Latest News

Monday, June 26, 2017

ကျူးကျော်နေထိုင်သူများအတွက် အမှိုက်သိမ်း ၀န်ဆောင်မှုရရန် လိုအပ်လျက်ရှိ

ကျူးကျော်နေထိုင်သူများအတွက် အမှိုက်သိမ်း ၀န်ဆောင်မှုရရန် လိုအပ်လျက်ရှိ

လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်ဝန်းရှိ မေခလမ်းနှင့် မင်းကြီး မဟာမဲခေါင်လမ်းရှိ ကျုးကျော်နေထိုင်သူများအတွက် အမှိုက်သိမ်းစနစ် ၀န်ဆောင်မှု ရရှိရန် လိုနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနကို ဇွန်လ၂၈ ရက်တွင် ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

``ဌာနက တာဝန်ရှိသူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး လာဆွေးနွေးဖို့ ပြောထားတာလည်း ရှိပါတယ်။ အခု ကျွန်တော်တို့ဘက်က အမှိုက်ပစ်ဖို့ နေရာနဲ့ တကယ်ဝေးကွာတဲ့ အကွာအဝေးတွေကို Google Map နဲ့ တွက်ချက်နေပါတယ်။ ဒါတွေကိုလည်း တင်ပြသွားမှာပါ``ဟု အမှိုက်ဝန်ဆောင်မှုကို ဦးဆောင်တောင်းဆိုနေသည့် ဗေဒါ လူမှု ဖွံ့ဖြိုးရေးအဖွဲ့မှ အစီအစဉ် ညှိနှိုင်းရေးမှူး ကိုဆောကဲဇာက အကုန်သိသတင်းဌာနကို ပြောသည်။

အဆိုပါ ရွှေသံလွင်ဝန်း အနီးတွင် ကျူးကျော်နေထိုင်ကြသူများ အနေဖြင့် စနစ်တကျ အမှိုက်စွန့်ပစ်ခွင့် ရရန် ၂၀၁၆ ခုနှစ်တွင်းက ငါး ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်တောင်းဆိုထားသော်လည်း တိကျသည့် အဖြေကို ရရှိခြင်း မရှိသေးကြောင်း ကျူးကျော်နေထိုင်သူများက ပြောသည်။

``အခုက တစ်နေရာရာ အမှိုက်စုပုံ၊ ပုံထားတဲ့ နေရာက ပြန်ပွရင် နေရာ ပြန်ရွှေ့ ဖြစ်နေတယ်။ စွန့်ပစ်စရာ နေရာမရှိဘူး။ အမှိုက်ကို စနစ်တကျစွန့်ပစ်ဖို့အတွက် မြို့နယ်စည်ပင် ရုံးကော၊ လွှတ်တော်ရုံးကော သွားတောင်းခံပေမယ့် တစ်ခါမှ အဆင်မပြေခဲ့ဘူး``ဟု ကျူးကျော်နေထိုင်သူ ဦးသိန်းလွင်က ပြောသည်။

ယခုအခါ အမှိုက်ဝန်ဆောင်မှု စနစ်မရရှိသည့်အတွက် မင်းကြီးမဟာ မဲခေါင်လမ်း၊ မေခလမ်း၊ ဗိုလ်အောင်ကျော်လမ်းများတွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၄၀၀ နီးပါး ရှိနေပြီး နေထိုင်သူတို့မှာ အမှိုက်စွန့်ပစ်ရန် အခက်အခဲများ ရှိနေကြာင်း သိရသည်။

``တစ်ခြားသူတွေလို့ပဲ လစဉ်အခွန်အခနဲ့ ကောက်တာဆို တတ်နိုင်တယ်။ မဟုတ်ဘဲ တစ်လတစ်ခါ ကားခေါ်တာတို့၊ လက်တွန်းလှည်းခေါ်တာမျိုးကျ မလုပ်နိုင်ဘူး။ တန်းတူလေးပဲ
ဖြစ်စေချင်တယ်``ဟု ကိုဆောကဲဇာက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သတ်မှတ်ထားသည့် အမှိုက်သိမ်းဆည်ရန် ခေါ်ယူနိုင်သည့် ၀န်ဆောင်ခမှာ ၄င်းတို့အတွက် ပေးဆောင်ရန်လည်း မလွယ်ကူကြောင်း နေထိုင်သူများက ပြောသည်။

``သတ်မှတ်တဲ့ အခကြေးငွေနဲ့တော့ အမှိုက်သိမ်း စနစ်ကို ဆောင်ရွက်နေပါတယ်။ ဒီတော့ ထပ်ပြီးဆွေးနွေးဖို့ တော့ ခေါ်ယူထားပါတယ်``ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ထုတ်ပြန်မှုအရ လူတစ်ဦးလျှင် နေ့စဉ်အမှိုက် သုည ဒသမ၃၉၄ ကီလိုဂရမ် ထွက်ရှိနေပြီး အိမ်ထောင်စုတစ်စုလျှင် ပျှမ်းမျှ လူဦးရေ (၇)ဦး ရှိပါက တစ်နှစ်အတွက် အမှိုက်တန်ချိန် (၁)တန်ထွက်ရှိကြောင်း သိရသည်။

AKonThi

No comments:

Post a Comment