Thursday, June 29, 2017
မိသားစုတွင်း တိုတိုထွာထွာ ကျမ်းမာရေး စီးရီး(နှမ်းနှင့် အသည်း)
<မိသားစုတွင်း တိုတိုထွာထွာ ကျမ်းမာရေး စီးရီး>>
(နှမ်းနှင့် အသည်း)
(ゴ マ と 肝 臓)
(Sesamin Vs Liver)
“မှန်တိုင်းလည်း မပြောရ ဆိုတဲ့ စကားသိပ်မှန်တာပဲနော်ဖေဖေ”
“ဘာတွေဖြစ်နေပြန်တာလည်း သားရဲ့။ လူကြီးစကားတွေ ပြောနေပါလား”
“ဒီလိုပါဖေဖေ။ အရက်သောက်လို့ ပျက်စီးနေတဲ့ အသည်းကို နှမ်းရဲ့ စွမ်းအင်နဲ့
အစားထိုးမယ် ဆိုတဲ့ ဆောင်းပါးလေး တစ်ခု အကြောင်းပါ”
“အေးကွ။ ခေါင်းစဉ်ကြီးကတော့ သိပ်ပြီး ဘ၀င်မကျဘူး။
ဒါပေမဲ့ နှမ်းမှာတော့ အကျိုးကျေးဇူးတွေ အများကြီး ရှိတယ်ဆိုတာတော့
ဖေဖေလည်း ကြားဘူးတယ်။ ဘာတွေရေးထားသလဲဆိုတာတော့ သိချင်သားကွ”
“ဟုတ်ကဲ့ဖေဖေ။
နေ့စဉ်ရက်ဆက် သောက်တတ်သူများရဲ့ အသည်းဟာ အလွန်မှ စိုးရိမ်ရသလို၊
စိုးရိမ်လို့ အရက်မသောက်နဲ့တော့လို့ ဘယ်လို သတိပေးပေး ပြောလည်း
ရမှာမဟုတ်ပါဘူး။
တစ်ကယ်တော့ အသည်းရောဂါဟာ (အထူးသဖြင့် အရက်ကြောင့် ဖြစ်တဲ့
အသည်းရောဂါတွေဟာ) တစ်ဖြည်းဖြည်းနဲ့ မသိမသာဆိုးဝါးလာသလို၊ ကာယကံရှင်က
သိတဲ့အချိန်ကြတော့လည်း အသိနောက်ကျ နေတတ်လို့ အမြဲတန်း သတိထားဖို့
လိုအပ်ပါတယ် တဲ့”
“ဒါကတော့ သူပြောတာမှန်သား။
အရက်စွဲနေတဲ့သူက တော်ရုံတန်ရုံလောက်နဲ့တော့ အရက်မဖြတ်တော့ဘူး။
အရက်ဆိပ်တွေ တက်နေသကိုး”
“ဟုတ်တော့ဟုတ်တယ်နော်။ အရက်ကြောင့် မိသားစုကိုတောင် ဖြတ်တဲ့သူတွေ
ကြားဖူးပါတယ်။ ဒီလိုဆိုတော့ လည်း သူ့ပြောချင်တာလေး နည်းနည်း
နားလည်လာသလိုပဲ။
သားဆက်ဖတ်ပြမယ်နော်….
အသည်းဟာ ကိုယ်တွင်းမှာရှိတဲ့ ဓါတုဗေဒစက်ရုံကြီးသဖွယ် မရပ်မနား
အလုပ်လုပ်နေရှာပေမဲ့ စွမ်းအင်တွေကျဆင်းလာလည်း တတ်နိုင်သလောက် ကာယကံရှင်က
မသိအောင် အောင့်အီး သည်းခံနေတတ် ပါသတဲ့။ ဒါ့ကြောင့် အသည်းက
တစ်ခုခုဖြစ်သလိုလို ခံစားရတဲ့အခါမှာတော့ အသည်းရောင် ဒါမှမဟုတ်
အသည်းမာနေတတ်ပါတယ်။
အသည်းကို ပျက်စီးစေတဲ့ အရာထဲမှာ အဆိုးဆုံးကတော့ နေ့စဉ်ရက်ဆက်
ပမာဏမြောက်မြားစွာ အရက်သောက်ခြင်းပါပဲ။ အဲ့သလိုသာ သောက်သုံးနေရင်တော့
အသည်းဟာ မာကျောလာပါတယ်။ အယ်လကော်ကို ချေဖျက်တဲ့အခါမှာ
အဆီတွေအများကြီးထွက်လာလို့ အသည်းဆီဖုံးရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။
တစ်ခါအဲ့သလို အဆီဖုံးနေတဲ့ အသည်းဖြစ်နေရဲ့နဲ့ အရက်ဆက်ပြီး သောက်ပြန်တော့
ဆဲလ်တွေဟာ တစ်ဖြည်းဖြည်း ပျက်စီးလာပြီး၊ အသည်းရောင်တာတို့ အသည်းမာလာတို့
ဖြစ်လာပါတယ်။ အဲ့သလို အသည်းမာလာတော့ ဗိုက်ထဲမှာ ရေတွေစုလာတာတို့၊
သတိကင်းလစ်တဲ့ အသည်းကြောင့် ဖြစ်တဲ့ ဦးဏှောက်ပျက်စီးမှုတွေလည်း
ရှိလာနိုင်ပါတယ်။ ဒါကိုမှ လစ်လျှူရှူထားရင်၊ ဒါမှမဟုတ် သတိမထားမိရင်
အသည်းကင်ဆာ ဖြစ်လာနိုင်သလို၊ အသည်းမာသွားတဲ့အခါ မူလအသည်းကို ပြန်ဖြစ်ဖို့
မလွယ်တော့ပါဘူး။ အဲ့သလို မဖြစ်ခင် ကြိုတင် သတိထား ကာကွယ်ကုသဖို့ အလွန်မှ
အရေးကြီးပါတယ်။
လို့ ဆိုပြီး အသည်းအကြောင်းကနေစပြီး၊ အရက်ကြောင့်ဖြစ်နိုင်တဲ့
ရောဂါတွေအထိ တိုတိုတုပ်တုပ် ရှင်းပြထားပါတယ်”
“မီးကို မလောင်ခင်က တားသင့်တယ်။
အမှိုက်ကစ ပြဿဒ်အထိ မီးလောင်သွားနိင်တာကို သတိပေးနေတာကိုတော့ တို့တစ်တွေ
လိုက်နာရမှာပေါ့”
“ခက်တာက အသိခေါက်ခက် အဝေနက်၊ မကောင်းမှန်းသိပေမဲ့ မရပ်နိုင်၊
ကိုယ့်ကိုယ်ကို မပိုင်သူတွေ ရှိနေလို့ပါ။
အမှန်တစ်ကယ် လုပ်သင့်တာက အရက်ဖြတ်ဖို့ပါ။
အရက်မဖြတ်နိုင်ပါက အယ်ကိုဟောဒဏ်ကို ခံနိုင်အောင် လုပ်ပေးဖို့က
ပြောစရာမလို လောက်အောင် အရေးကြီးတဲ့ အရာပါ”
“အခုအထိတော့ ဆောင်းပါးရှင် ပြောနေတာက လိုက်နာရမဲ့ အရာတွေပါလားကွ”
“ဟုတ်ပါတယ် ဖေဖေ။
သူကဆက်ရေးထားတာက အဲ့သလို အရက်ကို မဖြတ်နိုင်၊ မလျှော့နိုင်သူတွေက
နှမ်းကို စားသုံးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။
နှမ်းမှာက သွေးတိုးမှုကို ထိမ်းခြင်း၊ ကော်လက်စတော်ကို ကျဆင်းစေခြင်း၊
၂ရက်ဆက်မူးခြင်းကို ကာကွယ်ခြင်း၊ ဇရာထိမ်းခြင်း၊ ပင်ပန်းနွမ်းနယ်မှု့ကို
ပြေပျောက်စေခြင်း ဆိုတဲ့ သတ္တိတွေ ရှိသတဲ့။
အယ်ကိုဟောကို ချေဖျက်ပေးတဲ့ အသည်းအစား၊ နှမ်းက အယ်ကိုဟောတွေကို
စုတ်ယူပေးနိုင်ပါသတဲ့။
နှမ်းကို စားပေးတဲ့ သူတွေကို သွေးဖေါက်ဆေးစစ်ကြည့်တဲ့အခါ၊ GOT,
GPTအစရှိတာတွေဟာ သိသိသာသာကြီး ကျဆင်းလာတာကို တွေ့ရပါသတဲ့။
အဲ့သလို နှမ်းလိုပဲ အစွမ်း သတ္တိရှိတဲ့ အစားအစာ နောက်တစ်မျိုးကတော့
Resveratrol(ဘယ်ရီအနွယ်ဝင်) လို့လည်း ဆိုပါတယ် ဖေဖေ”
“ဟ… ဒါဆို အသည်းအတွက် နှမ်းကို စားပေးသင့်တဲ့ သဘောပေါ့ကွ”
“ဟုတ်ပါတယ် ဖေဖေ။
ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီဆောင်းပါးကို ရေးဖို့
လက်တွန့်စေတဲ့ အချက်သုံးခုရှိနေခဲ့ပါတယ်။
ပထမတစ်ခုက အခုတင်ပြမဲ့ ဆောင်းပါးလေးထဲက အချက်ကလေးတွေဟာ ကျမ်းမာရေး
အဟာရပစ္စည်းတွေကို ရောင်းတဲ့ ကုမွဏီကနေ စုစည်းပြီးတင်ပြထားလို့ပါ။
သူသူငါငါ ကိုယ့်စီးပွားရေး ပစ္စည်းကို ရောင်းချင်ရင်တော့ သာသာလေး၊
ပိုပိုသာသာ အလေးထိုးပြီး ပြောမှာကတော့ မလွဲပါဘူးလို့ ထင်မိလို့ပါ။
နှမ်းက အစွမ်းသတ္တိတွေ ရှိပေမဲ့၊ အသည်းရဲ့ ကိုယ်စား အယ်လကိုဟောတွေကို
စုပ်ယူနိုင်တယ်လို့ ပြောနိုင်ရဲ့လား။
ဒုတိယ တစ်ခုကတော့ နေ့စဉ် ရက်ဆက် အရက်သောက်သူတွေအတွက် နှမ်းစေ့ကလေးတွေက
ကူလိမ့်မယ်ဆိုတဲ့ အတွေးတွေ ၀င်သွားရင် လူမိုက်အားပေး ဖြစ်ပေတော့မယ်။
နောက်ဆုံးတစ်ခုကတော့ ကျွန်တော် မကြာခဏ ရေးခဲ့သလို ကျွန်တော်တို့
မြန်မာတွေဟာ နှလုံးရောဂါ အမျိုးမျိုးး၊ ဆီးချိုပုံသဏ္ဍန် အဖုံဖုံ၊
အသည်းရောဂါ အထွေထွေ ရှိစေကာမူ အားလုံးကို ချုံပြီးပြောတတ်ကြပါတယ်။
ဂျင်းတက်စားရင် အစာအိမ်အတွက် ကောင်းတယ်ဆိုပေမဲ့ ဘယ်လိုအစာအိမ်ရောဂါအတွက်
ကောင်းပြီး၊ ဘယ်လို အစာအိမ်ရောဂါအတွက်တော့ မကောင်းဘူးဆိုတာ
မစဉ်းစားကြပါဘူး။
ပြီးတော့ ဘယ်လိုလုပ်ပြီး သောက်မှ အကျိုးရှိတယ်ဆိုတာလည်း သေသေချာချာ
မသိသလို၊ သိဖို့လည်း မကြိုးစား မစဉ်းစားပဲ လက်တည့်စမ်း သောက်၊ စားပြီးမှ
အကျိုးမရှိဘူးဆိုပြီး ရပ်လိုက်ကြသူတွေ မနည်းပါဘူး။
အချိန်ကုန် ငွေကုန်ကိစ္စတွေ လုပ်တတ်လွန်းလို့ပါ။
တော်ကြာကိုယ်ရေးလိုက်တဲ့ ဆောင်းပါးလေးက ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး
ဆေးအတွက် လေးနေလေမလားလို့ စိုးရိမ်မိတယ် ဖေဖေ”
“ဒါကတော့ သားရယ်။ မင်းကိုယ်တိုင်လည်း မကြာခဏ ပြောခဲ့သလို့ ဘယ်အရာမဆို
လွန်လွန်ကြူးကြူး လုပ်ရင်တော့ ဘယ်ကောင်းပါ့မလဲ။
ကံရုံပြီး ဆူးပုံနင်းလို့တော့ ဘယ်ဖြစ်မလဲကွ။
ကဲ ကဲ။ သားစိုးရိမ်နေတဲ့ အချက်၃ချက်အတွက် ဖေဖေပြောပြမယ်။
ပထမတစ်ခုဖြစ်တဲ့ နှမ်းနဲ့ပါတ်သက်တဲ့ ပစ္စည်းကို ထုပ်တဲ့ လုပ်ငန်းက
ရေတဲ့စာမို့လို့ ငါ့စကားနွားရ ရေးထားနိုင်တယ်ဆိုတဲ့ သားရဲ့ သံသယကို
ဖေဖေအပြစ်မပြောလိုပါဘူး။
ဒါပေမဲ့ သံသယဆိုတာ ၀င်သွားရင်၊ သံသယရှိသူရော၊ တစ်ဘက်သားအတွက်ရော
နှစ်ဦးနှစ်ဘက် အကျိုးမရှိတော့ဘူးဆိုတာ သိထားဖို့လိုတယ်။ ပြီးတော့ သံသယဟာ
လူအလိမ်မခံရသလို၊ ကိုယ်အကျိုးလည်း မရစေနိုင်ဘူးလို့ ဆိုတယ်ကွဲ့။ ဒီတော့
ကောင်းတာလေးတွေ ကောက်နှတ်ယူ၊ အဲ့တာလေးတွေကို ပြန်စီစစ်ပြီး
သုံးသင့်တာသုံးရင် ဘယ်လောက်ကြီးမိုးမွန်အောင် ပြောပြော၊ အသုံးသင့်တဲ့
နှမ်းတစ်စေ့ကို ထုပ်ယူတတ်ဖို့ အရေးကြီးတယ်သား။
ဒုတိယ သားစိုးရိမ်တဲ့ အရက်သောက်ပေမဲ့ နှမ်းစားရင်ရပါတယ်ဆိုတဲ့
သဘောဝင်သွားရင်၊ လူမိုက်အားပေးရာ ကြမှာ စိုးရိမ်နေတယ် မဟုတ်လားသား။
ဒါကတော့ သားရယ်၊ ကံယုံပြီး ဆူးပုံ မနင်းရဘူးဆိုတဲ့ မြန်မာစကားရှိတယ်လေ။
အရက်ကြိုက်တဲ့သူကတော့ သားဘာပြောပြော သူ့ဟာသူ အကြောင်းပြပြီး သောက်မှာကွ။
လူစုံလို့၊ ကလေးဆယ်တန်းအောင်လို့၊ ယောက်ခမသေလို့ဆိုပြီး သောက်မှာမို့
ဒါတွေကို စိတထဲမထားနဲ့။ စေတနာအဓိကပါကွာ။
နောက်ဆုံးတစ်ခုကတော့ တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံလို့
ချင့်ချိန်စားသုံးရမှာပေါ့။ ပြီးတော့ မမှားသော ရှေ့နေ၊ မသေသော
ဆေးသမားဆိုတာမရှိဆိုသလို ဆေးဆစ်မျိုး၊ အစားတစ်မျိုးကနေ ၉၆ပါးသော ရောဂါတွေ
ပျောက်နိုင်တယ်ဆိုတာ ဘယ်တော့မှမရှိဘူး။ ရောဂါခြင်းတူတာတောင်၊
ကိုယ်အခြေအနေနဲ့ သူ့အခြေမတူတာတွေ ရှိတယ်။ ဒါတွေကိုခြုံပြီး
စဉ်းစားဆင်ခြင်ဖို့က ဦးဏှောက်ရှိတယ်လေ။ ကိုယ်ကတော့
သတိပေးရုံကလွဲဘယ်တတ်နိုက်မှာတုံးကွ။ သားမေမေ သူ့အမျိုးတွေကို
စိတ်ဆိုးတဲ့အခါ ခဏခဏ ပြောတတ်တယ်မဟုတ်လား။ ဆန်စဉ်ရာ ကျဉ်ပွေ့
မလိုက်နိုင်တဲ့။
ဒါ့ကြောင့် သားက သားသိတာကို ပြောပြာပြီးပြီ။ သားပြောတာကို ယုံပြီး
ဆရာဝန်ကြီးတွေ၊ ဆရာမကြီးတွေ စကားကို နားထောင်စရာ မလိုဘူးလို့ မပြောသလို၊
နောက်ဆုံးအားကိုးရမှာက ကိုယ့်ကို ကုသပေးတဲ့ ဆရာဝန်ကြီးတွေဆိုတာ တစ်ဖွဖွ
ပြောခဲ့ပြီးပြီ။ ဒါကြောင့် သားတာဝန်ကျေပါပြီကွာ။ ကျန်တာကတော့ သူ့ကုသိုလ်၊
ကိုယ့်ကုသိုလ်။ သူ့ကံကိုယ့်ကံ၊ သူဥာဏ်ကိုယ့်ဥာဏ်ပေါ့ကွယ်”
“ဟုတ်ကဲ့ပါဖေဖေ။ သားနားလည်ပါပြီ”
သုခ(သား)
မိသားစုတွင်း တိုတိုထွာထွာ ကျမ်းမာရေး စီးရီး(နှမ်းနှင့် အသည်း)
Reviewed by timeayeyar
on
5:34 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment