ကျောင်း (သို့မဟုတ်) အမေ့ရင်ခွင်သစ် - ဆောင်းပါး
ပထမဆုံးကျောင်းတက်တဲ့နေ့
မုတ်သုံလာတော့မယ်။ လေသံမိုးသံပေးနေပြီ။ စကတည်းက ယဉ်သကိုဆိုတာလို။ လေပြင်းအတိုက်ကြမ်းလို့ အချို့ဒေသတွေမှာ အိမ်တွေပြို။ သစ်ပင်တွေလဲ။ ဓာတ်တိုင်တွေလဲ။ တကယ်တော့ ဒါဟာသဘာဝဘေးဒဏ်ကိုပြင်ကြ။ သတိနဲ့နေကြ။ မသိကျိုးကျွံမနေကြနဲ့လို့ သတိပေးနေသယောင်ပါပဲ။ အဲဒီမိုးသံလေသံတွေနဲ့အတူ ကျောင်းဝင်းရဲ့ဂိတ်ဝမှာ ကလေးငိုသံကိုလည်း ကြားလာရတယ်။ စင်စစ်ကလေးငိုသံတွေဟာလည်း သဘာဝဘေးဒဏ်လိုပဲ သတိပြုရပါမယ်။ အငိုတိတ်အောင် နည်းလမ်းရှာရမယ်။ ငိုသံတိတ်ပြီး ရယ်သံလွှမ်းမိုးနေတဲ့ ပတ်ဝန်းကျင်ကို မိဘဆရာတို့ ဖန်တီးကြရအောင်။
ကလေးတွေဟာ အမေ့လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ငိုနေကြတယ်။ ကျောင်းဝင်းအ၀မှ ဆရာမကအပြုံး၊ ပျူငှာစွာလှိုက်လှဲတဲ့ ကြိုဆိုသံ၊ ကြိုဆိုဟန်ပါတဲ့ အထိအတွေ့၊ အပွေ့အဖက်တို့ဟာ ကလေးတို့ရဲ့ စိုးရိမ်စိတ်တွေကို လျော့ကျစေတယ်။ ငိုသံကိုတိတ်ဆိတ်စေတယ်။
အမေ့ရင်ခွင်မှ ဆရာမရင်ခွင်၊ အမေ့လက်ကို ဆုပ်ကိုင်ထားရာမှ ဆရာမလက်ကို ပြောင်းဆုပ်ကိုင်လိုက်တာ၊ ညင်သာချောမွေ့ပြီး ဆရာမဟာ အမေလိုပဲလားလို့ ကလေးစိတ်ထဲ ခံစားသွားဖို့က ကျောင်းနေခြင်းရဲ့အစပဲ။ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ၊ မိနဲ့ဖလို့ အဆိုရှိတယ်။ မွေးကင်းစမှ ငါးနှစ်အရွယ်အထိ လက်ပွန်းတတီး၊ နိစ္စဓူဝအထိ တွေ့ဆက်ဆံလာရတဲ့အမေကို ရုတ်ခြည်းအမေနဲ့ ခွဲလိုက်ရတာဟာ ကလေးငယ်အတွက် နားမလည်နိုင်ဘူး။ မခံစားတတ်ဘူး။ စာတတ်ဖို့၊ ပညာတတ်ဖို့ ဆရာဝန်ကြီးဖြစ်ဖို့၊ စစ်ဗိုလ်ကြီးဖြစ်ဖို့လို့ ကျောင်းသွားရမယ်လို့ အမေကပြောတာပဲ။ စာတတ်တော့ ဘာလုပ်ရမလဲ။ ပညာတတ်ဆိုတာ ဘာမှန်းလဲမသိဘူး။ အမေက ချော့ပြောလိုက်။ အဖေကချော့ပြောလိုက်။ ဘာတွေပြောနေမှန်းလည်း မသိဘူး။
တစ်နေ့က အမေကဂါဝန်အသစ်၊ အင်္ကျီအသစ်တွေ ၀ယ်လာတယ်၊ အစိမ်းရောင်တွေ၊ အဖြူရောင်တွေ။ အဲဒါသမီးကျောင်းသွားတဲ့အခါဝတ်ဖို့တဲ့။ နောက်ပြီး ဗလာစာအုပ်တွေ၊ ခဲတံတွေ၊ ကျောပိုးအိတ်တွေ ၀ယ်လာပြန်ရော၊ ခဲတံထည့်တဲ့ဘူးလေးက Pooh ရုပ်ကလေး။ အရုပ်ကိုချစ်တာနဲ့ ကောက်ကိုင်ကြည့်လိုက်တယ်။ အဖေက Candy ဘူးသကြားလုံးတွေ၊ ချောကလက်တွေ ၀ယ်လာပေးတယ်။ ကလေးကို ကျောင်းတက်ဖို့ ၀ိုင်းပြင်ဆင်ပေးနေကြတယ်။
ဒီလိုနဲ့ ကျောင်းတက်ရမယ့်နေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။ အဖေ၊ အမေနှစ်ယောက်ကြားမှာ လက်တွဲရင်း ကျောင်းကိုလာကြတယ်။ လမ်းတစ်လျှောက်မှာ အဖေ့မျက်နှာကိုမော့ကြည့်လိုက်၊ အမေ့မျက်နှာကို မော့ကြည့်လိုက်၊ သက်ပြင်းလေးချလိုက်နဲ့ လျှောက်လာတယ်။
ကျောင်းခြံစည်းရိုးအနီးကို ရောက်ပြီ။ ကျောင်းဝမှာ လူတွေစုဝေးနေတယ်။ ကလေးအချို့ရဲ့ငိုသံကို ကြားနေရတယ်။ အချို့ကလေးက တရှုံ့ရှုံ့ငိုတယ်။ အချို့ကလေးက အသံပြဲကြီးနဲ့ အော်ဟစ်ငိုတယ်။ အချို့ကလေးက မဲ့ရွဲ့ပြီး ကြိတ်ငိုတယ်။ အချို့ကအမေ့ကို အတင်းအကျပ်ဖက်ထားတယ်။ အချို့က ဆရာမလက်ထဲရောက်မှ ပြန်ရုန်းထွက်နေတယ်။
အဲဒီမြင်ကွင်းကို မြင်နေရတဲ့သမီးက အမေ့မျက်နှာကို မော့ကြည့်ရင်းငိုမဲ့မဲ့ ဖြစ်လာတယ်။ အဖေ့လက်ကိုလည်း တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။ အဖေက သူ့သမီးကိုကြည့်ပြီး “သမီးဘာဖြစ်လဲ” “ဖေဖေအိမ်မပြန်နဲ့၊ သမီးကိုစောင့်နေ” အမေကပြောတယ်။ “သမီးအဖေက ရုံးသွားရမယ်လေ” “မသွားနဲ့” ခေါင်းကိုသွက်သွက်ခါအောင်ရမ်းရင်း ပြောတယ်။ “အေးပါ၊ သမီးရယ်။ အေးပါ။ အဖေအိမ်မပြန်ပါဘူး။ သမီးကိုစောင့်နေပါမယ်” ဒီတော့မှ သမီးမျက်နှာက စိုးရိမ်မှုတွေ နည်းနည်းလျော့သွားပုံရတယ်။
ဒီလိုနဲ့သမီးလည်း တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဆရာမခေါ်ရာနောက်ပါသွားတယ်။ သမီးရောက်သွားတဲ့ အခန်းထဲမှာတော့ အော်ငိုသူ၊ ကြိတ်ငိုသူ၊ ငိုမဲ့မဲ့။ မငိုဘဲတည်တည်ငြိမ်ငြိမ်ရှိသူ။ ကလေးအမျိုးမျိုးပဲ။ သမီးကခုံတန်းများရဲ့ အစွန်ပြတင်းပေါက်နဲ့နီးတဲ့ နေရာမှာဝင်ထိုင်လိုက်တယ်။ ပြီးအဖေ့ကို ရှာပါလေရော။
အဖေကလည်း သမီးအထာကို သိပြီးလေတော့၊ ခြံစည်းရိုးရဲ့အပြင်က သမီးမြင်နိုင်မယ့်နေရာမှာ ကိုယ်ယောင်ပြရပ်လိုက်တယ်။ အဖေ့ကိုမြင်တော့ သမီးမျက်နှာလေး ၀င်းပသွားတယ်။ ထိုနေ့အဖို့ တစိမ့်စိမ့်ရွာတဲ့ မိုးရေအောက်မှာ အဖေခြေသလုံးတောင့်အောင်ရပ်ရင်း သမီးမြင်သာမယ့်နေရာမှာ ရပ်နေခဲ့တယ်။ ဒီလိုနဲ့ကျောင်းစတက်တဲ့ ပထမဦးဆုံးနေ့ကို အောင်မြင်စွာ ဖြတ်သန်းလိုက်ပါတယ်။ ထိုနေ့က ၁၉၈၅ ခုနှစ် ဇွန်လ ၁ ရက်နေ့ဖြစ်တယ်။
ရင်ခွင်ပြောင်း
သမီးဟာ ဒုတိယနေ့ကျောင်းတက်မယ့်နေ့မှာလည်း တွန့်ဆုတ်နေသေးတယ်။ အမေက ချော့လိုက်။ အဖေကချော့လိုက်နဲ့ ကျောင်းကိုရောက်အောင် ပို့ရပြန်တယ်။ အဖေ့ခမျာလည်း သမီးမြင်နိုင်မယ့်နေရာမှာ အရိပ်ယောင်ပြရပြန်တယ်။ ဒီနေ့တော့အဖေ အိမ်မှာခဏပြန်နေလိုက်တယ်။ ကျောင်းလွှတ်ခါနီးမှ အဖေပြန်လာတယ်။ “ဖေဖေ၊ အခုနဖေဖေ ဘယ်သွားနေတာလဲ” “ဟိုရှူးရှူးသွားပေါက်တာပါ။ သမီးရ”
“ပြီးရော”
တတိယနေ့ကို ရောက်လာတယ်။ ဆရာမက ကလေးတွေနဲ့ဝိုင်းဖွဲ့ပြီး ကစားတယ်။ ကလေးတွေကို တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် သုံးယောက်တစ်ဖွဲ့ လေးယောက်တစ်ဖွဲ့ဝိုင်းဖွဲ့ပေးပြီး ကစားခိုင်းတယ်။ မုန့်စားချိန်မှာ ဆရာမက ကလေးတစ်ယောက်ချင်းစီကို မုန့်လိုက်ကျွေးတယ်။ ခေါင်းလေးပွတ်သပ်။ ပခုံးလေးတွေ သိုင်းဖက်။ မုန့်တွေခွံ့ကျွေး။
နောက်ရက်တွေမှာလည်း ဆရာမရဲ့လုပ်ဆောင်ချက်တွေက စိတ်ဝင်စားစရာ။ အရုပ်ကလေးတွေကို ရောင်စုံခြယ်ခိုင်းတယ် ဆရာမနဲ့ တူတူပုန်းတမ်းကစားရတယ်။ နေ့လယ်ကျတော့ ကလေးလေးတွေခေါင်းကို ယုယုယယ ပွတ်သပ်ပြီးရင်း သီချင်းဆိုကြတယ်။ အဆိုကျော်မဟုတ်ပေမယ့် ကရုဏာအသံ အပြည့်ပါတဲ့အသံနဲ့ ချစ်မြတ်နိုးစရာ သီချင်းတွေကို ဆိုပြတာ။
ပုံပြောပြတော့လည်း ဆရာမက ရုပ်ရှင်မင်းသမီးတစ်ယောက်လို အမူအရာအစုံကို တစ်ယောက်တည်း လုပ်ပြခဲ့တယ်။ ကျားကြီးအကြောင်းပြောတော့ ဆရာမက ကျားလိုကြောက်စရာကောင်းအောင် မာန်ဖီပြတယ်။ ယုန်အကြောင်းပြောတော့လည်း ဆရာမက အလွန်သိမ်မွေ့ပြီး နူးညံ့နေပြန်ရော။ တတ်လည်းတတ်နိုင်တဲ့ ဆရာမပါ။ ဆရာမဟာ သူမပြောပြနေတဲ့ ပုံပြင်ထဲက ဇာတ်ရုပ်အတိုင်း မျက်နှာအသွင်အပြင်ရော၊ အသံနေအသံထားရော၊ ဟန်ပန်အမူအရာရော Mood အပြည့်နဲ့ သရုပ်ဆောင်သင်ပြနေတာကို အံ့သြစွာတွေ့လိုက်ရပါတယ်။
တကယ်တော့ အမေ့ရင်ခွင်က ပြောင်းလာတဲ့ ကလေးတွေဟာဆရာမရဲ့ ရင်ခွင်သစ်ကို အမေ့ရင်ခွင်လို ခံစားလာအောင် စည်းရုံးပေးနိုင်တာ ဆရာမရဲ့စွမ်းရည်ပါ။ မေတ္တာတရားပါ။ စိတ်စေတနာပါ။ ကလေးတွေကို ချစ်တတ်တဲ့စိတ်အရင်းခံပါ။ ဒါ့ကြောင့် ဆရာအလုပ်ဟာ နာသုံးနာရှိမှ ဆရာဖြစ်နိုင်တယ်လို့ စာဆိုစကားရှိထားတာ ဖြစ်ပါတယ်။ အဲဒါတွေက စေတနာ၊ ၀ါသနာ၊ အနစ်နာတို့ဖြစ်ပါတယ်။
အမေဆိုတာ သားသမီးတစ်ယောက်အတွက် သီးသီးသန့်သန့် သတ်မှတ်ထားတာပါ။ ဆရာမဆိုတာက သားတွေ၊ သမီးတွေ အများစုရဲ့ရင်ခွင်ကို ကျယ်ကျယ်ဖွင့်ထားရတဲ့ အမေပါ။ အမေက သူ့သားနေမကောင်းလို့ ကျောင်းမလွှတ်ဘဲ စိတ်ပူပန်စွာပြုစုနေချိန်မှာ ဆရာမက သူ့စာသင်ခန်းထဲကို ရောက်မလာတဲ့ကလေးတွေ အားလုံးအတွက် စိတ်ပူပန်ရင်း လစ်ဟာနေတဲ့ ထိုင်ခုံကိုတွေးကြည့်ရင်း ရင်မောနေရတာ။ ကလေးဘာဖြစ်နေပါလိမ့်။
အမေက သူ့သားအနာတရဖြစ်လို့ ဆေးထည့်ပတ်တီးစည်းပေးနေချိန်မှာ ဆရာမက သူ့ကလေးတွေ ထိခိုက်အနာတရဖြစ်လာရင် ဆေးထည့်၊ ပတ်တီးစည်းပေးဖို့ သူနာပြုသေတ္တာကို ကြိုဝယ်ထားခဲ့တယ်။ ၀ဲပေါက်နေတဲ့ ကောင်မလေးကို မရွံမရှာရေဆေး၊ ဆပ်ပြာနဲ့ ဆေးကြောသန့်ရှင်းအောင်လုပ်ပြီး ဆေးထည့်ပေးခဲ့တယ်။
ကျောင်းလွှတ်လို့ အမေအဖေ လာမကြိုဘဲ ယောင်ချာချာ ကျန်နေခဲ့တဲ့ကလေးနဲ့အတူ အိမ်ပြန်နောက်ကျခဲ့တာ ဆရာမအတွက်များလှပြီ။ တစ်တန်းလုံးမှာရှိတဲ့ ကလေးတစ်ဦးချင်းစီတိုင်းဟာ ဆရာရဲ့သားတွေသမီးတွေ ဖြစ်နေတာကို ဆရာမက သူ့ကိုယ်သူ သတိမထားမိခဲ့ဘူး။ ဒါပေမဲ့ ကလေးတစ်ဦးချင်းစီပေါ် ချစ်နေတာ။ စိုးရိမ်နေတတ်တာ။ ဂရုစိုက်နေမိတာဟာ မိဘနဲ့မခြားပါဘူး။
ခုတော့ကျောင်းတက်ဖို့ စိုးရိမ်နေတဲ့ ကလေးတွေ၊ ကျောင်းကိုမပျော်တဲ့ ကလေးတွေ၊ မနက်မိုးလင်းတာနဲ့ ကျောင်းသွားဖို့ အသင့်ပြင်ဆင်နေကြပြီ။ ကျောင်းမသွားဘူးလို့ ငြင်းဆန်သံမကြားရတော့ဘူး။ ငိုသံမကြားရတော့ဘူး။ ကျောင်းကို ပျော်ပျော်ရွှင်ရွှင်သွားဖို့ ရယ်ရယ်မောမော ဖြစ်နေကြပြီ။ ကျောင်းနေပျော်ဖို့ ဆရာမရဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ စေတနာပြည့်နေရမှာ ဖြစ်ပါတယ်။
အမေလိုဆရာမတွေ လိုနေပြီ
စင်စစ်ပညာသင်ကြားရေးဟာ လူ့သမိုင်းမှာ ယဉ်ကျေးမှုနဲ့အတူ ပေါ်ပေါက်လာတယ်။ ပညာသင်ကြားရေး ပေါ်ပေါက်လာတဲ့အတွက် သင်ကြားသူ (ဆရာမ) နဲ့အသင်ကြားခံရသူ (တပည့်) တို့ဟာလည်း ပေါ်ပေါက်လာတယ်။ ပညာသင်ကြားရေး၊ သင်ယူရေးဖြစ်စဉ်မှာ သင်ရိုးညွှန်းတမ်းတွေ၊ ပြဋ္ဌာန်းစာအုပ်တွေ၊ သင်ကြားနည်းစနစ်တွေ၊ စာမေးပွဲစနစ်တွေ မပေါ်ပေါက်မီကတည်းက ဆရာနဲ့တပည့် ဆက်ဆံရေးက ဦးစွာစတင်ဖြစ်ထွန်းလာတာဖြစ်တယ်။
ဆရာနဲ့တပည့်ရဲ့ ဆက်ဆံရေးရဲ့ အဓိက,ကတော့ မေတ္တာပဲ။ ဆရာကတပည့်ကိုထားတဲ့မေတ္တာ။ ဆရာကိုတပည့်က ပြန်လည်ထားရှိတဲ့မေတ္တာ။ ဒီမေတ္တာဟာ သင်ကြားသင်ယူမှု အောင်မြင်ရေးရဲ့ အဓိကသော့ချက်ပဲ။
ဆရာကတပည့်ကို တတ်မြောက်စေလိုသော၊ အောင်မြင်စေလိုသော၊ ထူးချွန်ပေါက်မြောက်စေလိုသော မေတ္တာအရင်းခံရှိကြရင် မည်သည့်သင်ရိုးညွန်းတမ်းကိုမဆိုအောင် မြင်ပေါက်မြောက် သင်ကြားပေးနိုင်တယ်။ (ခေတ်သစ်ယဉ်ကျေးမှုကာလအရ သင်ရိုးညွှန်းတမ်း၊ သင်နည်းစနစ်၊ စာမေးပွဲစနစ်ကို အရေးမကြီးလို့ ဒီဆောင်းပါးက မဆိုလိုပါ။)
ဒါကြောင့်ကျောင်းကို မေတ္တာတရားနားလည်တဲ့၊ ကလေးကိုချစ်တယ်တဲ့၊ စိတ်ရှည်သည်းခံနားလည်မှုရှိတဲ့ ဆရာမနဲ့ ဖွဲ့စည်းထားရပါမယ်။ အမေမဟုတ်သော်လည်း ကလေးများကို အမေလိုချစ်တတ်တဲ့ ဆရာမများပေါ်ထွန်းလာဖို့ လိုအပ်နေပါတယ်။ သက်ရှိ (ကလေး) များကိုကိုင်တွယ်နေရတဲ့ သက်ရှိ (ဆရာမ) တွေရဲ့စိတ်နေသဘောထားဟာ စက်ရုံဝန်ထမ်းတစ်ယောက်က သက်မဲ့ပစ္စည်းတွေကို ကိုင်တွယ်ဆက်ဆံသလို သဘောထားလို့မရပါဘူး။ သက်မဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး တစ်နေရာမှာ စုပုံထားလို့ရနိုင်တယ်။ ဒါပေမဲ့ သက်ရှိလူသားကလေးငယ်တွေကို ထုပ်ပိုးထားလို့ မရနိုင်ဘူး။ ချောင်မှာ စုပုံထားလို့မရနိုင်ဘူး။ ဒါဟာအခြားဝန်ထမ်းနဲ့ သင်ကြားရေးဝန်ထမ်း (ဆရာ/ဆရာမ) တို့ရဲ့မတူညီတဲ့အချက်ဖြစ်တယ်။
ဒါကြောင့်ပညာရေးမှာ တာဝန်ထမ်းဆောင်မယ့် ဆရာ၊ ဆရာမတွေဟာ မိဘနဲ့မခြားတဲ့ မေတ္တာတရားတွေပွားများနိုင်ဖို့ မလွဲမသွေလိုအပ်ပါတယ်။ အထူးသဖြင့် ကျောင်းနေစကလေးငယ်တွေကို တာဝန်ယူသင်ကြားမယ့် ဆရာမတွေဟာ မိဘရင်ခွင်နဲ့မခြားတဲ့ ပြုစုယုယမှုတွေ ပေးစွမ်းနိုင်ရပါမယ်။ သူငယ်တန်းကို အရေးကြီးတယ်လို့ သိမြင်ကြဖို့ ပညာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိဘများကို အသိပေးလိုပါတယ်။ ကလေးသူငယ်အရွယ် (Early Childhood) ဟာအလွန်ထိလွယ်ရှလွယ် အရွယ်ဖြစ်တာကြောင့် ပညာရေးဌာနအနေနဲ့ ဂရုတစိုက် အာရုံစိုက်ရပါမယ်။ ဆရာ၊ ဆရာမခန့်ထား တာဝန်ပေးရမှာလည်း အလေးအနက်ထားရပါမယ်။
မိဘရင်ခွင်မှ ပြောင်းရွှေ့လာရတဲ့ သနားစဖွယ်၊ ချစ်စဖွယ်ကလေးငယ်တွေကို အမေလိုစိတ်ထားရှိသော ဆရာမများ ရင်ခွင်သစ်များမှ ကြိုဆိုလိုက်ကြရအောင်။ တာဝန်ကို နှလုံးသားနဲ့ ပေါင်းစပ်သင်ကြားပေးနိုင်မည့် မိဘရင်ခွင်ကဲ့သို့မခြား ချစ်တတ်သောဆရာမနှင့် ပြည့်စုံသော ကျောင်းများပေါ်ထွန်းပါစေကြောင်း။
မောင်တင်ဦး (မြောင်းမြ)
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment