအတွင်းဝင်ရောက်သည့် အတွက် ဒေသခံပြည်သူများက စိုးရိမ်မှုများရှိနေကြောင်း ဒေသခံကိုယ်စားလှယ်က မဇ္ဈိမသို့ပြောသည်။

"ကျွန်တော် သိရတာ တစ်နေ့က ညပေါ့။ ရွာက လှမ်းဖုန်းဆက်ပါတယ်။ ရွာတွေထဲကို ကြွက်တွေ တစ်သောင်းကျော်လောက်ဝင်တယ်ဆိုပြီး၊ ကြွက်တွေကို ရိုက်တဲ့သူက ရိုက် ချွန်နဲ့ထိုးတဲ့သူက ထိုးပြီး မြေတူးပြီး မြုပ်ထားတဲ့ပေါ့။ မြို့နယ် အုပ်ချုပ်ရေးပိုင်းက တိုင်းဒေသကြီးအစိုးရကို ကြေးနန်းပို့ထားတယ်လို့သိရတယ်။ ကျန်းမာရေးဦးစီးဌာန ကြွက်သေသုံးကောင်ကို တိုင်းပြည်သူကျန်းမာရေးဦးစီးဌာနကို ပို့ထားတယ်။ ဒီနေ့ မနက်ပဲ တိုင်းစိုက်ပျိုးရေးဦးစီးဌာန ပိုးမွှားတာဝန်ခံဆင်းသွားတယ်လို့ သိရှိရပါတယ်” ဟု ငပုတောမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဖိုးဇော်ရွှေက မဇ္ဈိမသို့ပြောသည်။

ကြွက်တွေထွက်လာသည့်အတွက် သဘာဝဘေးအန္တရာယ်အတွက် စိုးရိမ်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ကမူ ထိုကဲ့သို့ ကြွက်ဝမ်းဖြူများ အစုလိုက်အပြုံလိုက် နေရာပြောင်းလာခြင်းမှာ အစာရေစာကြောင့် ဖြစ်နိုင်သလို၊ မြေငလျင်တစ်ခု၏   ရှေ့ပြေးအနေဖြင့်   ပြောင်းလာခြင်းလည်းဖြစ်နိုင်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် သုံးသပ်ရေးသားထားသည်။

ကြွက်လောင်းသေဆုံးမှုအား အစာဆိပ်သင့်မှုရှိမရှိ၊ အစာအိမ်နဲ့ လေပြွန်ကပ်ပါးပိုးရှိမရှိ၊ အဆုတ်နဲ့ လေပြွန်လမ်းကြောင်းမှာ ရောဂါဒဏ်ခံရမှုရှိမရှိ နှင့် ပလိပ်ရောဂါပိုးသယ်ဆောင်သည့် သန်းရှိမရှိ တို့ ကိုစစ်ဆေးနေသည်ဟု သိရသည်။

ကြွက်မှ လူကို ကူးစက်နိုင်သည့် ရောဂါပိုး ၆၀ကျော်ရှိပြီး ပလိပ်ရောဂါ နှင့် သန်းကောင်၊ ကြွက်သေးပန်းရောဂါများမှာ ကြော်စရာအကောင်းဆုံးဖြစ်သည်ဟု သိရသည်။

ပုသိမ်မြို့ ၊ ရှောပြာ ကျေးရွာတွင် မေလ၂၂ ရက်ကလည်း ကြွက်ပလောင်းမြီးရှည်များ အစုလိုက်သေဆုံးမှုများ၊ နေ့ စဉ်ရက်ဆက်သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။ ရှောပြာကျေးရွာမှ ဦးဘဦး အိမ်ရှေ့တွင် မေလ ၂၂ရက်က ကောင်ရေ ၉၈ ကောင်သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဦးစီးဌာနမှလည်း ကြွက်သေများကို လက်အိတ်များနှင့် ကိုင်ဆောင်ပြီး မြေမြှုပ်ရန် ကျေးရွာများတွင် လိုက်လံကြေငြာထားသည်။ ဧရာဝတီတိုင်း လေးမျက်နှာမြို့ နှင့် ဓနုဖြူမြို့များတွင်လည်း ကြွက်အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သေးသည်။


Mizzima

No comments:

Post a Comment