Latest News

Friday, June 9, 2017

အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဥာဏိဿရ အား သီတဂူအဘိဓဇမဟာရဋ္ဌဂုရု ပူဇာကျင်းပ

အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဥာဏိဿရ အား သီတဂူအဘိဓဇမဟာရဋ္ဌဂုရု ပူဇာကျင်းပ


ရန်ကုန် - ဇွန် ၉
ရီရီမြင့် ၊ ဥမ္မာသန့်

အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ် ရရှိတော်မူသော သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဥာဏိဿရ အားသီတဂူအဘိဓဇမဟာရဋ္ဌဂုရု ပူဇာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပင်လုံလမ်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်  သန္နိပါတခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ လှိုင်မဟာစည်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရ ထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်) ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တအင်္ဂီသ က သြ၀ါဒကထာ မိန့်ကြားတော်မူသည်။

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် “ပဂ္ဂဏှေပဂ္ဂ ဟာရဟံ = ချီးမြှောက်ရန် ထိုက်တန်သူကို ချီးမြှောက်ရမည်”ဟူသော ကျမ်းဂန်ဒေသနာ တော်နှင့် အညီ ဗုဒ္ဓမြတ်စွာ သာသနာတော်အကျိုးကို သယ်ပိုး ရွက်ဆောင်ခြင်းဟူသော သာသနဟိတာဝဟဂုဏ်၊ စာပေကျမ်းဂန်များကို သင်ကြား ပို့ချခြင်းဟူသော ဂန္ထဓုရာ ၀ဟဂုဏ်၊သမထ၀ိပဿနာ ဘာဝနာတရားများ ပွားများအားထုတ်ခြင်းဟူသော ၀ိပဿနာဓုရာဝဟဂုဏ်၊ ဒါယကာ ဒါယိကာမတို့အား ယဉ်ကျေး လိမ္မာစေလျက် သာသနာစစ် သာသနာမှန်ကို သိနိုင်ကြစေရန် မေတ္တာကရုဏာ ရှေ့ထားကာ ဒေသနာအ၀၀ သြ၀ါဒအဖြာဖြာကို ဟောဖော်ညွှန်ပြ ဆိုဆုံးမခြင်းဖြင့် သာသနာပြုတော် မူသော ဓမ္မာနုဂ္ဂဟဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူသည့် အတွက် သီတဂူ ဆရာတော် ကြီးအား “အဘိဓဇမဟာရဋ္ဌဂုရု”ကို ဆက်ကပ်ခဲ့ခြင်းဖြစ်ပါကြောင်း လျှောက်ထား တင်ပြ သည်။

ဆက်လက်၍ သီတဂူဆရာတော်၏ ထေရုပ္ပတ္တိကထာကို သီတဂူ-ကေတုမတီ ဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် အရှင်တိက္ခသာရ က လည်းကောင်း၊ စစ်ကိုင်းတောင်ရိုး သဒ္ဓမ္မဝေဒဂူကျောင်းတိုက် နာယကဆရာတော် သာမဏေကျော်၊ သကျသီဟ ဓမ္မာစရိယ၊ သာသနာဓဇဓမ္မာစရိယ သီတဂူအရှင်ဒေ၀ိန္ဒာ လင်္ကာရာဘိဝံသ က သီတဂူ ဂုဏပူဇာ ဂါထာတော်ဖြင့် လည်းကောင်း အသီးသီး လျှောက်ထား ပူဇော်ကြသည်။

ယင်းနောက် အခမ်းအနားမှူး ပထမကျော် ဦးစံသင်းလှိုင် က ဂုဏာဘိတ္ထ၀ မဟာထေရပူဇာ ဂါထာတော်များဖြင့် လည်းကောင်း၊ နိုင်ငံကျော်အဆိုတော် ဒေါ်ရီရီသန့် နှင့် အဖွဲ့က ဂုဏပူဇာမင်္ဂလာရတု၊ တေးထပ်တို့ဖြင့်လည်းကောင်း ပူဇော်ကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော်များအား ပြည်ထောင်စုဝန်ကြီးနှင့်  အလှူရှင် များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက်  အဘိဓဇမဟာရဋ္ဌဂုရု တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဥာဏိဿရ က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ရေစက်သွန်းချ အနုမောဒနာ တရား ချီးမြှင့်တော်မူသည်။

သီတဂူဆရာတော်အလောင်းလျာကို ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်း မြို့နယ် တပ်ရွာတွင် ခမည်းတော် ဦးမောင်ညို+ မယ်တော် ဒေါ်သန်းတင် တို့က ၁၂၉၈ ခုနှစ် တပေါင်းလပြည့်နေ့တွင် ဖွားမြင်တော်မူခဲ့သည်။

၁၃၄၀ ခုနှစ်တွင် သီတဂူသာသနာပြုအဖွဲ့ကြီးကို စတင်တည်ထောင်တော်မူခဲ့ပြီး ပြည်တွင်း သာသနာပြုလုပ်ငန်းများကို စတင်ဆောင်ရွက်တော်မူခဲ့သည်။

၁၃၄၃-၄၄ ခုနှစ်တွင် ဗာရာဏသီ ဆရာတော်နှင့်အတူ အာရှ ခြောက်နိုင်ငံ သာသနာပြုခရီး၊ ဆရာတော်အရှင်သေဋ္ဌိလ နှင့် အင်္ဂလန်နိုင်ငံ သာသနာပြုခရီးတို့မှ စတင်ကာ ပြည်ပသာသနာပြုလုပ်ငန်းများ စတင်တော်မူခဲ့ရာ ယနေ့ သက်တော်(၈၀) အဘိဓဇအရွယ်တော်ရောက်ခဲ့သည့်အချိန်အထိ နိုင်ငံပေါင်း ၅၀ ကျော်သို့ ကြွရောက် သာသနာပြုတော်မူခဲ့ပြီး  နိုင်ငံတကာအစည်းအဝေးပေါင်း ၄၃ ခု တက်ရောက်ကာ မိန့်ခွန်းပြောကြားတော်မူခဲ့ပြီးဖြစ်သည်။

ယခုအခါ ဆရာတော်ဘုရားကြီးသည် သီတဂူတက္ကသိုလ်များနှင့် သီတဂူ သာသနာပြုအဖွဲ့ကြီး၏ အဓိပတိ၊ မလွန်ဆန်လှူအသင်းကြီး၏ ဥက္ကဋ္ဌ၊ ရွှေကျင် ဂိုဏ်းကြီး၏ ဥပဥက္ကဋ္ဌ မဟာနာယက တာဝန်တို့ကို တွဲဘက်ဆောင်ရွက်တော် မူကာ တရားဟော တရားပြ စာသင်စာချ သက်တော်(၈၀) ကျော်လွန်လာသည့် အရွယ် တိုင်အောင် သာသနာအကျိုးအတွက် ကြိုးပမ်းဆောင်ရွက် သာသနာပြုတော်မူလျက်ရှိ သည်။ (သတင်းစဉ်)

No comments:

Post a Comment