Latest News

Thursday, June 29, 2017

ကိုလဝီဝမ်ကို ခုခံကာကွယ်ခြင်း


ကိုလဝီဝမ်ကို ခုခံကာကွယ်ခြင်း

ဧရာဝတီ သတင်းဌာန၏ ရုံးခန်းတွင် ကိုလဝီဝမ်သည် မြန်မာနိုင်ငံ၏ ဝေးကွာသောဒေသများသို့ သွားရောက် သတင်းရယူသည့် ခရီးစဉ်များမှ ပြန်ရောက်တိုင်း ဒေသအစားအစာများနှင့် အဖျော် ယမကာများကို လုပ်ဖေါ်ကိုင်ဖက်များအား ရက်ရက်ရောရော မျှဝေရန် ယူဆောင်လာခဲ့သည်မှာ အထူးအဆန်းမဟုတ်ပေ။

ထိုထက်ပိုမိုအရေးပါသည်မှာ သူသည် မြေပြင်တွင် လတ်တလောဖြစ်ပျက်နေသည့် သတင်းများကို ပြုံးပြံးရွင်ရွင် အကောင်းမြင်သဘောထားနှင့် ဟာသနှောကာ ရန်ကုန်ရှိ သတင်းစားပွဲ ဝိုင်းသို့ ပို့ဆောင် ပေးခြင်းဖြစ်သည်။

ပြီးခဲ့သည့် တနင်္လာနေ့ကမူ သူနှင့် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)မှ သတင်းထောက်နှစ်ယောက်တို့ သည် တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် – TNLA ထိန်းချုပ်နယ်မြေမှ မူးယစ်ဆေး ဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနား သတင်းရယူပြီး အပြန် ရှမ်းပြည်မြောက်ပိုင်း၌ မြန်မာစစ်တပ်၏ ဖမ်း ဆီးခြင်းခံရသည်။

သူ့ကို မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို ၃ ရက်နီးပါးကြာသည့် တိုင် မိမိတို့မသိရ ဘဲ ဗုဒ္ဓဟူးနေ့ နေ့လယ်ရောက်မှ သူတို့ သီပေါထောင်သို့ ရောက်နေပြီး မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့်တရားစွဲဆိုခံရကြောင်းသိကြရသည်။

ဒေသအလိုက် မူးယစ်ဆေးဝါးပပျောက်ရေး လှုပ်ရှားမှုများကို လေ့လာရန် ရည်ရွယ်သော ရှမ်းပြည် မြောက်ပိုင်းခရီးစဉ်ကို မိမိတို့ ခွင့်ပြုချက်ပေးခဲ့သည်။ ကိုလဝီဝမ်သည် မြန်မာစစ်တပ်နှင့် ဒေသခံ ပြည်သူ့စစ်များကို လူ့အခွင့်အရေးချိုးဖောက်မှုဖြင့် စွပ်စွဲထားသော ဒေသတွင်းမှ ပလောင် (တအောင်းန်) ကျေးရွာသားများ အကြောင်းကိုလည်း သတင်းရယူလိုခဲ့သည်။

သူစုံစမ်းနေသော သတင်များအနက် တခုမှာ ၂၀၁၅ ခုနှစ် ဇွန်လက ကွတ်ခိုင်မြို့နယ်တွင်ဖြစ်ပွားသော ရွာသားများကိုရိုက်နှက်မှုဖြစ်သည်။ ထိုရိုက်နှက်ညှင်းပမ်းနှိပ်စက်မှု ဗီဒီယိုသည်လည်း မကြာသေးမီက လူမှုကွန်ယက်တွင်ပျံ့နှံ့သွားခဲ့သည်။

ကိုလဝီနှင့် အခြားသတင်းထောက်များ စခန်းချနေသောနေရာမှ မိုင်အနည်းငယ်ဝေးသော မန်းလန် ဒေသတွင်လည်း မြန်မာစစ်တပ်နှင့် တအောင်းန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများသည် လွန်ခဲ့သောအပတ်မှ စ၍ ဖြစ်ပေါ်နေသည်။

ထိုအချိန်မှာပင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဒေသခံရွာသား ရာပေါင်းများစွာကို မြန်မာစစ်တပ်၏ ကြီးကြပ်မှုဖြင့် ဘုန်ုကြီးကျောင်းတခုတွင် ထားရှိသည်မှာ ရက်အတန်ကြာပြီဟု BBC သတင်းဌာန (မြန်မာပိုင်း) ကသတင်းဖေါ်ပြသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကျေးရွာသားများ စစ်ဘေးရှောင်နေကြရပြီး အခွင့်အရေးချိုး ဖောက်ခံရသည်ဟူသောစွပ်စွဲချက်များလည်း ထွက်ပေါ်လာ နေသည်။

ကိုလဝီဝမ်သည် ထိုနေရာများသို့မသွာရောက်နိုင်ခဲ့။ တိုက်ပွဲသတင်းများ ကြားနေရပြီး ထိုဒေသတွင် ခရီးသွားရန် မလုံခြုံကြောင်း ကြားနေရသည်။

မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲ အပြီးတွင် ကိုလဝီဝမ်နှင့် အခြားသတင်းထောက်များပြန်လည် ထွက်ခွာ လာခဲ့သည်။ ယခုအချိန်တွင်မူ ကိုလဝီဝမ် သည်ကွတ်ခိုင်သို့ဦးတည်နေသော်လည်း သူသွားလိုရာသို့ မရောက်နိုင်တော့ချေ။ သူနှင့်အခြားသတင်းထောက်များကို စစ်တပ်က မည်သည့် အရပ်သို့ ခေါ်ဆောင် ဖမ်းဆီးထားသည်ကိုလည်း သူမသိရပေ။

သူတို့ကို ကောင်းမွန်စွာထားသည်ဟု ဆိုသော်လည်း TNLA နှင့်တရားမဝင်ဆက်သွယ်ခြင်းကြောင့် ကိုလိုနီခေတ် ဥပဒေဖြင့် တရားစွဲဆိုထားသည်ဟု မိမိတို့သိရသည်။

အာဏာပိုင်များက ဆက်သွယ်မှုမရှိခြင်း သို့မဟုတ် မိမိတို့သတင်းထောက်များ၏ လုံခြုံရေးကို အာမခံ မှုမရှိခြင်းကို တွေ့ရသဖြင့် စိတ်ပျက်စရာကောင်းလှသလို လုံခြုံရေးတပ်ဖွဲ့များက မည်သည့် ပြစ်မှုမျှ ကျူးလွန်ခြင်းမရှိသောသတင်းထောက်များကို နှုတ်ပိတ်ဒဏ်ခတ်ရန် ခေတ်မမီတော့သော ဥပဒေကို အသုံးပြုသည်မှာလည်း ကျိုးကြောင်းဆီလျှော်မှုမရှိပေ။

မြန်မာသတင်းမီဒီယာ ဥပဒေအရ သတင်းထောက်များသည် ပဋိပက္ခဒေသများတွင် သတင်းယူခွင့်ရှိ သဖြင့် ယခုဖမ်းဆီးမှုမှာ ဥပဒေနှင့် မညီသော ဖမ်းဆီးချုပ်နှောင်မှု အဖြစ်သတ်မှတ်ရမည်ဖြစ်သည်။


ကိုလဝီဝမ်သည် လူချစ်လူခင်များသော မွန်တိုင်းရင်းသား ဝါရင့် သတင်းထောက်ဖြစ်သည် (ဓာတ်ပုံ – ဟိန်းထက်/ဧရာဝတီ)
ကိုလဝီဝမ် နှင့် ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းထောက်များကိုဖမ်းဆီးခြင်း၊ မကြာသေးမီက အယ်ဒီတာများကို အမည်ဆိုးဖြင့် ကျော်ကြားလှသော ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ထောင်ချခြင်း နှင့် တက်ကြွလှုပ်ရှားသူ သတင်းသမား ကိုပါကြီး သေဆုံးရခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် သတင်း သမားများအတွက် မလုံခြုံသောနေရာဖြစ်ကြောင်းပြသနေသည်။

လတ်တလော ဖြစ်ရပ်များသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က တိုင်းပြည်ကို ထိန်းချုပ်ထားသည့်ခေတ် ပြန်လည် မြင်ယောင်စေသည်ဟု အချို့သော လုပ်ဖေါ်ကိုင်ဘက်များ ကပြောကြသည်။

ထိုစဉ်က စစ်အစိုးရအတွက် ခြိမ်းခြောက်မှုဟုထင်လျှင် ထောက်လှမ်းရေး ယန္တရားက ပြည်သူလူထုကို လွတ်လွတ်လပ်လပ် ထောင်သွင်းအကျဉ်းချထားသည်။

စိုးရွံ့ထိတ်လန့်စရာ အခြေအနေများ ပြန်လည်ပေါ်လာခြင်းသည် စိတ်ပျက်စရာကောင်းလှပြီး အထူး သဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရပြီး ကာလတွင် ပိုမိုစိတ်ပျက်စရာဖြစ်သည်။

ရွေးကောက်ပွဲနေ့က ကိုလဝီဝမ်၏ အကောင်း မြင်မှုများကို မိမိ သတိမရဘဲ မနေနိုင်တော့ပေ။ တနေ့ ဤအစိုးရခေတ်တွင် သူသည် ထောင်သွင်းချခံရလိမ့်မည်ဟု သူတွေးမိမည်မဟုတ်ပေ။

မိမိတို့ကဲ့သို့ ပြည်ပရောက် သတင်းထောက် တခါကဖြစ်ခဲ့ဖူးသော ကိုလဝီဝမ်သည် နိုင်ငံတွင်းမှ အထူး သဖြင့် တိုင်းရင်းသားဒေသများမှ သတင်းများရယူရန် မိခင်နိုင်ငံသို့ အကြီးအကျယ် စွန့်စားသွားရောက် ခဲ့ဖူးသည်။

အလှူရှင်နိုင်ငံများနှင့်သံတမန်များသည် ဦးသိန်းစိန်ခေါင်းဆောင်သည့် ယခင်အရပ်သားတပိုင်း အစိုးရ ခေတ်တွင် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို ကြိုဆိုရန် စိတ်အားထက်သန်ကြပြီး ဧရာဝတီ သတင်းဌာနနှင့် အခြားအဝေးရောက်မီဒီယာများ ရန်ကုန်သို့ပြန်ကာ ရုံးခန်းများဖွင့်ကြရန် အားပေးကြ သည်။

မြန်မာပြည်သည် ကျနော်တို့ရဲ့ အိမ်ဖြစ်သည့်အတွက် အမိမြေသို့ ပြန်ခဲ့ကြသော်လည်း သတိလက် လွတ်နေခဲ့ခြင်းတော့ မဟုတ်ပေ။

ယခုမိမိတို့၏ ဝါရင့်သတင်းထောက်မှာ အဖမ်းခံထားရပြီး လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အစိုးရများ သည် ဤပကတိ အခြေအနေနှင့် ရင်ဆိုင်ရန် လိုအပ်သည်ဟု မိမိတို့ခံစားနေရသည်။

ကိုလဝီဝမ်ကို ပြန်လွတ်ပေးရန် တောင်းဆိုမှု အရှိန်အဟုန် မြင့်မားလာနေသည်။

မိမိတို့ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသောကြောင့် ကျေနပ်ဝမ်းသာခဲ့ကြသော အဖွဲ့အစည်းများ အနေဖြင့် လက်ရှိအခြေအနေကို ထင်ဟပ်သိမြင်ဖို့လိုသည်။ လူပုဂ္ဂိုလ်များသည်လည်း ကိုလဝီဝမ် ချက်ခြင်း လွတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်နိုင်ရန် မနားမနေ ဆောင်ရွက်မည်ဟု မိမိတို့ မျှော်လင့်နေမိသည်။

ဤဖမ်းဆီးချုပ်နှောင်မှုသည် မည်မျှပင် တရားမျှတမှုကင်းမဲ့စေကာမူ သူု၏ စိတ်ဓာတ်နှင့် သတင်းငတ် မွတ်မှုကို ပိုမိုကြံ့ခိုင်စေမည်ဟု မိမိတို့မျှော်လင့်သည်။ မဖေါ်ထုတ်ရသေးသော သတင်းများစွာက သူ့ကို စောင့်ကြိုနေကြသည်။

အောင်ဇော်/ဧရာဝတီ


No comments:

Post a Comment