ပုသိမ်မြို့နယ် သလပ်ခွာသစ်တောကြိုးဝိုင်း၌ တောဆင်ရိုင်း (ဟိုင်းဆင်) သေဆုံးမှုမှာ ဓမ္မတာအတိုင်းရောဂါဖြင့် သေဆုံးခြင်းမဟုတ်ဘဲ အဆိပ်သင့်သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ
ပုသိမ်မြို့နယ် သလပ်ခွာသစ်တောကြိုးဝိုင်း၌ တောဆင်ရိုင်း (ဟိုင်းဆင်) သေဆုံးမှုမှာ ဓမ္မတာအတိုင်းရောဂါဖြင့် သေဆုံးခြင်း မဟုတ်ဘဲ အဆိပ်သင့်သေဆုံးခြင်း ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
ဇွန် ၁၃ ရက်က ပုသိမ်မြို့နယ် သလပ်ခွာ သစ်တောကြိုးဝိုင်း အကွက်အမှတ် (၂၇) ၌ တောဆင်ရိုင်းတစ်ကောင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“စစ်ဆေးတဲ့အခါ မြားနဲ့အပစ်ခံထားရတဲ့ အနာဒဏ်ရာတွေတွေ့တယ်။ သူ့ရဲ့နှာ မောင်းကနေယိုစိမ့်မှု၊ စအိုကနေယိုစိမ့်မှု အနေအထားတွေကို သုံးသပ်လိုက်တဲ့အခါ ဒါကဓမ္မတာအတိုင်း သမားရိုးကျရောဂါကြောင့် သေဆုံးတာမဟုတ်ဘဲနဲ့ အဆိပ်သင့်ပြီး သေဆုံးတာလို့ သုံးသပ်တာပေါ့။ အဆိပ်သင့်ပြီး သေဆုံးတယ်လို့ယူဆတော့ ဒါကဘယ်သူတွေ လက်ချက်ကြောင့်ဖြစ်နိုင်လဲဆို တဲ့အခါကျတော့ ထုံးစံအတိုင်းလူရဲ့ လက်ချက်ပေါ့” ဟု ပုသိမ်တောင် သစ်ထုတ်လုပ်ရေးဒေသ လက်ထောက် မန်နေဂျာဦးမျိုးအောင်က ပြောကြားသည်။
အဆိုပါ တောဆင်ရိုင်းမှာ ယခုသေဆုံးသည့် နေရာနှင့်အလှမ်းဝေးသည့် နေရာကတည်းက ပစ်ခတ်ခံခဲ့ရသည်ဟု ယူဆနိုင်သည့် အခြေအနေများကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။
“ဒီဆင်က ဒီနေရာနီးနီးနားနားလေးမှာပဲ ပစ်ခတ်ခံရတာမဟုတ်ဘဲနဲ့ အခုသေဆုံးနေတဲ့ နေရာကနေ ခန့်မှန်းပေါ့။ သူတို့ကျက်စားတတ်တဲ့နေရာ ဒီနေရာကနေသူတို့သွား လမ်းလာလမ်းအရ ကြည့်မယ်ဆိုရင် သုံးမိုင်၊ လေးမိုင်လောက်အကွာမှာ သူတို့အုပ်လိုက် ကျက်စားတဲ့နေရာရှိတယ်။ အဲဒီကနေ ပစ်ခတ်ခံရပြီးတော့မှ မသေမီအချိန်ထိ သူနိုင်သလောက် အားတင်းလျှောက်ပြီး အခုသေဆုံးတဲ့ နေရာရောက်လာတာပေါ့။ အခုလဲတဲ့နေရာကနေ ပေ ၅၀ လောက်အကွာမှာလည်း သူခဏလဲခဲ့တဲ့ နေရာတွေ့တယ်။ ပြီးတော့ သူဒယိမ်းဒယိုင်နဲ့ထမှာပဲ။ ခြေရာတွေတွေ့တယ်။ အခုသေဆုံးခဲ့တဲ့နေရာရဲ့ ဘေးကပ်လျက်ချုံမှာလည်း သူဝင်တိုးခဲ့တဲ့အရာ တွေ့တယ်” ဟု ဦးမျိုးအောင်က ပြောကြားသည်။
သေဆုံးခဲ့သည့် တောဆင်ရိုင်းမှာဆင် ထီးဖြစ်ပြီး ကျောအလျား ခုနစ်ပေ ငါးလက်မ၊ အမြင့်ပေ ခြောက်လက်မ၊ လုံးပတ် ၁၁ ပေ၊ နှာမောင်းအရှည် ငါးပေ၊ အမြီးအရှည် လေးပေ လေးလက်မ၊ ရှေ့ခြေသည်း ငါးခုနှင့် နောက်ခြေသည်း လေးခုရှိကြောင်း သိရသည်။
တောဆင်ရိုင်းသေဆုံးမှုကို သတင်းရရှိချိန်တွင် မဒေါကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် သစ်တောဦးစီးဌာနနှင့် နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆင်သေဆုံးမှုနှင့်ပတ်သက်၍ ကျူးလွန်သူ တရားခံကို ဖမ်းဆီးရမိနိုင်ရန် သလပ်ခွာနယ်မြေရဲစခန်း၌ သစ်တောဦးစီးဌာန တာဝန်ရှိသူက တရားလိုပြုလုပ်၍ အမှုဖွင့်ထားကြောင်း သိရသည်။
အောင်ကျော်မျိုး (ဟင်္သာတ)
Eleven Media Group
Friday, June 16, 2017
ပုသိမ်မြို့နယ် သလပ်ခွာသစ်တောကြိုးဝိုင်း၌ တောဆင်ရိုင်း (ဟိုင်းဆင်) သေဆုံးမှုမှာ ဓမ္မတာအတိုင်းရောဂါဖြင့် သေဆုံးခြင်းမဟုတ်ဘဲ အဆိပ်သင့်သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ
ပုသိမ်မြို့နယ် သလပ်ခွာသစ်တောကြိုးဝိုင်း၌ တောဆင်ရိုင်း (ဟိုင်းဆင်) သေဆုံးမှုမှာ ဓမ္မတာအတိုင်းရောဂါဖြင့် သေဆုံးခြင်းမဟုတ်ဘဲ အဆိပ်သင့်သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ
Reviewed by Ar Ti
on
3:07 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment