လန်ဒန်တာဝါ အဆောက်အအုံ မီးကြီးလောင်မှုမှ သေဆုံးသူ ၁၇ ဦးအထိ မြင့်တက်လာ
သေဆုံးသူ ၁၇ ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်သည့် အနောက်လန်ဒန်ရှိ ၂၄ ထပ် (အစောပိုင်းတွင် ၂၇ ထပ်ဟု ဖော်ပြခဲ့။) အဆောက်အအုံ မီးလောင်မှုကြီးအတွင်းမှ အလောင်းများအား မီးသတ်သမားများက ဇွန် ၁၅ ရက်တွင် ခက်ခက်ခဲခဲ ဆက်လက်ရှာဖွေနေကြစဉ် ယင်းအဆောက်အအုံအား ပြုပြင်မွမ်းမံခဲ့မှုက ယင်းမီးဘေးကြီးကို ဖြစ်စေခဲ့ခြင်း ရှိ၊ မရှိ မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ လူ ၆၀၀ ခန့် နေထိုင်သော Grenfell Tower ကို ကယ်ဆယ်ရေးများက ရှာဖွေနေစဉ် သေဆုံးသူအရေအတွက် ထပ်မံမြင့် တက်လာဖွယ်ရှိသည်။
မီးကြီးလောင်မှုကြောင့် မီးသွေးခဲတုံးကြီးကဲ့သို့ ဖြစ်သွားသော ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းအချို့သည် ဘေးကင်းမှု မရှိသေးကြောင်း၊ အထပ်တိုင်းအား စေ့စေ့စပ်စပ်လိုက်ရှာရန် အချိန်ယူရမည်ဖြစ်ကြောင်း မီးသတ်ဌာနကော်မရှင်အဖွဲ့ဝင် ဒန်နီကော်တွန်က Sky News သို့ ပြောကြားခဲ့သည်။ အဆောက်အအုံထဲတွင် ပိတ်မိနေသူ မည်မျှရှိနေဆဲဖြစ်ကြောင်း မသိရသေးဘဲ အသက်ရှင်လျက် ပြန်တွေ့ပါက အံ့ဖွယ်သရဲဖြစ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တိုက်ခန်း ၁၂၀ ပါဝင်သော ယင်းအဆောက်အအုံကြီးအား မီးလောင်ကျွမ်းခဲ့ပြီးနောက် မိသားစုလိုက် ပျောက်ဆုံးနေဆဲဖြစ်ပြီး နေထိုင်သူအချို့သည် တစ်ခုတည်းသော လှေကားမှတစ်ဆင့် မီးခိုးလုံးကြီးများကို ဖြတ်၍ဆင်းပြေးခြင်း၊ ပြတင်းပေါက်မှ ခုန်ချခြင်း သို့မဟုတ် ဘေးကင်းရန်အတွက် ကလေးများအား အောက်သို့ပစ်ချခြင်းတို့ ပြုလုပ်ခဲ့ရသည်။
ပြီးခဲ့သောနှစ်တွင် ပေါင် ၈ ဒသမ ၇ သန်း (ဒေါ်လာ ၁၁ သန်း) ခန့် သုံးစွဲ၍ ပြန်လည်မွမ်းမံခဲ့မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၁၉၇၀ ပြည့်လွန်နှစ်များက တည်ဆောက်ခဲ့သည့် ယင်းအင်္ဂတေ အဆောက်အအုံ၏ အပြင်ဘက်နံရံများကို ထပ်အုပ်ခဲ့သည့် အကာများသည် ယင်းမီးကြီးလောင်ကျွမ်းရမှုနှင့် ပတ်သက်၍ အဓိကအာရုံစိုက်ခံနေရသည်။ ယင်းအကာများသည် ပြင်သစ်၊ ယူအေအီးနှင့် သြစတြေးလျတို့ရှိ အထပ်မြင့် အဆောက်အအုံများတွင် သုံးစွဲခဲ့သည့် အရာနှင့်တူညီသော ပလတ်စတစ်အလိပ်များ ဖြစ်ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။
ယင်းတာဝါပြုပြင်မွမ်းမံမှုအား လုပ်ဆောင်ခဲ့သည့် Rydon ကုမ္ပဏီက ၎င်းတို့၏ ဆောင်ရွက်မှုသည် အဆောက်အအုံ စည်းမျဉ်းအားလုံးနှင့် ကိုက်ညီခဲ့ကြောင်း ဖြေရှင်းခဲ့သည်။ နောက်ဆုံး ရုပ်အလောင်းများအား ပြန်လည်ရရှိချိန်တွင် ယင်းဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးသွားမည်ဟု ၀န်ကြီးချုပ်ထရီဆာမေက ပြောကြားခဲ့သည်။
Grenfell တာဝါသည် နော့တင်းဟေးရှိ ကမ္ဘာတွင် ဈေးအကြီးဆုံးနေအိမ်အချို့နှင့် လမ်းများသာ ခြားလျက် ကင်ဆင်းတန်မြောက်ဘက်တွင် တည်ရှိသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment