Latest News

Friday, June 2, 2017

ငြိမ်းချမ်းရေး ရပြီးတဲ့နေ့ - ဆောင်းပါး

ငြိမ်းချမ်းရေး ရပြီးတဲ့နေ့ - ဆောင်းပါး

Photo - အတိုင်ပင်ခံရုံး
ရောဟိဏီမြစ်ရေကို ကပိလ၊ ကောလိယ နှစ်ပြည်ထောင် လယ်သမားတို့ သူတစ်ခါ၊ ကိုယ်တစ်လှည့် ညီညွတ်စွာမြစ်ရေကို မြောင်းသွယ် ရေသွင်းခွဲဝေ စိုက်ပျိုးကြ၏။ တစ်နှစ်သော နယုန်လတွင် ရေနည်းပါးပြီးအောင် ရေလုံလောက်အောင် မသွင်းနိုင်သဖြင့် ကောက်ပင်များ ညှိုးလျော်လာ၏။ နှစ်ပြည်ထောင်လယ်သမားတို့သည် မြစ်ရေကို ‘သူတို့သာ ရသင့်တယ်၊ ငါတို့သာ ရသင့်တယ်’ ဟုအချင်းများ၊ အဝေမတည့်ဖြစ်ကာ တုတ်ဆွဲ ဓားဆွဲရိုက်နှက်ကြရုံမျှမက နှစ်ပြည်ထောင် မင်းတို့ပါဝင်လာပြီး စစ်တပ်ကြီးများချီလျက် ရောဟဏီဖြစ်ကမ်းသို့ စစ်ပွဲကြီးဆင်နွှဲရန် ရောက်ရှိလာကြ၏။ ထိုနှစ်ပြည်ထောင်သည် သာကိယနွယ်ဝင် ဗုဒ္ဓ၏ဆွေမျိုးများဖြစ်ကြ၏။

“ငါသည်နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းမည့်အရပ်သို့ သွားရောက်ပြီးလျှင် စစ်ပြေငြိမ်းစေသောငှာ ခိုက်ရန်၏ဆိုးပြစ်များကို ပြဆိုသော ဖန္ဒနဇာတ်၊ ဒုဒ္ဒုဘဇာတ်၊ လဋုကိကာဇာတ် တို့ကိုဟောကြား၍ စစ်ပွဲကို ပြေငြိမ်းစေအံ့။
ညီညွတ်ခြင်း၏ အကျိုးကိုပြဆိုသော ရုက္ခဓမ္မဇာတ်၊ ၀ဋ္ဋကဇာတ်တို့ကို ဟောကြားပြီး ညီညွတ်ခြင်းကို ဖြစ်စေအံ့။

မိမိ၏ မကောင်းသောအကျင့်ကြောင့် မိမိရော၊ တစ်ပါးသူတို့ပါ ဒုက္ခကြရောက်ခြင်းကို ပြသောအတ္တဒဏ္ဍသုတ်ကို ဆက်လက်ဟောကြားသော် နှစ်ပြည်ထောင်မင်းတို့သည် မင်းသားနှစ်ရာ့ငါးဆယ်စီ ရဟန်းပြုရန်ပေးလှူကြအံ့။ မင်းသားငါးရာတို့ ရဟန္တာများဖြစ်ကြပြီးလျှင် မဟာသမယ (ကြီးကျယ်သော အစည်းအဝေးပွဲကြီး) ဖြစ်အံ့” ဟုသိမြင်တော်မူ၍ ဘုရားရှင်သည် ရောဟိဏီမြစ်ကမ်းသို့ တစ်ပါးတည်း ကြွရောက်တော်မူပါသည်။

နှစ်ပြည်ထောင်မင်းများနှင့် စစ်သားတို့သည် ဘုရားမြတ်စွာကို ဖူးမြင်ရလျှင် “ငါတို့၏ဆွေမျိုး မြတ်စွာဘုရား ကြွတော်မူလာပြီ၊ ငါတို့မျိုးနွယ်တူအချင်းချင်း စစ်တိုက်မည်ကို ကောင်းစွာသိမြင်သောကြောင့် ကြွရောက်တော်မူလာခြင်း ဖြစ်ဟန်တူ၏။ ငါတို့သည် အလေးအမြတ်ပြုအပ်သော ဘုရားရှင်ရှေ့တော်မှောက်၌ မျိုးနွယ်တူချင်း စစ်ခင်းခြင်းငှာမသင့်၊ တစ်ဖက်စစ်တပ်က သတ်လျှင်သတ်ပါစေတော့၊ ဖမ်းလိုကလည်း ဖမ်းပါစေတော့” ဟုကြံတွေးလျက် လက်နက်များကို စွန်ပစ်ကြပြီး ဘုရားရှင်ကို ရှိခိုးလက်အုပ်ချီကာ ထိုင်ကြကုန်၏။

“မြတ်သောမင်းအပေါင်းတို့ အဘယ်ကြောင့် ဤအရပ်သို့ ရောက်လာကြပါသနည်း”

“မြတ်စွာဘုရား၊ တပည့်တော်တို့သည် ရောဟိဏီမြစ်ကိုကြည့်ရန်၊ ရေကစားရန် လာကြသည်မဟုတ်ပါ၊ စင်စစ်သော်ကား ဤရောဟိဏီမြစ်ကမ်းတွင် စစ်ခင်းရန်လာခဲ့ကြခြင်း ဖြစ်ပါသည်ဘုရား”

“မြတ်သောမင်းအပေါင်းတို့၊ အဘယ်ကို အကြောင်းပြု၍ စစ်တိုက်ကြမည်နည်း”

“မြတ်စွာဘုရား၊ ရောဟိဏီမြစ်ရေကို အကြောင်းပြုလျက် စစ်တိုက်ကြပါမည်”

“မြတ်သောမင်းအပေါင်းတို့ ရောဟိဏီမြစ်ရေသည် အဘယ်မျှတန်ဖိုးကြီးပါသနည်း”

“မြတ်စွာဘုရား၊ တန်ဖိုးအလွန်မကြီးလှပါဘုရား”

“မြတ်သောမင်းအပေါင်းတို့ မြေကြီးသည် အဘယ်မျှ တန်ဖိုးကြီးပါသနည်း”

“မြတ်စွာဘုရား၊ အလွန်တန်ဖိုးကြီးပါသည်ဘုရား”

“မြတ်သောမင်းအပေါင်းတို့ ခတ္တိယဇာတ်လူသားတို့၏ အသက်သည် အဘယ်မျှတန်ဖိုးရှိပါသနည်း”

“ခတ္တိယနွယ်ရိုး လူသားမျိုးတို့၏ အသက်သည် အဖိုးအတိုင်းအဆမရှိ ထိုက်တန်ပါသည်ဘုရား”

“မြတ်သောမင်းအပေါင်းတို့၊ လူတို့အသက်ကို ထောက်ဆတန်ဖိုးမမျှသော ရေဖြင့်လူ့အသက်ပေါင်းများစွာကို အဘယ်ကြောင့် သတ်ဖြတ်ဖျက်ဆီးလိုကြပါသနည်း၊ ခိုက်ရန်ငြင်းပွားအချင်းများ စစ်တိုက်ကြခြင်း၌ တစိုးတစိ အကျိုးမရှိနိုင်ချေ” ဟုမိန့်တော်မူပြီး ဖော်ပြပါဇာတ်တော်တို့ကို ဟောကြားတော်မူပါသည်။

ကြို့ပင်အောက် အိပ်နေသောဝက်ဝံသည် သစ်ကိုင်းချောက်ကျိုးကျ၍ သူ့ကျောက်ကုန်းထက်၌ ဖိမိလေသော် နာကျင်၍ အလန့်တကြားထပြေး၏။ နောက်ပြန်လှည့်ကြည့်ရာ မည့်သည့်ရန်သူကိုမျှ မတွေ့ရသဖြင့် “ဒီကြို့ပင်ကိုစောင့်တဲ့နတ် ငါအိပ်နေတာကို မနာလိုမရှုလို့ အကိုင်းချိုးချတယ်၊ သူ့ဗိမာန် (ကြို့ပင်) ကိုငါဖျက်ဆီးပစ်မယ်” ဟုအရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့ပြီး သစ်ကောင်းတို့ဖြင့် လှည်း၊ ရထားအစိတ်အပိုင်းတို့ကို လုပ်ကိုင်ရောင်းချသူအား သစ်တကာတို့တွင် ကြို့ပင်၏အသားသည် လှည်း၊ ရထားလုပ်ရန် အကောင်းဆုံးဖြစ်ကြောင်းပြော၍ ကြို့ပင်ကို ခုတ်လှဲစေ၏။

ကြို့ပင်စောင့်နတ်ကလည်း “သစ်ကိုင်းခြောက် ပစ်မချပါဘဲ၊ သူအလိုလိုကျိုးကျတာကို ဒီဝက်ဝံ ငါ့ကိုရမယ်ရှာ ရန်ငြိုးဖွဲ့ပြီး ငါ့ဗိမာန်ကို ဖျက်ဆီးရက်တယ်၊သူ့အသက်လည်း သေစေရမယ်” ဟုကြံတွေး၍ ကြို့ပင်ခုတ်သူတို့အား လှည်းရထားတို့ကို ခိုင်မြဲစွာချည်နှောင်ရာမှာ ၀က်ဝံ၏ လည်ပင်အရေသည် အကောင်းဆုံးပါ-ဟုပြောဆိုပြီး ၀က်ဝံကို သတ်စေ၏။

“မင်းအပေါင်းတို့၊ ဤအတူပင် လူအချင်းချင်း ခိုက်ရန်ဖြစ်ပွား အချင်းများတိုက်ခိုက်ခြင်းသည် ဥစ္စာပစ္စည်းနှင့် လူ့အသက်တို့သာလျှင် ပျက်စီးဆုံးရှုံးရ၏။ မည်သည့်ကောင်းအကျိုးမျှမရှိ။ ထို့ကြောင့် နှစ်ပြည်ထောင်မင်းအပေါင်းတို့သည် ဂင်္ဂါယမုံနာ နှစ်ဖြာမြစ်ရေကဲ့သို့ ကောင်းစွာနှီးနှော မေတ္တာခြင်းရောယှက်ကြပါကုန်၊ ခိုက်ရန်ဖြစ်ပွား စစ်တိုက်ခြင်းမပြုပါကုန်လင့်၊ ၀က်ဝံနှင့် ကြို့ပင်စောင့်နတ်ကဲ့သို့ မဖြစ်ကြပါကုန်လင့်၊ သွေးစည်းညီညွတ်ကြပါကုန်လော့၊ ညီညွတ်ခြင်း၌သာ မွေ့ပျော်ကြပါကုန်၊ အချင်းချင်းညီညွတ်ခြင်းကို အဆူဆူသော ဘုရားရှင်တို့ ချီးမွမ်းကြပါသည်” ဟု ဖန္ဒနဇာတ်တော်ကိုလည်းကောင်း- ဥသျှစ်ပင်အောက် ထန်းလက်ရိပ်ခိုလျက် ယုန်တစ်ကောင်ဝပ်၍နေရာ ထန်းရွက်ပေါ်သို့ ဥသျှစ်သီးကြွေကျသဖြင့် “မြေပြိုပြီ၊ မြေပြိုပြီ” ဟုမြည်တမ်း အလန့်တကြားပြေးသွားသော ယုန်နောက်သို့ မဆင်မခြင် ဟိမ၀န္တာတောအတွင်းရှိ သတ္တ၀ါအပေါင်းတို့ သမုဒ္ဒရာသို့ ရှေးရှုပြေးသွားကြ၏။ ဘုရားအလောင်း ခြင်္သေ့မင်းနှင့်တွေ့ပါမှ အဖြစ်မှန်ကိုသိရှိကြကာ သမုဒ္ဒရာအတွင်း သက်ဆင်းကျရောက်မည့် သေဘေးမှလွတ်မြောက်ကြ၏။ သူတစ်ပါးပြောစကားကို မစူးစမ်းမဆင်ခြင်ဘဲ ယုံကြည်သူများ မဖြစ်သင့်ကြောင်းကိုပြဆိုသော ဒုဒ္ဒုဘဇာတ်တော်ကို လည်းကောင်း- ဗီလုံးငှက်ငယ်မ၏ သားပေါက်ကလေးများကို ဆင်ရိုင်းကြီးတစ်ကောင်က နင်းချေသတ်ဖြတ်သဖြင့် ဗီလုံးငှက်ငယ်မသည် ကျီးကန်း၊ ယင်းမမဲရိုင်း၊ ဖားတို့နှင့် အဆွေခင်ပွန်းဖွဲ့လျက် ဆင်ရိုင်းကြီး၏ မျက်လုံးများ ကန်းအောင် ကျီးကန်းက ထိုးဖောက်၏။ ယင်းမမဲရိုင်းက ဥတွေဥချ၊ ပိုးလောက်များ ပေါက်ဖွား၊ ကိုက်ခဲဆင်းရဲကို ခံစားရစေလျက် မျက်စိကန်းစေ၏။ ဖားကတောင်ထိပ်မှနေ မြည်သံပေး၍ ဆင်ကြီးကိုမျှားခေါ်၏၊ ဆင်ကန်းကြီး တောင်ထိပ်ရောက်သောအခါ ချောက်ထဲမှတစ်ဖန် ဖားသံပေးပြန်၏။ ဖားရှိက ရေရှိမည်အထင်ဖြင့် ဆင်းကန်းတောတိုးအဖြစ်ဆိုးဖြင့် သေဆုံးရ၏။ လှည့်စားခြင်းတို့ကို အမြင်ကန်းနေသော၊ အလွန်ဆာလောင်မွတ်သိပ်နေသော၊ နာကျင်ကိုက်ခဲခြင်းကြောင့် ဒေါသူပုန်ထနေသော ဆင်ကန်းကြီးမသိရှာခဲ့။

“အိုမင်းအပေါင်းတို့၊ ကိုယ့်အောက်ခွန် အားငယ်သော တစ်စုံတစ်ယောက်သူနှင့်မျှ ရန်အမှုကိုမပြုသင့်၊ အင်အားနည်းပါးကြသည့် ဗီလုံးငှက်၊ ကျီးကန်း၊ ယင်းမမဲရိုင်း၊ ဖား- လေးဦးသားတို့ပေါင်းစုအားဖြင့် ညီညွတ်စွာ မိမိတို့ထက်အင်အား အဆမတန် ကြီးမားလှသော ဆင်ပြောင်ကြီးကိုပင် အသက်ကုန်ဆုံးခြင်းသို့ ရောက်စေနိုင်၏။ ထို့ကြောင့် မချစ်လုံးလုံး အမုန်းတရားပွားစေမည့် စစ်တိုက်ခြင်းကို မပြုကြပါကုန်လင့်” ဟု လဋုကိကဇာတ်တော်ကို လည်းကောင်း ဟောကြားတော်မူပြီး ခိုက်ရန်ဖြစ်ပွားအချင်းများ စစ်တိုက်ခြင်းကိုမပြုကြရန် ဆုံးမတော်မူပါသည်။

ဥာဏ်ပညာကြီးမားသူ၊ အင်အားကြီးသူများပင် ဖြစ်စေဦးတော့ ဖားမြည်သံကြားတိုင်း ရေမရှိတတ်၊ လှည့်စားခြင်း ဖားသံတို့ကို သတိသမ္ပဇဉ် ဥာဏ်ယှဉ်လျက် ချင့်ချိန်နိုင်စွမ်းရှိကြရပါမည်။ ဆင်ကန်းတောတိုး အဖြစ်ဆိုးနှင့် မကြုံရစေဖို့ အထူးလိုအပ်လှ၏။

“အိုမင်းအပေါင်းတို့၊ သင်တို့သည် ဆွေရင်းမျိုးချာများ ဖြစ်ကြ၏။ ဆွေမျိုးတို့မည်သည် ညီညွတ်ကြမှသာ ရန်သူတို့ အခွင့်ရေးမရနိုင်၊ လူသားတို့သာမဟုတ် သစ်ပင်တို့ပင် ညီညွတ်မှုရှိပါမှ သင့်လျော်၏” ဟု ဟိမ၀န္တာတောအရပ်၌ ပင်ချင်းဆက်လျက် နွယ်ချင်းယှက်ပြီး ပေါက်နေသော သစ်ပင်ငယ်တို့သည် လေပြင်းတိုက်ခတ်သော်လည်း ကျိုးကြေပြိုလြဲ့ခင်းမရှိ၊ လွင်ထီးခေါင်၌ တစ်ပင်တည်းသော သစ်ပင်ကြီးသာ ပြိုလဲရသည့် ရုက္ခဓမ္မဇာတ်တော်ကို လည်းကောင်း-
ငှက်မုဆိုး၏ ဖမ်းဆီးခြင်းကို အကြိမ်ကြိမ်ခံကြရသော ငုံးငှက်အပေါင်းသည် ညီညွတ်စွာဖြင့် ပိုက်ကွန်ကို ကိုက်ချီလျက် ပျံနိုင်ကြသဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြ၏။ မုဆိုးကို ပိုက်ကွန်များစွာ ဆုံးရှုံးစေ၏။ နောင်တွင် ငုံးငှက်တို့သည် ‘သူ့ကြောင့်လွတ်မြောက်တယ်၊ ငါ့ကြောင့်သာ လွတ်မြောက်တယ်’ ဟုငြင်းခုံပြီး ညီညွတ်ခြင်းပြိုကွဲ၍ ငုံးငှက်အားလုံး မုဆိုးပိုက်ကွန်မှာ အမိခံကြရပြီး သေကျေပျက်စီးကြသည့် ၀ဋ္ဋကဇာတ်တော်ကို လည်းကောင်း ဟောကြားတော်မူ၍ မျိုးနွယ်တူအချင်းချင်း ငြင်းခုံကြခြင်းသည် ပျက်စီးရန်သာဖြစ်ကြောင်းကို ဆုံးမတော်မူသည်။

ထိုနောက် အကုသိုလ်ဒုစ္စရိုက်အမှုတို့ကို ပြုခြင်း၊ ပြောခြင်း၊ ကြံစီခြင်းသည် ဆင်းရဲခြင်းမျိုးစုံ၊ မီးလျှံတို့ဖြင့် သတ္တ၀ါတို့ အတောမသတ်တရ စပ်ခံစားရသော ငရဲသို့ရောက်နိုင်ခြင်းကို ပြဆိုသော အတ္တဒဏ္ဍသုတ်ကို ဟောကြားတော်မူ၏။
နှစ်ပြည်ထောင်မင်းတို့သည် အညီအမျှ ၀မ်းမြောက်ကြလျက် “ငါတို့သည် ဘုရားမြတ်စွာ ကြွရောက်မလာလျှင် အချင်းအချင်းသတ်ကြပေလိမ့်မည်၊ ဘုရားရှင်ကိုအမှီပြု၍ ငါတို့အသက်ချမ်းသာရာရပေပြီ” ဟု အချင်းချင်းတိုင်ပင်ကြလျက် ဘုရားမြတ်စွာထံ မင်းသားနှစ်ရာ့ငါးဆယ်စီ ရဟန်းပြုရန် လှူဒါန်းကြပါသည်။

မင်းသားငါးရာတို့အား ဧဟိဘိက္ခူ-ရဟန်းပြုပေးပြီး အရဟတ္တဖိုလ်ပေါက် ကမ္မဋ္ဌာန်းတရားကို ပေးသော်လည်း ဇနီးမယားတို့ကို လွမ်းဆွတ်တသ သတိတရဖြစ်နေကြသောကြောင့် တရားမရနိုင်ကြ။ ထို့ကြောင့် ပျင်းရိခြင်းကို ပယ်ဖျောက်ရန် ဟိမ၀န္တာအရပ်ရှိ တောခုနစ်ထပ်၊ တောင်ခုနစ်ထွေ စိမ့်စမ်းရေအသွယ်သွယ် ငှက်မျိုးစုံတို့ဖြင့် အဆန်းတကျယ် တင့်တယ်သာယာ မွေ့ပျော်ဖွယ်ကောင်းသော ကုဏာလအိုင်သို့ တန်ခိုးတော်ဖြင့် ခေါ်ဆောင်လျက် ကုဏာလဇာတ်ကို ဟောကြားတော်မူပြီး သောတာပန်အဖြစ်သို့ ရောက်စေသည့်ပြင် မြေလျှိုးမိုးပျံနိုင်သော တန်ခိုးဈာန်တို့ကိုလည်းရရှိကြ၍ ဘုရားရှင်နှင့်အတူ ကပိလ၀တ်မြို့တော်အနီး မဟာဝုန်တော်ကြီးသို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာကြ၏။

အရိယာဖြစ်ကြသော ငါတို့သည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေကြရန် မသင့်ချေ-ဟုကြံတွေးကြလျက် သစ်တစ်ပင်ရင်း ၀ါးတစ်ပင်အောက်တို့၌ ပြင်းပြင်းထန်ထန် တရားအားထုတ်ကြရာ ရဟန္တာများဖြစ်ကြပြီး ဘုရားရှင်ထံမှောက်သို့ ရောက်ရှိလာကြကုန်၏။

“လာသွားကြစို့၊ ဘုရားဖူးခြင်း၊ တရားနာခြင်း၊ ဖြစ်စရဟန္တာငါးရာတို့ကို ဖူးမျှော်ရခြင်းသည် ကျေးဇူးကြီးမားလှ၏’ ဟုဆိုကာ စကြာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့လည်း ရောက်လာကြကုန်၏။

ထိုသို့ ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာများစွာတို့ စည်းဝေးဆုံဆည်းရာအခါကြီး၌ နတ်ဗြဟ္မာတို့၏ မျိုးနွယ်တို့ကို ပြဆိုသော မဟာသမယ သုတ်တော်ကြီးကို အရှေ့လောက ဓာတ်ယုဂန္ဓိုရ်တောင်ထိပ်မှ အညစ်အကြေးငါးမျိုး ကင်းစင်သော လပြည့်ဝန်းကြီး ထွန်းလင်းတောက်ပ ပေါ်ထွက်လျက်ရှိသော၊ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းလျက်ရှိသော နယုန်လပြည့်နေ့တွင် ဟောကြားတော်မူပါသည်။ မဟာသမယသုတ်ကို နှစ်ပြည်ထောင်မင်းတို့ ငြိမ်းချမ်းရေးရပြီးမှ ဟောကြားတော်မူသောကြောင့် “ငြိမ်းချမ်းရေး ရပြီးတဲ့နေ့” ဟုဆိုနိုင်ပါသည်။

နိုင်ငံနှင့်လူမျိုး ချမ်းသာဖို့ဆိုလျှင် ငြိမ်းချမ်းဖို့ လိုအပ်၏။ ငြိမ်ချမ်းခြင်းသည် အချင်းချင်းညီညွတ်ကြပါမှ ဖြစ်နိုင်၏။ ထို့ကြောင့် ၀ိဝါဒမကွဲပြား အချင်းများမနေကြဘဲ အချင်းချင်းညီညွတ်စွာဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါစေကြောင်း မဟာသမ-(ငြိမ်းချမ်းရေးရတဲ့)နေ့မှာ ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

ကျမ်းညွှန်း-(မဟာဗုဒ္ဓ၀င်၊ တတိယတွဲ၊ ၄၀၆။)

အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

Eleven Media Group

No comments:

Post a Comment