Sunday, June 18, 2017
လွှတ်တော်အမတ်နှစ်ဦးအား တရားစွဲရန် နို့်တစ်စာပေးပို့
လွှတ်တော်အမတ်နှစ်ဦးအား တရားစွဲရန် နို့်တစ်စာပေးပို့
ဇွန် ၁၇၊ ၂၀၁၇၊ ရန်ကုန်
The Nyang News
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးသည် ကုမ္ပဏီတစ်ခုမှ တရားမကြောင်းအရ တရားစွဲဆိုရန် နို့တစ်စာပေးပို့ခြင်းခံထားရကြောင်းအမတ်များထံက သိရသည်။
နို့တစ်စာကို ညောင်တုန်းမြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းနှင့် ညောင်တုန်းမြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးတို့ထံ တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၈၀ အရ ပင်လုံရတနာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီဒါရိုက်တာ ဦးမြင့်သန်းက လက်မှတ်ရေးထိုးပေးပို့ခဲ့ခြင်းဖြစ်သည်။
"မြေစစ်ရုံးမှာ နှစ်ဦးနှစ်ဖက် ကြားနာစစ်ဆေးပါတယ်။ လိုအပ်လို့ ကွင်းဆင်းစစ်ဆေးတာပါ။သူတို့ကိုလည်း ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ဒါကမဖြစ်သင့်ပါဘူး။ ကျွန်တော်တို့က ဥပဒေကြောင်းအရ၊ လုပ်ထုံးလုပ်နည်းအရလုပ်တာပါ။ ဥပဒေကိုလိုက်နာခြင်းမရှိတာ လုပ်ငန်းရှင်အပိုင်းပေါ့´ဟ"ုညောင်တုန်းမြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းက The Nyang News သို့ပြောသည်။
ပင်လုံရတနာကုမ္ပဏီပိုင်နက်ထဲတွင် အင်းချောင်းပါဝင်နေသည့်အတွက် ငါးသယံဇာတထုတ်လုပ်ရာတွင် ကုမ္ပဏီ နှင့် အင်းလေလံသမားတို့ အငြင်းပွားနေမှုကို အမတ်များက ဝင်ရောက်စစ်ဆေးဖြေရှင်းပေးရာမှ ယခုကဲ့သို့ ကုမ္ပဏီဘက်မှ တရားစွဲဆိုရန် နို့တစ်စာပေးပို့လာခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။
ပင်လုံရတနာကုမ္ပဏီကို နဝတ အစိုးရအဖွဲ့မှ လ/န ၃၉ ငါးကန်မြေအဖြစ် (၁၁၅၀.၄၀) ဧကကို ခွင့်ပြုချထားပေးခဲ့ရာ အဆိုပါဧရိယာထဲရှိ အင်းချောင်းဧရိယာစုစုပေါင်း ဧက (၅၀) ခန့်ကို ကုမ္ပဏီက ပိုယူထားကြောင်း စွပ်စွဲခဲ့ပြီး အင်းချောင်းများကိုပြန်ဖွင့်ပေးရန် ငါးလုပ်ငန်းဦးစီးဌာနမှူးက တောင်းဆိုခဲ့ကြောင်းနှင့် အမတ်များသည် ၄င်းတို့အား အပ်နှင်းထားခြင်းမရှိသော တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ကျင့်သုံးခဲ့သဖြင့်ကုမ္ပဏီ အကျိုးစီးပွားကို ကာကွယ်တားဆီးရန် ၂၀၀၃ခုနှစ်မတိုင်မီကတည်းက ငါးကန်မြေအဖြစ် အသုံးပြုခွင့်ဖြစ်သော ပင်လုံရတနာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၏ တရားဝင်အနေအထားအတိုင်း ခံစားခွင့်ရရှိရန် တရားဥပဒေကြောင်းအတိုင်း တရားစွဲဆိုဆောင်ရွက်မည်ဖြစ် ကြောင်း လွှတ်တော်အမတ်များထံသို့ပေးပို့သော နို့တစ်စာတွင်ရေးသားဖော်ပြထားသည်။
"ကျွန်မတို့ ဥပဒေအတိုင်းလုပ်တာပါ။ မြေစစ်ကော်မတီက တရားဝင်သွားစစ်တာပါ။ ဥပဒေဘောင်လည်း ကျော်မလုပ်ဘူး။ ကိုယ်စားလှယ်လုပ်ပိုင်ခွင့်လည်း ကျော်မလုပ်ဘူး။အဲဒီအတွက်တရားစွဲတာကို ဂရုမစိုက်ဘူး။ ကိုယ်စားလှယ် ဝိတ်လည်းမသုံးဘူး။ ဥပဒေဘောင်´အတွင်းကဖြေရှင်းသွားမယ်"ဟုညောင်တုန်းမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးကThe Nyang News သို့ ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ The Nyang News က ကုမ္ပဏီဘက်သို့ နို့တစ်စာပါ ဖုန်းနံပါတ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းကိုအဆင့်ဆင့်သို့လွှဲပြောင်းပေးခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားသူများထံမှ တစုံတရာ မှတ်ချက် မရရှိခဲ့ပေ။
အမတ်များထံသို့ပေးပို့သော နို့တစ်စာတွင် အမတ်များအပါအဝင် လူပုဂ္ဂိုလ် (၈) ဦးအပေါ်ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၌ တရားမကြောင်းအရ တရားစွဲဆိုမှုပြုရာတွင် တိတိကျကျ နို့တစ်စာပေးပို့ရန်မှတ်ချက်ပြုမှုအရယခုကဲ့သို့ နို့တစ်စာပေးပို့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယခု တရားစွဲဆိုရန် နို့တစ်စာပေးပို့သည့် ပင်လုံရတနာဖွံဖြိုးတိုးတက်ရေးကုမ္ပဏီသည် ယခင်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ပိုင်ဆိုင်သည့် ရှိုင်းကုမ္ပဏီများအုပ်စုတွင် ပါဝင်သည်။
The Nyang News
https://www.facebook.com/thenyangnews/photos/a.1876295312628521.1073741828.1867433203514732/1930677507190301/?type=3&theater
လွှတ်တော်အမတ်နှစ်ဦးအား တရားစွဲရန် နို့်တစ်စာပေးပို့
Reviewed by timeayeyar
on
3:28 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment