Latest News

Tuesday, June 6, 2017

အိန္ဒိယတွင် ထရပ်ကားနှင့် တိုက်မိရာမှာ ဘတ်စ်ကား မီးလောင်ပြီး ၂၂ ဦးထက်မနည်း သေဆုံး

အိန္ဒိယတွင် ထရပ်ကားနှင့် တိုက်မိရာမှာ ဘတ်စ်ကား မီးလောင်ပြီး ၂၂ ဦးထက်မနည်း သေဆုံး

အိန္ဒိယမြောက်ပိုင်း ယူတာပရာဒက်ရှ် ပြည်နယ်ရှိ ဘာရိုင်လီမြို့တွင် ဇွန် ၅ ရက် နံနက်အစောပိုင်းက အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဟု ရဲတပ်ဖွဲ့က ဆိုသည်။ သေဆုံးသူ ၂၂ ဦးစလုံးမှာ ဆိုးဆိုးရွားရွား မီးလောင်ဒဏ်ရာများ ရရှိထားပြီး မည်သူမည်ဝါ ဆိုသည်ကို ရုတ်တရက် ခွဲခြား၍ မရကြောင်း ယူတာပရာဒက်ရှ် ပြည်နယ် ရဲတပ်ဖွဲ့ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ကနဦး စုံစမ်းမှုများအရ ကားနှစ်စီး တိုက်မိပြီး ချက်ချင်းလိုလို ဘတ်စ်ကားကို မီးစွဲလောင်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် ထရပ်ကား ယာဉ်မောင်းကို ရှာဖွေနေဆဲဟု ဆိုသည်။ ကားချင်း တိုက်မိပြီးနောက် ဘတ်စ်ကားတံခါးကို ထိခိုက်မိပြီး ဖွင့်မရတော့သဖြင့် ခရီးသည်များ ပိတ်မိနေခဲ့ကြောင်း သိရသည်။ ခရီးသည် အနည်းငယ်မျှသာ ပြတင်းတံခါးပေါက်ကို ရိုက်ခွဲပြီး ထွက်ပြေး လွတ်မြောက်ခဲ့သည်။

ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ ရာဟူလ် ဆရီဗက်စ်တက်ဗ်က ဘတ်စ်ကားပေါ်တွင် လူ ၄၁ ဦး လိုက်ပါလာခဲ့ပြီး ဒဏ်ရာရသူ အချို့ကို ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ကြောင်း ဆိုသည်။ ဒဏ်ရာရသူများ၏ အခြေအနေမှာ အထူးစိုးရိမ်ရသည့် အနေအထား ဖြစ်နေပြီး သေသူအရေအတွက် မြင့်တက်လာနိုင်ကြောင်းလည်း ဆရီဗက်စ်တက်ဗ်က မှတ်ချက်ပေးခဲ့သည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် အသေအပျောက် အမြင့်မားဆုံး နိုင်ငံအဖြစ် ရပ်တည်လျက် ရှိသည်။ ပျမ်းမျှအားဖြင့် အိန္ဒိယတွင် လေးမိနစ်ကြာတိုင်း ယာဉ်မတော်တဆမှုတစ်ခု ပေါ်ပေါက်လေ့ ရှိသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်း အများစုမှာ မဆင်မခြင် မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှု အားနည်းသည့် သက်တမ်းလွန် ယာဉ်များကြောင့်ဟု သိရှိရသည်။

Ref: BBC

7Day News Journal

No comments:

Post a Comment