ဖိလစ်ပိုင်တောင်ပိုင်းမြို့မှ စစ်မြေပြင်သို့ အမေရိကန်တပ်ဖွဲ့ဝင်များ ရောက်ရှိ
ဖိလစ်ပိုင်တောင်ပိုင်းရှိ မာရာဝီမြို့ထဲမှ အစ္စလာမ္မစ်စစ်သွေးကြွများနှင့် တိုက်ပွဲဖြစ်ပွားနေသော ဖိလစ်ပိုင်စစ်သားများကို ကူညီရန် အမေရိကန်တပ်ဖွဲ့ဝင်များ စစ်မြေပြင်သို့ ရောက်နေသည်ဟု ဖိလစ်ပိုင်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ အရေအတွက် အနည်းငယ်ရှိသော အမေရိကန်စစ်သားများသည် အရေးပါသော ထောက်လှမ်းရေး အကူအညီများကို ပေးနေကြကြောင်း၊ ၎င်းတို့သည် တိုက်ခိုက်ရေးကဏ္ဍမှ ပါဝင်နေခြင်းမဟုတ်သော်လည်း တိုက်ခိုက်ခံလာရပါက စစ်သွေးကြွများကို ပြန်လည်ပစ်ခတ်ခွင့်ရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ တပ်ခွဲမှူး ရက်စတီကျူတိုပတ်ဒီလာက ပြောကြားခဲ့သည်။
“စစ်သေနာပတိတစ်ဦးအတွက် စစ်ပွဲတစ်ပွဲမှာ အရေးကြီးဆုံးက ဘာတွေဖြစ်နေသလဲဆိုတာ ခွဲခြားသိမြင်နိုင်ဖို့ပါပဲ” ဟု ပတ်ဒီလာက ပြောကြားခဲ့ပြီး မောင်းသူမဲ့လေယာဉ် ကင်မရာ ရိုက်ကူးမှုထဲတွင်တွေ့ရသော ပစ်ကပ်ထရပ်ကားတစ်စီးပေါ်မှ အရပ်ဝတ်အမျိုးသားများသည် အမေရိကန်စစ်သားများ ဖြစ်ကြသည်ဟု အတည်ပြုခဲ့သည်။
IS အဖွဲ့ကို သစ္စာခံထားသော စစ်သွေးကြွများနှင့် ဖိလစ်ပိုင်စစ်တပ်တို့၏ တိုက်ပွဲမှာ သီတင်းသုံးပတ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ ယင်းဖြစ်စဉ်အတွင်း သေနတ်သမား ၂၀၂ ဦး၊ စစ်သား ၅၈ ဦး၊ အရပ်သား ၂၆ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ အမေရိကန်တပ်ဖွဲ့ဝင်များသည် ဖိလစ်ပိုင်စစ်သားများကို အကြမ်းဖက်မှု နှိမ်နင်းရေးသင်တန်းများပေးရန်၊ ထောက်လှမ်းရေးသတင်းများ ပံ့ပိုးရန်အတွက် ဖိလစ်ပိုင်တောင်ပိုင်းတွင် ၂၀၀၂ ခုနှစ်ကတည်းက အလှည့်ကျကာလတို တပ်ဖြန့်မှုများကို လုပ်ဆောင်ခဲ့သည်။ နိုင်ငံတောင်ပိုင်း၌တစ်ကြိမ် တပ်ဖြန့်မှုတွင် အမေရိကန်စစ်သား ၆၀၀ ကျော် ပါဝင်လေ့ရှိပြီး ထိုပမာဏသည် ၂၀၁၄ ခုနှစ်မှစ၍ လျော့ကျသွားခဲ့သည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment