ပန်းခြံ
ညနေစောင်း ခြံထဲမှာ လမ်းလျှောက်ရတာ ကိုယ်စိတ်နှစ်သွယ် ကျန်းမာရေးအတွက် ကောင်းပါတယ်။ မှန်မှန်လေ့ကျင့်ခန်းလုပ်မှ လုံလုံလောက်လောက်ရှိမှ ကိုယ်ခန္ဓာသန်စွမ်းခိုင်မာသလို အရွက်တွေ၊ အပင်တွေ၊ ပန်းတွေကို ကြည့်ရတာ စိတ်ကြည်လင်စေပါတယ်။ ပန်းခြံထဲမှာနေရင် နတ်ဘုံနဲ့ အနီးဆုံးရောက်တယ်လို့ ပြောတာလည်း ကြားဖူးပါတယ်။ နတ်ဘုံနတ်ပြည်လောက်ကို မမှန်းပါဘူး။ ဒီလူ့ဘောင်မှာပဲ နိစ္စဓူဝ စဉ်းစားဖြေရှင်းနေရတဲ့ အရှုပ်အထွေးတွေကနေ တစ်ခဏတာ အာရုံပြောင်းပေးနိုင်တဲ့အစွမ်းရှိတဲ့ ပန်းခြံကို မြတ်နိုးတန်ဖိုးထားပါတယ်။
ပန်းခြံထဲ လမ်းလျှောက်ရတာဟာ သာယာကြည်နူးဖွယ်ဆိုတော့ ခြံမရှိတဲ့သူတွေအတွက် မစဉ်းစားလို့ မဖြစ်ပြန်ပါဘူး။ ကမ္ဘာပေါ်မှာ ပြည်သူတွေအတွက် ပန်းခြံအများဆုံးရှိတဲ့ မြို့တစ်မြို့ဖြစ်တဲ့ လန်ဒန်မြို့အကြောင်း စဉ်းစားမိပါတယ်။ အထပ်ပေါင်းများစွာရှိတဲ့ တိုက်အမြင့်ကြီးတွေမှာနေရတဲ့ မြို့သူမြို့သားတွေအတွက် မျက်စိအေးဖွယ်ရာ မြစိမ်းရောင်မြက်ခင်းတွေ၊ သစ်ပင်ကြီးတွေ၊ ရာသီပန်းတွေ၊ ရေကန်လေးတွေ၊ ကလေးကစားကွင်းလေးတွေ၊ သမိုင်းဝင်ပုဂ္ဂိုလ်များရဲ့ ရုပ်တုတွေ စသဖြင့် စိတ်ဝင်စားဖွယ်ရာအမျိုးမျိုးနဲ့ ပြည့်စုံတဲ့ ဧကပေါင်းများစွာကျယ်တဲ့ ပန်းခြံကြီးတွေရှိသလို မြို့လယ်တိုက်တွေအကြား လေးထောင့်ကွက်တစ်ခုကို စိမ်းလန်းစိုပြည်အောင် ပြုစုထားပြီး အပန်းဖြေချင်တဲ့ ပုဂ္ဂိုလ်တွေထိုင်ဖို့ တန်းလျားလေးတွေလောက်နဲ့သာ တန်ဆာဆင်ထားတဲ့ ခြံငယ်လေးတွေလည်း ရှိပါတယ်။ ခြံကြီး၊ ခြံငယ်အားလုံးကိုတော့ မြို့စည်ပင်က ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။
ကျွန်မတို့ ရန်ကုန်မြို့မှာ ပြည်သူတွေအတွက် ပန်းခြံတွေ တွေ့လာရတာ ၀မ်းသာပါတယ်။ အရိပ်ပေးမယ့် သစ်ပင်ကြီးတွေ များများစိုက်စေချင်ပါတယ်။ မိုးတွင်းမှာ မိုးခိုလို့ရမယ့် ဇရပ်လေးတွေ ရှိမယ်ဆိုရင် ကိုယ့်ယဉ်ကျေးမှုပုံစံနဲ့ လှပတင့်တယ်ပြီး ခြံထဲကလူတွေအတွက်လည်း လက်တွေ့ကျကျ အသုံးဝင်မှာပါ။ မြို့ကြီးတစ်မြို့ရဲ့ အနာဂတ်အတွက် စီမံတဲ့အခါ အဓိကစဉ်းစားရမှာက မြို့နေလူထုရဲ့ဘ၀ အေးချမ်းအဆင်ပြေရေးပါပဲ။ အိမ်၊ လမ်း၊ လျှပ်စစ်မီး၊ သယ်ယူပို့ဆောင်ရေး၊ ရုံး၊ ကျောင်း၊ ဈေးစတဲ့ အနေအထိုင်၊ အသွားအလာ ချောမွေ့သက်သာစေရေးအပြင် မြို့ကြီးတစ်မြို့ရဲ့ ပင်ပန်းမှုတွေကို ရင်ဆိုင်ရတဲ့ ပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မယ့် ကိုးကွယ်ရာဌာနများ၊ ပန်းခြံများ၊ ကစားကွင်းများကိုလည်း ဂရုတစိုက် ဖန်တီးပေးဖို့ လိုပါမယ်။ နိုင်ငံတစ်နိုင်ငံ တည်ထောင်တဲ့အခါမှာလည်း စားဝတ်နေရေး အဆင်ပြေရုံမျှ စဉ်းစားတာမဟုတ်ဘဲ စိတ်အင်အားပြည့်ဝတဲ့ ပြည်သူတွေ ထွန်းကားရေးအတွက် စဉ်းစားနိုင်မယ်ဆိုရင် ကျွန်မတို့ဟာ ယခုခေတ်အတွက်သာမက ခေတ်အဆက်ဆက်အတွက် တကယ့်ကို စိတ်ချရတဲ့အခြေခံ တည်ဆောက်ပေးလိုက်ရာ ရောက်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို အာရုံစူးစိုက်လွန်းပြီး ရိုးရိုးလိုအပ်ချက်ကလေးတွေကို မေ့မသွားဖို့ အရေးကြီးပါတယ်။
အနှစ် ၂၀ ကျော်လောက်တုန်းကနဲ့ တူပါတယ်။ အမေရိကန်မှာ သီချင်းတစ်ပုဒ် အတော်ခေတ်စားသွားတယ်။ အဲဒီသီချင်းရဲ့ အဓိက ပြောချင်တဲ့အချက်ကတော့ အဲဒီခေတ်ကလေးတွေဟာ လိပ်ပြာတောင် မြင်ဖူးကြပါ့မလားတဲ့။ မိုးထိတိုက်ကြီးတွေ မှိုလိုပေါက်ပြီး ပန်းခင်း၊ ပန်းခြံတွေ တစ်နေ့ထက်တစ်နေ့ ပျောက်နေတဲ့ကာလမှာ ဒီလိုမေးတော့လည်း မမှားပါဘူးလေ။ ယခုကို ရန်ကုန်မြို့ထဲမွေး၊ ရန်ကုန်မြို့ထဲ ကြီးလာတဲ့ ကလေးတွေထဲမှာ လိပ်ပြာမမြင်ဖူးတဲ့သူလေးတွေ ရှိနေပြီလားဆိုတာ တွေးစရာပါ။
ငယ်ငယ်က ခြံထဲမှာ ကစားတဲ့အခါ လိပ်ပြာလေးတွေ၊ ပုစဉ်းလေးတွေ ရှုမငြီးနိုင်ပါပဲ။ မြေကြီးကို ငုံ့ကြည့်လိုက်ပြန်တော့ ခွေလိပ်လေးတွေ၊ ပက်ကျိလေးတွေ မြင်ရပါတယ်။ နေ၀င်ချိန် ခြံထဲဆင်းတဲ့အခါ တငေးတမော ကြည့်ရတာကတော့ အိပ်တန်းဝင်ဖို့ ကောင်းကင်ပြည့်ပျံသန်းသွားတဲ့ ကျီးငှက်တွေပါပဲ။ ကျွန်မ ဒီလိုကျီးအုပ်ကြီးတွေ မတွေ့ရတာ ကြာပါပြီ။ လိပ်ပြာ၊ ပုစဉ်းတွေလည်း နည်းလာပါပြီ။ သဘာဝပတ်ဝန်းကျင် အပြောင်းအလဲကို မျက်ဝါးထင်ထင် မြင်နေရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါတောင် ကျွန်မတို့ခြံက ရန်ကုန်အနေအထားနဲ့ဆိုရင် မသေးပါဘူး။ သစ်ပင်၊ ပန်းပင်တွေလည်း များပါတယ်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အပင်ကြီး ၃၃ ပင် ဆုံးရှုံးခဲ့ရတာကြောင့် အရင်လောက်တော့ အုပ်အုပ်ဆိုင်းဆိုင်း မရှိတော့ပါဘူး။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲကြီးအတွက် ကြိုးစားပမ်းစား လုပ်နေရတဲ့အချိန်ဖြစ်ပေမယ့် လိပ်ပြာတောင် မမြင်ဖူးမယ့် အနေအထားရောက်နိုင်တဲ့ ကလေးတွေအတွက်လည်း စဉ်းစားကြစေချင်ပါတယ်။
အောင်ဆန်းစုကြည်
သြဂုတ် ၂၀၁၄
ဒီစကား၊ ဒီလှိုင်းစာစောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment