Latest News

Thursday, June 1, 2017

ဆော့်လော်မှာမြေဧက ၇ဝဝ ဖေါ်ပေးဖို့ တောင်းဆို

ဆော့်လော်မှာမြေဧက ၇ဝဝ ဖေါ်ပေးဖို့ တောင်းဆို

ကချင်ပြည်နယ် ဆော့်လော်မြို့နယ် က ကျေးရွာ အုပ်စု ၃ ခုမှာ မြေဧက ခုနှစ်ရာ (၇ဝဝ)ကို စိုက်ပျိုးမြေအဖြစ် ဖော်ဆောင်ပေးဖို့ ဆော့လော်မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူက ဒီနေ့ ကျင်းပတဲ့ ကချင်ပြည်နယ် လွှတ်တော်မှာ မေးခွန်း မေးမြန်းခဲ့ပါတယ်။

အဲဒီဒေသကို ကွင်းဆင်းစစ်ဆေးပြီး ဆောင်ရွက်လို့ရရင် ရန်ပုံငွေတောင်းခံ ခွင့်ပြုတဲ့အပေါ်မူတည်ပြီး အကောင်အထည် ဖော်သွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်က စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ကိုယ်စား အခုလို ဖြေကြားပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စားဝတ်နေရေးကျပ်တည်းနေတဲ့ ပြည်သူတွေအတွက် လာချင် အုပ်စုမှာ ဧက ၃ဝဝ၊ လကင်နဲ့ ဟန်းကောအုပ်စုတွေမှာ ဧက ၂ဝဝ စီ စုစုပေါင်း မြေဧက ခုနှစ်ရာမှာ တရုတ်ဟင်းခတ် အမွှေးအကြိုင် ရှောက်ကောပင်ကို စိုက်ပျိုးမြေအဖြစ် ဖော်ဆောင်ပေးဖို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ အဲဒီဒေသဟာ မနှစ်ကလည်း မိုးကြီးလို့ လူနေအိမ်ခြေတွေနဲ့ လမ်းတံတားအဆောက်အဦတွေ ပျက်စီးခဲ့ရပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ ကချင်ပြည်နယ် လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်း ၂၅ ခုနဲ့ အတူ ဥပဒေကြမ်းနဲ့ အဆိုတွေကို တင်သွင်းမေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။

Photo: Kyaw Myo Min/RFA

No comments:

Post a Comment