သက်တမ်း
(၁)
‘သက်တမ်း’ ဟူသော ခေါင်းစဉ်ကိုဖတ်ရသဖြင့် လူနှင့်ပတ်သက်သည့် သက်တမ်းကိုသာ စဉ်းစားမြင်ယောင်မိမည် ထင်သည်။ လူ့သက်တမ်းဟူသည် လူတစ်ယောက် အသက်ရှင်နေသမျှ ရက်၊ လ၊ နှစ်တည်းဟူသော အချိန်ကာလ တစ်လျှောက်အတွက် သတ်မှတ်ချက်တစ်ရပ် ဖြစ်သည်ကို အထူးပြောရန်လိုမည် မထင်ပေ။ သို့ပင်ဖြစ်လင့်ကစား လေ့လာသတ်မှတ်ထားသည့် လူ့သက်တမ်းနှစ်ကာလအတိုင်း လူတိုင်းသည် အပြည့်အ၀ အသက်ရှင်နေထိုင်နိုင်ချင်မှ နေထိုင်နိုင်မည်။ ဘယ်သူမပြု မိမိမှုဆိုသည့်စကားအတိုင်း လူတစ်ဦးနှင့် တစ်ဦးနေ့စဉ်ဘ၀တွင် ပြုမူဆက်ဆံ လှုပ်ရှားနေထိုင်မှု ပုံစံကွဲပြားသည်နှင့်အမျှ ကိုယ်ခန္ဓာအပေါ် သက်ရောက်မှုလည်း မတူညီသောကြောင့် သက်တမ်းတိုခြင်း၊ ရှည်ခြင်းစသဖြင့် ကွဲပြားခြားနားရခြင်း ဖြစ်သည်။
အမှန်စင်စစ် လူ့သက်တမ်းအကြောင်း စိတ်ဝင်စားမိခြင်းထက် မြန်မာနိုင်ငံအဖို့ အစားအသောက်၊ အသုံးအဆောင် ပစ္စည်းကိရိယာ စသည်တို့၏ သက်တမ်းနှင့်စပ်လျဉ်း၍ လေ့လာရသည်ကို စာရေးသူပိုမိုစိတ်ဝင်စားသည်ဟု ပြောရပေမည်။ တစ်နေ့ကပဲ ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းပေါ်ရှိ ဓာတ်မီးတိုင်သုံးတိုင်နှင့် တယ်လီဖုန်းတိုင်သုံးတိုင် ပြိုလဲကာ ယာဉ်များအပေါ် ပိကျပျက်စီးမှုဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည့် သတင်းတစ်ခု ဖတ်ရသည်။ ယာဉ်တစ်စီးက အဆိုပါအိုက်ကျနေသော ဖုန်းကြိုးများအား ချိတ်လိုက်မိရာမှ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းမှတစ်ဆင့် ဖုန်းကြိုးတိုင်နှင့် ဓာတ်အားတိုင်များအနီးရှိ ကားများပေါ်သို့ ပြိုလဲပိကျခြင်း ဖြစ်သည်။ အဓိကပြောချင်သည်မှာ တိုင်များအားမူလကတည်းက ထုတ်လုပ်ရာတွင် ဘိလပ်မြေသား တစ်မျိုးတည်းကိုသာ အသုံးပြုထားပြီး သံချောင်းဖြင့် ထောက်ကူပံ့ပိုးပေးထားခြင်း မရှိသည်ကို တွေ့ရကြောင်း ပြောချင်သည်။ တိုင်ထဲတွင် သံထည်မပါရှိမှု ဖြစ်စဉ်ကြောင့် ယင်း၏ အသုံးခံနိုင်စွမ်းသက်တမ်းမှာ မကုန်ဆုံးသင့်ဘဲ ကုန်ဆုံးသွားသည်။ အချိန်မစေ့မီ သက်တမ်းကုန်ဆုံးသွားခြင်း၏ အကျိုးဆက်အဖြစ် ငွေကြေးအလေအလွင့်များစွာသည်လည်း ထိုသက်တမ်းကုန်ဆုံးသွားမှုနှင့်အတူ မျောပါဆုံးရှုံးသွားလေတော့သည်။ ဤတွင်လူတို့၏ လောဘဇောတိုက်မှုကြောင့် ထုတ်လုပ်မှုပစ္စည်းတစ်ခု အချိန်မတိုင်မီသက်တမ်း ကုန်ဆုံးသွားရခြင်း စံနမူနာသာဓကအဖြစ် ပြရမည်ဖြစ်သည်။
(၂)
‘သက်တမ်း’ ခေါင်းစဉ်ပါ ကဗျာတစ်ပုဒ်ကို ချယ်ရီမဂ္ဂဇင်းတွင် ၁၉၈၆ ခုနှစ် ကတည်းက ရေးခဲ့သည်။
သက်တမ်း
စက္ကူစွန်တစ်ကောင်၏
ထိုးထောင်တက်လှမ်း၊
သူ့သက်တမ်းသည်
တိမ်ဂွမ်းသို့ချဉ်း၊ လေပြင်းနှင့်ငြိ
ရင်ဆိုင် မိမမိ
လွှတ်သည့်အပေါ် မူတည်သည်။
ကဗျာဆရာအဖို့ သူရေးလိုက်သည့်ကဗျာပါ နိမိတ်ပုံများ သို့မဟုတ် နိမိတ်ပုံတစ်ခုအတွက် စာဖတ်သူက အမြင်ရှုထောင့်တစ်ခုစီမှ ကြိုက်နှစ်သက်သလို အနက်ဖွင့်ဆိုရန်သာ ဖြစ်သည်။ ကဗျာရေးသူကမူ မိမိရည်ညွှန်း ပြောဆိုလိုသော ခိုင်းနှိုင်းချက်ကို ထုတ်ဖော်ပြောကြားလေ့ မရှိဘဲ ရင်ထဲ၌ လျှို့ဝှက်စွာသာ သိမ်းဆည်းထားတတ်ပေသည်။ ‘စက္ကူစွန်’ ကို စက္ကူဖြင့် တည်ဆောက်ထားသည့်အတွက် တာရှည်မခံသော၊ ပျက်စီးလွယ်သောသဘော သက်ရောက်သည်ဟု ယူလိုကယူနိုင်သည်။ ပြီးတော့ ‘စက္ကူစွန်’ ကို ‘အာဏာ’ ဟုယူသော် ရကောင်း၏။ သို့ဖြစ်၍ ‘လေပြင်း’ ကို ‘ပြည်သူလူထု’ ဟုယူလျှင် သင့်လျော်မည်ထင်သည်။ ထိုမှ ဆက်စပ်တွေးတောလိုက်ပါက စွန်လွှတ်သူသည် ‘အာဏာရှင်’ ။ သူ့စွန်၏ သက်တမ်းသည် လေပြင်းနှင့် ရင်ဆိုင်ငြိ၊ မငြိဆိုသည့် အပေါ်မူတည်ကာ သက်တမ်းတိုခြင်း၊ သက်တမ်းရှည်ခြင်းဟူ၍ ဖြစ်လာမည်သာ ဖြစ်သည်။ ကဗျာ၏ နောက်တစ်ပိုဒ်ကို ကြည့်ပါ။
ကားတစ်စီး၏
ဆီမီးအစုံ၊ ခြုံငုံဆင်မြန်း
သူ့သက်တမ်းသည်၊
လမ်းကွေ့ချိုင့်ကျင်း
ဆူးခင် ဘီးကျွံ၊ ရွှံ့ညွန် မိမမိ
မောင်းသည့်အပေါ် မူတည်သည်။
ခရီးသည် သယ်ယူပို့ဆောင်ရေးယာဉ် လိုင်းနှစ်လိုင်းကို ၀ိုင်ဘီအက်စ်က ကားအသစ်များဖြင့် စတင်ပြေးဆွဲပေးနေပြီဟု သိရသည်။ စတင်ပြေးဆွဲသည့်နေ့က လှိုင်သာယာဘက်မှ ခရီးဆက်မည့်သူများ၏ မျက်နှာပေါ်တွင် ကျေနပ်မှုအပြုံးကိုယ်စီဖြင့် ရှိနေကြသည်ကို တွေ့ရသည်ဟုဆိုသည်။ အားလုံးသောခရီးသည် များသည်နေ၏ အပူဒဏ်ခံစားနေရာမှ အဲယားကွန်းပါပြီး သန့်ရှင်း၊ သပ်ရပ်လှပသော ကားထဲသို့ ၀င်ရောက်သွားသည့်အခါ ခံစားရသော ကြည်နူးနှစ်သိမ့်မှု ခံစားချက်များအား လူမှုကွန်ရက်ပေါ်၌ တစ်ယောက်တစ်မျိုးစီ ရင်ဖွင့်ရေးသားကြသည်။
သို့သော် ယခုမှ ခရီးရှည်၏ အစသာရှိသေးသည်။ ကားအသစ်တစ်စီးအား ဆီ၊ မီးစသဖြင့် အပြည့်အစုံ တပ်ဆင်ပေးလိုက်စေကာမူ ထိုကား၏သက်တမ်းသည် လမ်းအကွေ့အကောက်၊ လမ်းရှိ ချိုင့် ကျင်းဆူးငြောင့် ခလုတ်ကန်သင်းများ၊ ရွှံ့ညွန်အမှိုက်သရိုက်များ၏ ဟန့်တားနှောင့်ယှက်မှုအပေါ် များစွာတည်မှီနေကြောင်း သတိကြီးစွာထားရန် လိုသည်။ ‘လမ်းကွေ့’ ၊ ‘ချိုင့်ကျင်း’ ၊ ‘ဆူးငြောင့်’ ၊ ‘ရွှံ့ညွန်’ စသည့် နိမိတ်ပုံ၊ ရူပကအလင်္ကာများကို အဖျက်အမှောင့် မိစ္ဆာကောင်များအဖြစ် တင်စားကာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးလောကတို့တွင် အခါမရွေး ဆုံကြုံတွေ့နိုင်သောကြောင့် ထို ‘ကား’ ဟူသော လည်ပတ်ရွေ့လျားခြင်း ‘ယန္တရား’ သည် အချိန်မရွေး ရပ်တန့်သွားနိုင်သည်။ ပြီးတော့ သက်တမ်းတာရှည် တည်တံ့စေရန် ပြုပြင်ထိန်းသိမ်းမှုသာမက အများပြည်သူ၊ လူထုလူတန်းစား တစ်ရပ်လုံးကလည်း အဆင့်မြင့်စိတ်ဓာတ်ဖြင့် မပျက်စီးစေရန် ၀ိုင်းဝန်းကာကွယ်ရပေမည်။
‘သက်တမ်း’ ကဗျာ၏ နောက်တစ်ပိုဒ်ကို ဆက်လက်ဖတ်ရှုခံစား ကြည့်ပါခင်ဗျား။
ကုလားထိုင်တစ်လုံး၏
အသုံးခံနိုင်စွမ်း၊ သူ့သက်တမ်းသည်
ကြမ်းကြမ်းနှဲ့ကိုင်၊ ယိမ်းထိုးယိုင်အောင်
မနိုင်ဝန် ပိမပိ
ထိုင်သည့်အပေါ် မူတည်သည်။
ကုလားထိုင်တစ်လုံးပေါ်သို့ မည်သို့ထိုင် ချတတ်လေ့ရှိကြသနည်း။ လူအမျိုးမျိုးအဖုံဖုံ ရှိကြသည့်အနက် ကုလားထိုင်ပေါ် ဖြည်းဖြည်းသက်သာထိုင်ချသူ၊ ရုတ်တရက် ဆောင့်ထိုင်ချသူ၊ တစ်ကိုယ်လုံးပစ်ထိုင်ချသူ၊ ထိုင်ပြီး အနေအထား၌လည်း ဂနာမငြိမ်ဘဲ လှုပ်ခါယမ်းသူ စသဖြင့်ရှိရာ စာပေဟောပြောပွဲတစ်ခုတွင် စာရေးဆရာတစ်ဦးပြောသည့် စကားကို အမှတ်ရနေမိပြန်သည်။ ယင်းစာရေးဆရာက စင်မြင့်ပေါ်ရှိ ကုလားထိုင်တွင် ထိုင်နေရင်း စကားပြောနေရာမှ ကြားဖြတ်၍သူဟော ပြောပြီးပါက ယင်းကုလားထိုင်ပေါ်မှ မုချ ဆင်းပေးမည်ဖြစ်ကြောင်းနှင့် ပရိသတ်များ မစိုးရိမ်ကြရန် အရွှန်းဖောက်သည်။ ကုလားထိုင်ပေါ် ထိုင်မိသည်နှင့် ယင်းအပေါ်မှ ဆင်းမပေးချင်သူ အများအပြား ရှိနေသေးပါကလားဟု လူတို့ လောကဓမ္မတာအား ဆင်ခြင်မိစေရန် သတိပေးခြင်းလည်း ဖြစ်မည်။ ကိုယ်ခန္ဓာအလေးချိန်များသော လူဝကြီးကို မနိုင်ဝန်ထမ်းနေရသည့် ကုလားထိုင်များသည် အချိန်မစေ့မီ သက်တမ်းကုန်ဆုံး၍ ပျက်စီးရန် ဖြစ်နိုင်ခြေပိုများသည်။
သို့ဖြစ်ရကား လူတစ်ဦးတစ်ယောက်ထိုင်သော ကုလားထိုင်သည် သူနှင့် လိုက်လျောညီထွေဖြစ်ရန်၊ သဟဇာတဖြစ်ရန် လိုသည်။ ကုလားထိုင်သည်သူနှင့် လိုက်ဖက်မှု မရှိလောက်အောင် ကြီးမားလွန်းနေပါကလည်း ကုလားထိုင်ကြားထဲ၌ လူမမြင် သူမမြင် နစ်မြုပ်ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။
(၃)
ကုလားထိုင်နှင့် အလားတူဖြစ်သော ကျောင်းသုံးပရိဘောဂပစ္စည်းများနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပညာရေးဌာနများ၊ စာသင်ကျောင်းများ၌ အသုံးပြုရန် တင်ဒါအောင်ကုမ္ပဏီမှ တင်သွင်းသည့် ပရိဘောဂတို့မှာ စံချိန်စံညွှန်းမမီဟု တွေ့ရှိရသည်ဆိုသော သတင်းတစ်ပုဒ် ဖတ်ရှုရသည်။ ( The Daily Eleven ၂၇-၅-၂၀၁၇ နေ့ထုတ်)။ စာသင်ကျောင်းအချို့တွင် ကျောင်းသုံးပရိဘောဂများ ပြုလုပ်ပေးရန် တာဝန်ပေး အပ်ခံရသည့် ကုမ္ပဏီကတင်သွင်းသော စာသင်ခုံတို့သည် သတ်မှတ်ထားသည့်သစ်ကို အသုံးပြုမထားခြင်း၊ လက်ရာသေသပ်မှုမရှိခြင်း၊ ဆွေးမြည့်နေခြင်းများ ပါရှိနေသောကြောင့် အစိုးရက ယင်းကိစ္စအား ဆောင်ရွက်ပေးရန် လွှတ်တော်တွင်မေးမြန်းမှုကို သက်ဆိုင်ရာဝန်ကြီးက ထည့်သွင်းဖြေကြားသွားသည် ဆိုသည်။
ပစ္စည်းပစ္စယ၊ အသုံးအဆောင်မှန်သမျှသည် ပြုလုပ်သူများ၊ သုံးစွဲသူများ၏ အမှောင့်ပယောဂကြောင့် ယင်းတို့၏ သက်တမ်း အနည်းအများ တိုတောင်းသွားကြသည်မှာ ငြင်းဖွယ်ရာမရှိ။ နိုင်ငံရေးဇာတ်ခုံပေါ်ရှိ ကုလားထိုင်တစ်လုံးဟူသော နိမိတ်ပုံကိုစေ့စေ့စပ်စပ် နက်နက်ရှိုင်းရှိုင်းတွေးကြည့်လေ အတွင်းသား၏ အနိဋ္ဌာရုံ အနံ့ဆိုးများ လွင့်ပျံ့ပေါ်လွင်လာ လေပင်ဖြစ်သည်။ သို့စဉ်လျှက် သက်တမ်းကုန်ဆုံး ပျက်ကျေပြုန်းပြီးဟု သိပင်သိသော်ငြားလည်း ညစဉ် စိတ်ကူးယဉ်အိပ်မက်ထဲ၌ ကုလားထိုင်တစ္ဆေ အခြောက်လှန့်ခံနေဆဲပင် ရှိသေးသည်။
(၄)
အနုပညာကဗျာ စာပေသမားတို့၏ ရသဖန်တီးမှု အရေးအသားများသည် စေတနာနှင့် ရပ်တည်ချက် ပြည့်ဝမှန်ကန်သည်နှင့်အမျှ မပျောက်မပျက် မတိမ်ကောဘဲ ရာစုနှစ်များစွာ တည်တံ့ခိုင်မြဲနေခြင်းသည်ပင် အခြားပစ္စည်းပစ္စယတို့နှင့်မတူသော သဘောသဘာဝရှိကြောင်း တွေ့မြင်ခံစားရပေမည်။ ရှေးဘုရင်မင်းများ အဆက်ဆက် စာဆိုများရေးသားသီကုံးခဲ့သော စာပေများသည် ယနေ့တိုင်တည်တံ့နေဆဲ။ အနုပညာဦးတည်ချက်၊ ခံယူချက်နှင့် စေတနာမှန်သောစာရေးဆရာ၊ ကဗျာဆရာတို့၏ ဖန်တီးမှုလက်ရာများသည် ယနေ့တိုင် လူအများအတွက် မှီငြမ်းရာ၊ အတုယူလေ့လာရာ စာပေမှတ်တိုင်များအဖြစ် တည်ရှိနေဆဲပင် ဖြစ်သည်။ ယင်းကို စာရေးသူက ‘သက်တမ်း’ ကဗျာနောက်ဆုံးပိုဒ်အဖြစ် အဆုံးသတ်ရေးဖွဲ့ ဖြစ်သည်။
ကဗျာတစ်ပုဒ်၏
လှုပ်ခတ်နိုင်စွမ်း၊ သူ့သက်တမ်းသည်
ကြမ်းကြမ်းနှဲ့လေ၊ မနဲ့လေ…
လေပြင်းခြွေလေ၊ မကြွေလေ…
မြေလမ်းဆူးခင်း
ဘီးကျွံနင်းလေ၊ အခင်းပြေ…
သွေးလေဆူထ
အာဟာရမပြည့်လေ၊ မာန်ပြည့်လေ…
ရေတွက်မနိုင်၊ မှတ်တိုင်ထောင်သောင်း
ခြေရာပေါင်းကြည့်
နှစ်ပေါင်းရာထောင် ၀ိညာဉ်မသေ။ ။
(ချယ်ရီမဂ္ဂဇင်း - ၁၉၈၆ ဒီဇင်ဘာ)
ချုပ်ရလျှင် လေပြင်းနှင့်ငြိသော စက္ကူစွန်တစ်ကောင်၏ သက်တမ်းသည် မရှည်နိုင်၊ ကြမ်းတမ်းစွာနှဲ့ ကိုင်ခံရသော ကုလားထိုင် တစ်လုံး၏သက်တမ်းသည် မရှည်နိုင်ဟူသောလောက ဓမ္မသစ္စာတရားသည် အိပ်မက်ထဲတွင်မဟုတ်ဘဲ လက်တွေ့အရှိတရားများသာ ဖြစ်သည်ကို သတိချပ်မိကြရန် ဖြစ်သည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment