ပေးကားပေး၏ မရ
(သို့)
ကျမ်းမာရေး ဆေးစစ်ချက်များ အသုံးချခြင်း(၁)
“ခ်ခ်ခ်”
“ဟဲ့သား။ တခစ်ခစ်နဲ့ ဘာတွေရီနေတာလဲ”
“ဟာ ဖေဖေနိုးသွားပြီလား။ ကန့်တော့်နော်၊ သားများ အသံနည်းနည်း ကျယ်သွားသလား”
“ရပါတယ် သားရယ်။ နေ့ဘက် သိပ်အိပ်တော့၊ ညဘက်ကျ အိပ်မပျော်ဘူး။ တော်ကြာငါ့ကို သူငယ်ပြန်ပြီး၊ နေ့ညလွဲနေတယ်လို့ မင်းမေမေက ပြောတော့မယ်”
“ဟော လုပ်ပြီး။ ဦးသုခကတော့ ကျွန်မကို တစ်နွယ်ငင် တစ်စဉ်ပါအောင် ဆွဲထဲ့နေပြန်ပြီ”
“ဟားဟားဟား။ စတာပါမိန်းမရာ။ ဒါထက် သားက ဘာတွေဖတ်ရင်း ရီနေတာလဲကွ”
“ဟိုးတုံးက ဂျပန်ကသားနေတဲ့ အိမ်ဘေးက ရပ်ကွက်ကလေးထဲက ဆေးရုံတစ်ခုမှ တွေ့လို့ ဆွဲလာတဲ့ စာအုပ်ကလေးပါ။ သူတို့လည်း လူပါပဲလို့ သားဆောင်းပါး ရေးဘူးခဲ့သလို၊ ကျမ်းမာရေး လိုက်စားပါတယ်ဆိုတဲ့ သူတို့ ဂျပန်တွေတောင်မှ တနှစ်တစ်ခါဆေးစစ်ပြီးရင် အဖြေစာရွက်လည်း လာမယူ။ လာယူလည်းချောင်ထိုးထား။ ထွက်လာတဲ့အဖြေကို ကိုယ့်သဘောနဲ့ကိုယ် ပေါ့ပေါ့လေးတွေး ကြတာကို ကာတွန်းလေးတွေနဲ့ သရုပ်ဖေါ်ထားတာပါ။ ဖတ်ရင်းဖတ်ရင်း ကိုယ်ကို ရှေ့တည့်တည့်က လာပြောနေသလားလို့ ထင်ရလို့ပါ”
“ဟ၊ သားက ဘာတွေလာပြောအောင် လုပ်နေတာလို့လဲကွ”
“သားကို ဒီလောက်အထိတော့ မဆိုးသေးပေမဲ့ သူတို့ ရေးထားတာလေးကို ဘာသာပြန်ပြပါ့မယ်။ ဖေဖေလည်း ရီရတာပေါ့”
“အေးအေး လုပ်စမ်းပါဦးကွယ်”
“ပထမဆုံးကတော့
အင်း….သွေးပေါင်ချိန်ရော၊ သွေးချိုရော နည်းနည်း တက်နေပေမဲ့ ကိစ္စမရှိပါဘူး။ ငါကျမ်းမာရေး ကောင်နေတာပဲဟာ လို့ ဆေးစစ်ချက် အဖြေလွှာကို ကြည့်ရင်း တွေးတော်နေတတ်တဲ့ သားတို့လို ဆေးပညာ မတောက်တစ်ခေါက် ကြားဘူးတဲ့ တတ်ယောင်ကားကြီးတွေ ရှိသတဲ့”
“အိုး စလာကတည်းထိပြီဟ့”
“ဖေဖေအားကိုးကာမှ ပိုဆိုးပြီ။ ဒီမှာလည်း ဒီလိုပဲ ရေးထားတာပါ။
သွေးပေါက်ချိန်တက်နေတယ်။ သွေးအချိုဓါတ်နည်းနည်းများနေတယ် ဆိုတာက…..တစ်ကယ်တော့
နှလုံးကပြောတယ်တဲ့… ဒီလိုသွေးပေါင်ချိန်တွေမြင့်နေအောင် ညှစ်ပို့နေရတာလည်း တတ်နိုင်တာကို ကျော်နေပါပြီ။
သွေးကြောကလေးကလည်း…. ပြစ်ချွဲနေတဲ့ ဒီသွေးတွေကြောင့် ရောဂါအဖြစ်ရုံတစ်မယ်ပါ။
အသည်းကတော့……. ဒီလောက်တောင် ဆက်စားနေရင်တော့ အသည်းတွေ အဆီဖုံးလို့ အသည်း ဘ၀ပျက်ရပါတော့မယ် လို့ပြောနေတာပါဖေဖေ”
“ကလီစာလေးတွေ ငြီးညူးသံပေါ့”
“ဟုတ်ပါတယ် ဖေဖေ။ ဘာစကားမှ အပြောတတ်၊ မပြောနိုင်တဲ့ ကလီစာလေးတွေဟာ ဆေးစစ်တဲ့အခါကျမှတော့သာ သူတို့ခွန်အားရှိသမျှ ထုပ်ဖေါ်ပြသကြတာမို့ ဆေးစစ်တဲ့ အဖြေကို တိတိကျကျ နားလည် လိုက်နာသင့်ပါတယ်တဲ့။
ဒီစာအုပ်ကလေးမှာ အဓိက ပြောတာကတော့ အ၀မလွန်ဖို့၊ အစားအသောင်းကျမ်းဖို့အကြောင်းပါ”
“ဒိုင်းရက်လုပ်ဖို့လား သား”
“ဟုတ်ပါတယ် မေမေ။ ဟို..မော်ဒလ်ဂဲလေးတွေလိုဖြစ်အောင် လုပ်စရာမလိုပေမဲ့၊ အစားသောင်းကြမ်း တာတွေကြောင့် ကိုယ်တွင်း အဆီတွေက များလာပြီ ကောင်းတဲ့ ကိုရက်စတော်လေးတွေက နည်းလာပြီး အားမရှိတော့ပဲ၊ လူကိုကောင်းကျိုးမပေးတဲ့ ကိုလက်စတော်တွေက တစ်ဖြည်းဖြည်း တိုးပွားလာသတဲ့”
“ဒါဆို တို့တစ်တွေစားလိုက်တာက အဆီစားလို့ အသားမဖြစ်ဆိုတာထက်၊ အဆိပ်ပင် ရေမလောင်း မိအောင်တော့ လုပ်ဖို့သင့်နေပြီ။ အဲ့သလို မကောင်းတဲ့ ကိုလက်စတော်တွေ များလာတော့ ဘာတွေဖြစ်တတ်သလဲ”
“ဒါကတော့ ဖေဖေရဲ့ သွေးကြောထဲမှာရှိတဲ့ အဆီအနှစ် ပမာဏတွေ ပြောင်းလာမယ်။ ဆီးချိုရောဂါအတွက် အချိုဓါတ်တွေများလာမယ်။ သွေးဖိအားတွေ တိုးလာနိုင်တာပေါ့။ အဲ့တာကိုမှ ဂရုမစိုက်ပဲ ပစ်ထားလိုက်မယ်ဆိုရင်……
သွေးကြောတွေမာလာမယ်။ ကြာတော့ ပေါက်ပြဲသွားနိုင်ပါတယ်။ ဖေဖေတို့ ကြားဘူးတဲ့ နှလုံးသွေးကြောပေါက်တာတို့၊ ဦးနှောက်သွေးကြောပေါက်တာတွေ ဖြစ်နိုင်တယ်”
“အောင်မလေး ကြောက်စရာကြီါ်ပါလားကွယ်”
“အေး.. ဒါ့ကြောင့် မင့်သားက မင်းကို အစားအသောင်းကြမ်းနဲ့လို့ ပြောတာပေါ့ကွ”
“ဟုတ်ပါပြီတော်၊ ဟုတ်ပါပြီ။ ကြားထဲဝင်ပြီး အမှတ်ယူနေပြန်ပါပြီ။ ကျွန်မလည်း ပိန်အောင်လို့ ၀ိတ်လျော့နေပါပြီရှင်”
“ဖေဖေက မေမေ့ကို စိုးရိမ်လို့ ပြောတာပါ။ ဒါပေမဲ့ အတင်းအကျပ် ပြင်းပြင်းထန်ထန် ၀ိတ်လျော့စရာ မလိုဘူး ဆိုတာကတော့ သိထားသင့်ပါတယ်။ ဥပမာ တစ်လကို ကီလိုဝက်လောက်ကနေ တစ်ကီလိုလောက် အတွင်းလောက်သာ ကိုယ်အလေးချိန်ကို ချသင့်တယ်။ ကိုယ်လက်လှုပ်လျှားမှု တွေကို တတ်နိုင်သလောက်လုပ်ပြီး မုန့်ပဲ သရေစာကို တစ်ပါတ်မှာ အများဆုံး ၂ ကြိမ်ထက် မပိုစေပါနဲ့လို့ ပြောကြပါတယ်”
“ဟုတ်လားသား။ ဒါဆို မေမေတို့တောင်လုပ်နိုင်တာပဲ”
“မေမေတို့သာမက၊ လူတိုင်းလုပ်နိုင်ပါတယ်။ အဓိကကတော့ တောက်လျှောက် အဆက်မပြတ် လုပ်ဖို့ပဲ လိုပါတယ်။ ဒီကြားထဲ သူခိုးဓါးရိုးကမ်းတာမျိုး မဖြစ်ရလေအောင် ဆေးလိပ်၊ အရက်၊ အချို၊ အငံလေးတွေလည်း တတ်နိုင်သလောက် ရှောင်ပေးသင့်တာပေါ့”
“အေးအေး၊ မင်းတို့သားအမိ စကားကောင်းနေတုံး ဖေဖေ၀င်မေးလိုက်ဦးမယ်။ သားက ခဏခဏပြောတတ်တဲ့ သွေးတိုးကို မကုပဲပြစ်ထားရင် သွေးကြောတွေကို ဒုက္ခပေး တတ်တယ် ဆိုတာက ဘာလဲကွ”
“ဒီလိုဖေဖေရဲ့ အမြဲတန်း ဖိအားများနေတဲ့ သွေးတွေကို တောင့်ခံနိုင်ဖို့ သွေးကြောနံရံတွေဟာ မာလာပါတယ်ဖေဖေ။ အဲ့သလို ထူလာ၊ မာလာလို့ သွေးစီးဆင်းရာ လမ်းကြောင်းကလေး ကျဉ်းမြောင်း လာပြီး သွေးစီးတာတွေ ညံ့ဖြင်းလာပါတယ်။ အဲ့သလိုဖြစ်လာလေ သွေးတွေက ပိုတိုးလာပြီး၊ ဦးဏှောက်၊ ကျောက်ကပ်စတဲ့နေရာမှာ ရှိတဲ့ သွေးကြောမျှင် ကလေးတွေပါ မာကြောလာပါ တော့တယ်။ မုန့်လုံးကို စက္ကူပါတ် ဇတ်လမ်းက စတော့တာပေါ့”
“ဟုတ်တယ်သားရေ၊ မကောင်းတာလုပ်တော့ မကောင်းတာဖြစ်။ ကုသိုလ်မကောင်းလို့ ဆင်းရဲ။ ဆင်းရဲလို့ မကောင်းတာလုပ်၊ ဒီတော့ ဆင်းရဲပြန်ဆိုတာဖြစ်နေတာပေါ့ကွယ်။ ဒါ့ထက်သွေးတိုးတာရဲ့ အဓိက တရားခံက ဆားအငံဓါတ်ဆိုကွ”
“ဟုတ်ပါတယ်ဖေဖေ။ တစ်ခြားသော ကလီစာတွေ မကောင်းလို့ ဖြစ်တတ်တာတွေလည်းရှိပေမဲ့ အငံဓါတ်ကတော့ ရှောင်ကျဉ်သင့်ပါတယ်။ တစ်နေ့ကို အမျိုးသားဆို ၈ ဂရမ်လောက်၊ အမျိုးသနီးဆိုရင်တော့ ၇ ဂရမ်လောက် ပဲစားသင့်တယ်လို့ ဆိုတယ်။ ဖေဖေမြင်သာအောင် ပြောမယ်ဆိုရင် စောစောက ဖေဖေစားလိုက်တဲ့ အသင့်စား ခေါက်ဆွဲ တစ်ဘူးမှာ ၅ ဂရမ်လောက် ဆားဓါတ်ပါပါတယ်”
“ဟ သားရဲ့ ဒါဆို တို့တစ်တွေနဲ့ သိပ်မလွဲပါလား”
“ဟုတ်ပါတယ်ဖေဖေ။ ဂျပန်တွေတောင်မှ စစ်တန်းကောက်ကြည့်တော့ တစ်နေ့ကို ယောက်ကျားက ၁၀.၉၊ မိန်းမက ၉.၂ ဂရမ်လောက် စားနေတာကို တွေ့ရတယ်”
“ဒါဆိုမေမေတို့လို ငပိရည်နဲ့ တို့စရာမပါရင် မစားတတ်သူတွေက ၂ဆလောက်များ စားနေကြမယ်နဲ့ တူတယ်နော်”
“ဒါ့ပေါ့မေမေရဲ့။ ဒါပေမဲ့ဒီနေရာမှာ ချွင်းချက်ကလေးတွေတော့ ရှိတာပေါ့။ စားသလောက် ချွေးထွက်အောင် လုပ်နိုင်ရင်တော့ နည်းနည်းပါးပါး ပိုသွားလည်း ကိစ္စတော့မရှိပါဘူး။ ဒါပေမဲ့ ထိမ်းသိမ်းနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ”
“ဟားဟားဟား သိပြီသိပြီ။ သားက အခုလို ချွင်းချက်ကလေးတွေကို သိနေတော့၊ ကိုယ်ကျမ်းမာရေး ဆေးစစ်တဲ့ အဖြေကို ကြည့်ပြီးကိုယ့်ကိုယ်ကို ဆင်ခြေတွေ ပေးနေတယ်ဆိုပါတော့”
“ဟုတ်ပါတယ်ဖေဖေ။ ဒီစာဆောင်လေးထဲမှာ ရေးထားတာက သားလိုလူစားတွေ အတွက် သွေးထွက်အောင်မှန်နေတယ်”
“အေး ဒီလိုပဲဖြစ်တတ်တယ်သား။ အဓိကကတော့ အဲ့သလိုဖြစ်နေတာကို မိမိဘာသာ ဆန်းစစ်နိုင်ဖို့ပဲ သား။ ကဲဆက်ကြဦးစို့”
“တစ်လက်စထဲ သွေးထဲမှာ ပိုလာတဲ့ အဆီဓါတ်တွေက ဘယ်လို မာကြောဖို့ ထပ်ပံ့ပိုးသလဲဆိုတာ ပြောပြဦးမယ်”
“အေးကောင်းတယ်သား။ ပြောပြစမ်းပါဦး”
“သွေးဖိအားများတာတို့ LDLလို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စတော်တို့ သကြားဓါတ်တွေဟာ သွေးကြောနံရံလေး တွေကို ပျက်စီးစေပါတယ်။ အဲ့သလို ဒဏ်ယာလေးတွေ ရှိနေတဲ့နေရာကို ကော်လက်စတော်တွေက ၀င်ရောက်သွားတဲ့အခါကြတော့ ပစ်ချွဲချွဲ အဖုကလေးတွေ ဖြစ်လာတယ်”
“မော်တော်ကား ဆီလိုင်း ဂျီးပတ်သလိုပေါ့”
“ဟုတ်ပါတယ်ဖေဖေ။ ဖေဖေပြောသလို အဲ့သည့်ဂျီးတွေလို အဖုကလေးက ကွာသွားတဲ့အခါ၊ ပေါက်ပြဲသွားတဲ့အခါကြတော့ သွေးရည်ကြည်ကလေးတွေကနေ အဲ့သည့်နေရာလေးတွေကို မူလအနေအထား ပြန်ရောက်အောင်လို့ ဖါထေးပါတယ်”
“ကန်းသင်းရိုးကျိုးတာကို ဖါသလိုပေါ့”
“ဟုတ်တယ်မေမေ။ မေမေ့ရဲ့ ဥပမာက သိပ်ကောင်းတယ်။ အဲ့သလို သွေးကြောထဲမှာ ဖါရာထေးရားလေးတွေ ပေါလာတော့ သွေးကြောတွေက ကျဉ်းသထက် ကျဉ်းလာတာပေါ့။ သွေးစီးဆင်းမှူတွေ ညံ့လာသလို၊ အခန့်မသင့်တဲ့အခါ သွေးကြောတွေလည်း ပိတ်သွားတတ်ပါတယ်။ ဒီကြားထဲ ဆေးလိပ်သောက်သူတွေကြတော့ သွေးကြောက ဆေးလိပ်ကြောင့် ကျဉ်းသထက် ကျဉ်းသွားတာပေါ့”
“ကိုလက်စတော်များတာတွေတော့ ရှောင်မှဟေ့။ ကြောက်စရာကြီးပါလားကွယ်”
“ဟုတ်တယ် ကြောက်စရာကြီး။ ဒါပေမဲ့ ကိုယ်ထဲမှာရှိတဲ့ ကိုလက်စတော်တွေရဲ့ ၈၀%ရာခိုင်နှုံးဟာ အသည်းကနေ ထုပ်နေတာတဲ့။ ကျန် ၂၀%က အစားအသောက်က လာတာတဲ့။ ဒါ့ကြောင့် ကိုလက်စတော် များရတာက ဒီလောက်အထိ အစားအသောက်ကနေ တိုက်ရိုက်ပါတ်သက် နေတယ်လို့တော့ ပြောမရဘူးပေါ့”
“တိုက်ရိုက်ကြီး ဒီလောက် မပါတ်သက်ဘူးဆိုတာက ဘာသဘောလဲကွဲ့”
“ဒီလိုမေမေရေ။ တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်ပြီးတော့ သက်ဆိုင်ပါတယ်။ ကယ်လိုရီများတဲ့ အစားအစာ၊ လိုအပ်တာထက် ပိုစားသောက်တာတွေဟာ စွမ်းအင်တွေကို ပိုပြီးဖြစ်စေလို့ အသည်းကလည်း ကိုလက်စတော်တွေကို ပိုပိုပြီး ထုပ်နိုင်သတဲ့။ ဖေဖေပြောသလို အဆိပ်ပင် ရေလောင်း သလိုမျိုး ဖြစ်မှာ စိုးရိမ်ရတာပေါ့”
“အေး ဟုတ်တာပေါ့သားရဲ့။ ဒါ့ကြောင့် ဆေးလိပ်၊ အရက်ကိုလည်း မသောက်ဖို့ ပြောကြတာပေါ့။ စောစောကတော့ ဆေးလိပ်အကြောင်းပြောခဲ့ပြီ။ အရက်ကကောကွာ”
“အရက်နဲ့ ပါတ်သက်တာကတော့ အသည်းပေါ့။ ဒါကြောင့်လည်း သားတို့ ဆေးစစ်ရာမှာ တစ်ကူးတစ်က အသည်းကိုပါ ထည့်စဉ်းစားပြီး လုပ်ကြတာပေါ့။ အသည်းဟာ အရက်ကို ချေဖျက်တယ်လို့ အများကသိထားကြပေမဲ့ အဟာရဓါတ်တွေကို စုဆောင်းပေးသလို၊ ကိုလက်စတော်တွေကိုလည်း ပြုလုပ်ပေးသတဲ့”
“အေး အဲ့တာကတော့ စောစောက သားပြောပြီးပြီ။ ၈၀%လောက်ဟာ အသည်းက လုပ်ပေးနေတယ်ဆို”
“ဟုတ်တာပေါ့ဖေဖေရဲ့။ ဒါ့အပြင် ခန္တာကိုယ်အတွက် အဆိပ်အတောက် တွေကိုလည်း ဖြေရှင်းပေး သတဲ့”
“သြော် တော်တော်လည်း အလုပ်လုပ်ရှာပါလားကွယ်”
“လုပ်တာပေါ့ဖေဖေရဲ့။ ဒါ့ကြောင့်လည်း တစ်ချို့ဆရာဝန်ကြီးတွေက အသည်းဟာ ကိုယ်တွင်း ဓါတုဗေဒ စက်ရုံကြီးလို့ ဆိုကြတာပေါ့”
“ဒါ့ထက် အသည်းကရော ဆေးစစ်တဲ့အခါ ဘာတွေပြောသလဲ”
“GOTဆိုတဲ့ သင်္ကေတ အဖြေက အသည်း၊ နှလုံး၊ ကြွက်သားတွေမှ GPT ကတော့ အထူးသဖြင့် အသည်းမှာ ပြဿနာတက်နေတဲ့အခါ၊ ပရိုတိန်းတွေကို ချေဖျက်တဲ့ ကျောက်ကပ်တို့ သရက်ရွက်တို့မှာ ရှိတဲ့ r-GT(r-GTP)ရဲ့ သွေးထဲမှာ ရှိတဲ့တန်ဘိုးတွေက အရက်၊ ဆေးဝါးတွေကြောင့် အသည်းပျက်ဆီးတာတွေကို ဖေါ်ပြသတဲ့။ ဒါပေမဲ့ သားအခု ထည့်ပြောတဲ့ သင်္ကေတတွေကို မမှတ်မိလို့လဲ ကိစ္စမရှိပါဘူး။ အသည်းမှာလည်း သွေးထဲက အဖြေကနေ သူ့ကို ကယ်ပါယူပါလို့ အော်နေတယ် ဆိုတာကို သတိကလေး ထားပေးစေချင်တာပါ ဖေဖေ”
“အေး ဟုတ်တာပေါ့ကွယ်”
“ပြီးတော့ အသည်းက နေ့တစ်ဒူဝ အလုပ်လုပ်နေပေမဲ့ တော်ရုံတန်ရုံနဲ့ ကယ်ပါယူပါ ပြောတတ်တဲ့ ကလီစာမျိုး မဟုတ်ဘူးတဲ့။ ဒါကြောင့် သူက ကယ်ပါယူပါဆိုရင် အမြန်ဆုံး သူ့ကို ပြုစုပေးချေင်ပါတယ်။ အသည်းမှာအဆီဖုံးတာကလည်း အရက်ကြောင့်နဲ့ အစားသောင်းကြမ်းတာကြောင့်ဆိုပြီး အကြောင်းအရင်း နှစ်ခုရှိပါတယ်။ ဒီအထဲကမှ အသည်းကင်ဆာ ဖြစ်စေနိုင်တာက အရက်ထက် အစားသောင်းကြမ်းလို့ ဖြစ်တာက ပိုပြီးတော့တောင် များသယောင်ယာင် ရှိတယ်လို့ ဆိုပါတယ်။ တစ်ခါ အရက်အသောက်များတဲ့သူတွေလည်း အရက်သောက်တဲ့ ပမာဏကို မလျှော့ချနိုင်သေးတောင် အရက်သောက်တဲ့ရက်ကို လျှော့သင်တယ်လို့ ဆိုပါတယ်။ ဥပမာ ရုံးပိတ်ရက်မှာဆိုရင် မသောက်ဘူး။ မိသားစုနဲ့ အတူတူ ထမင်းလက်စုံစားနိုင်သလောက်စားပြီး၊ အဲ့သလိုရက်မျိုးမှာ အရက်လုံးဝ မသောက်ဘူး ဆိုပြီး၊ အကြောင်းအမျိုးမျိုးပြပြီး အရက်သောက်ခဲ့တာကို ပြောင်းပြန် လှန်ပစ်လိုက်သလို ဘာ့ကြောင့်၊ ဘာ့အတွက်၊ ဘယ်နေ့ဆို အရက်မသောက်ဘူးလို့ ဆင်ခြေ အမျိုးမျိုးပေးပြီး အရက်မသောက်တဲ့ ရက်တွေ ဖန်တီးပေးသင့်တယ်လို့ ဆရာဝန်ကြီးတွေက တိုက်တွန်းကြပါတယ်”
“အေးအေး ကောင်းလိုက်တာကွယ်”
“ကဲသားရေ။ မေမေလည်း အိမ်ပြန်ပြီး ရေမိုးချိုး၊ မနက်စာ ထမင်းချိမ့်လေးတွေ စီစဉ်လိုက်ဦးမယ်။ ဒီသားအဖတွေ ဘာစားမလဲ”
“ဖေဖေကတော့ မဂိုလမ်းက ဗယာကျော်နဲ့ အာလူးပူတီ စားချင်တယ်ကွာ”
“ဟားဟားဟား ဖေဖေကတော့ လုပ်ပြီ အဆီတွေ တတ်နိုင်သလောက်လျှော့နေလို ပြေနေရင်းက…..”
“ဟိဟိ..ဒါတော့ အတတ်နိုင်ဘူးကွ။ တစ်သက်လုံး စားလာတဲ့ မြန်မာ ပါးစပ်ဆိုတော့လေ…”
“ဟုတ်ကဲ့သားနားလည်ပါတယ် ဖေဖေ။
စောစောက ပြောတဲ့ အရက်လိုပဲပေါ့။
မဖြတ်နိုင်ရင်တောင်….. လျှော့ပါလို”
“အေးအေး သာဓုပါကွယ်၊ သာဓု၊ သာဓု”
သုခ(သား)
No comments:
Post a Comment