Latest News

Monday, June 26, 2017

၅ နှစ်အတွင်း ကလေးစစ်သား ၉ဝဝ ကျော်ကိုတပ်ကနှုတ်ထွက်ခွင့်ပြု

၅ နှစ်အတွင်း ကလေးစစ်သား ၉ဝဝ ကျော်ကိုတပ်ကနှုတ်ထွက်ခွင့်ပြု

၂ဝ၁၂ ခုနှစ်ကနေ အခုနှစ် ဇွန်လ ၂၃ ရက်နေ့အထိ ၅ နှစ်တာကာလအတွင်း ကလေးစစ်သား အရေအတွက် ၉ဝဝ ကျော်ကို တပ်မတော်က နှုတ်ထွက်ခွင့်ပြုထားပြီးဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောပါတယ်။

တပ်မတော်က ၂ဝဝ၄ ခုနှစ်ကစတင်ပြီး ကလေးစစ်သားတွေကို နှုတ်ထွက်ခွင့်ပြုခဲ့တာဖြစ်ကြောင်းနဲ့ ၂ဝ၁၂ ခုနှစ်မှာ ကလေးစစ်သားတွေ နှုတ်ထွက်ခွင့်ပေးရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ သဘောတူညီချက် ရယူထားခဲ့တာဖြစ်တယ်လို့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောပါတယ်။

"၂ဝ၁၂ ကနေ ၂ဝ၁၇ ခုနှစ်ထိကို ၉၃၃ ဦးရှိတယ်။ UN နဲ့ မြန်မာနိုင်ငံအစိုးရနဲ့ သဘောတူချက်အရ။ ဒါပေမဲ့လို့ တပ်မတော်က သူဟာသူနှုတ်ထွက်ခွင့်ပေးနေတာ ၂ဝဝ၄ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်ထိက ၅၃၉ ဦး အထိရှိတယ်။ အဲဒီ ၂ဝဝ၄ က စတွက်လိုက်လို့ရှိရင် အားလုံးပေါင်းလိုက်လို့ရှိရင် ၁၄၇၂ ဦးအထိ ရှိတယ်"

နှုတ်ထွက်ခွင့်ပြုခဲ့တဲ့ ကလေးစစ်သားတွေထဲမှာ တပ်မတော်ကို စတင်ဝင်ရောက်ခဲ့စဉ်က အသက် ၁၈ နှစ် မပြည့်ခဲ့ဘဲ တပ်မတော်မှာနေထိုင်ရင်း နှုတ်ထွက်ခွင့်ပြုချိန်မှာ ၁၈ နှစ်ကျော်လွန်ပြီးသူတွေ အများဆုံး ပါဝင်တယ်လို့ ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ တပ်မတော်က နှုတ်ထွက်ခွင့်ပြုခဲ့တဲ့ ကလေးစစ်သားတွေ နေရပ်ပြန်နိုင်ရေး၊ အုပ်ထိန်းသူတွေနဲ့ တွေ့ဆုံနိုင်ရေး၊ အသက်မွေးဝမ်းကြောင်းပညာရပ်တွေ တတ်မြောက်ရေး၊ အလုပ်အကိုင် ရရှိရေးအပြင် ကျန်းမားရေးနဲ့ ပညာရေးဆိုင်ရာကိစ္စရပ်တွေကို ကူညီပံ့ပိုးပေးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုလ ၂၃ ရက်နေ့က တပ်မတော်က ကလေးစစ်သား ၆၇ ဦးကို နှုတ်ထွက်ခွင့်ပြုပြီး အုပ်ထိန်းသူတွေထံ ပြန်လည်အပ်နှံခဲ့ပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ တပ်မတော်အတွင်း လုံးဝမရှိစေရေး၊ ကလေးသူငယ်တွေကို တပ်သားအဖြစ် လုံးဝစုဆောင်းမှုမပြုလုပ်ဖို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းစုဆောင်းခဲ့သူများရှိခဲ့ရင် အမြန်ဆုံးထွက်ခွင့်ပြုဖို့ တပ်မတော်အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

RFA

No comments:

Post a Comment