Latest News

Thursday, June 1, 2017

ရာသီဥတုဆိုင်ရာ ပါရီသဘောတူညီချက်မှ နုတ်ထွက်မည့်ကိစ္စကို မကြာမီကြေညာမည်ဟု ထရန့် ပြောကြား

ရာသီဥတုဆိုင်ရာ ပါရီသဘောတူညီချက်မှ နုတ်ထွက်မည့်ကိစ္စကို
မကြာမီကြေညာမည်ဟု ထရန့် ပြောကြား

ထရန့်၏ လက်ထောက်များက အမေရိကန်အနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်မှ နုတ်ထွက်မည့်ကိစ္စသည် ဖြစ်နိုင်သည်ဟု ပြောကြားခဲ့ချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယင်းကိစ္စနှင့်ပတ်သက်၍ မကြာမီ ကြေညာမည်ဟု မေ ၃၁ ရက်တွင် ကတိပေးခဲ့သည်။

“ခင်ဗျားတို့ သိပ်ပြီး မကြာခင် တွေ့ရမှာပါ။ နည်းလမ်းနှစ်ရပ်စလုံးအနေနဲ့ လူတွေအများကြီးဆီက အသံတွေ ကျွန်တော် နားစွင့်နေပါတယ်။ နည်းလမ်းနှစ်ရပ်စလုံးပါပဲ” ဟု ထရန့် က သူ့အနေဖြင့် မည်သည့်ဘက်သို့ ယိမ်းသည် ကို ထုတ်ဖော်ပြောကြားခြင်းမပြုဘဲ ပြောကြားခဲ့သည်။

အစောပိုင်းတွင် အမေရိကန်၏ ပြည်ပမဟာမိတ်များနှင့် ထရန့်၏ ပြည်တွင်းမှ အတိုက်အခံများက သဘောတူညီချက်ကို ထိရောက်မှု အားနည်းသွားစေမည့် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရန် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်မှနေ၍ အမေရိကန် နုတ်ထွက်ခြင်း ဖြစ်နိုင်သည်ဟု မီဒီယာများ၌ ဖော်ပြချက်များကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
“လာမယ့်ရက်အနည်းငယ်အတွင်း ပါရီသဘောတူညီချက်နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာပါမယ်။ အမေရိကကို ပြန်ပြီး ကြီးမြတ်အောင် လုပ်ကြစို့” ဟု ထရန့်က Twitter တွင် ရေးသားခဲ့သည်။ Twitter ၀က်ဘ်ဆိုက်အပါအ၀င် အမေရိကန် မီဒီယာများစွာက ထရန့်သည် ပါရီသဘောတူညီချက်မှ နုတ်ထွက်ရန် စိတ်ပိုင်းဖြတ်ထားaကြာင်း ဖော်ပြခဲ့ကြသည်။

အဆိုပါ သတင်းဖော်ပြချက်များနှင့်ပတ် သက်၍ အိမ်ဖြူတော်က အတည်ပြုခဲ့ခြင်း မရှိသကဲ့သို့ ထရန့်သည် သဘောတူညီချက် မှနေ၍ လုံးဝ နုတ်ထွက်မည်လား သို့မဟုတ် အမေရိကန်၏ ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာ ရည်ရွယ်ချက်များကို လျှော့ချပေးရန် တောင်းဆိုမည်လားဆိုသည်မှာ ရေရာခြင်း မရှိသေးပေ။

ဘာရက်အိုဘားမား လက်ထက်တွင် တရုတ်နှင့် အမေရိကန်တို့အကြား အပြင်းအထန် ဆွေးနွေးပြီးမှ ရရှိခဲ့သည့် သဘောတူညီ ချက်ကို ပြင်သစ်နိုင်ငံမြို့တော်တွင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံက သမိုင်းဝင်ဖြစ်ရပ်အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၁၈ လပင် မကြာသေးသည့်အချိန်၌ အမေရိကန် နုတ်ထွက်ရန်ကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment