မြေအောက်မြို့တော်ကိစ္စ စိတ်ကူးယဉ် လူပြိန်းကြိုက်ပြောခြင်းမဟုတ်ဟု ရန်ကုန်မြို့တော်ဝန် ရှင်းလင်း
ရန်ကုန်တွင် နောက်ဖေးလမ်းကြား စီမံကိန်းများ အောင်မြင်ပြီးပါက မြေအောက်မြို့တော်ကို အကောင်အထည်ဖော် ဖန်တီးသွားမည်ဖြစ်ကြောင်း ဇွန် ၁၇ ရက်ကပြုလုပ်သော ကျောက်တံတားမြို့နယ် ၃၉ လမ်းနှင့် ဆိပ်ကမ်းသာလမ်း ပန်းဥယျာဉ်နှင့် ကလေးအားကစားကွင်း ဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။
မြေအောက်မြို့တော် အကောင်ထည်ဖော်ခြင်းကိစ္စနှင့်ပတ်သက်၍ ဦးမောင်မောင်စိုးက "ဖြစ်ချင်တာတွေနဲ့ ဖြစ်သင့်တာတွေ '' ဟူသည့် ခေါင်းစဉ်ဖြင့် ၄င်း၏ ဖေ့စ်ဘုတ်မှတဆင့် ယနေ့(ဇွန် ၁၈) တွင် ပြန်လည်ရှင်းလင်းသည်။
နိုင်ငံတကာတွင် မြို့ပြလမ်းပန်းဆက်သွယ်ရေးအတွက် ကားလမ်း ရထားလမ်းများမှာ၂ ထပ် ၃ ထပ် မိုးပျံလမ်းများကို အသုံးပြုနေကြောင်း ရန်ကုန် ခုံးကျော်တံတားများသည် ယာဉ်ကြောပိတ်ဆို့သည့် ပြဿနာကို အကန့်အန့်ဖြင့်သာ ဖြေရှင်းပေးနိုင်ကြောင်း မြန်မာနိုင်ငံနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံအချို့သာ ၂ ထပ်လမ်း မရှိသောနိုင်ငံများအဖြစ်ကျန်ရှိနေကြောင်း မြို့တော်ဝန်က ဆိုသည်။
ထိုသို့ အဆင့်မြှင့်တင်ခြင်းတွင် ကုန်ကျစရိတ်များရှိသည်ဟုဆိုသော်လည်း ယဉ်ကြေားပိတ်၍ ဖြေးဖြေးချင်းစားနေသော လောင်စာဆီကို ချွေတာရာရောက်ကြောင်း ထို့ပြင် အချိန်ကုန်သက်သာမည်ဖြစ်ကြောင်း ၄င်းက ရေးသားထားသည်။
"အဓိကကတေ့ အချိန်သက်သာသည်။ လူ့ဘ၀၏တန်ဖိုးအရှိဆုံးသည် အချိန်ဖြစ်သည်။ နောက် မြေအောက်မြို့တော်လည်း ထိုနည်းနှင်နှင်သာဖြစ်သည်။ စိတ်ကူးယဉ်ခြင်း မဟုတ်ပါ။ နိုင်ငံခြားရောက်ဖူးသူအတော်များပါသည်။ နိုင်ငံကြီးလေ၊ တိုးတက်လေ၊ လူတွေ ပလက်ဖောင်းမှာ လမ်းလျှောက်တာနည်းလေဟု ထင်ရပါသည်။ ကျနော် အထင်တက်တက်စင်အောင်လွဲပါသည်။ လူတွေ မြေအောက်ကမ္ဘာလေးများတွင် လမ်းလျှောက်ဈေးဝယ်နေကြခြင်းဖြစ်သည်။ မြေအောက်ဆင်းကြည့်မှ ကားပါကင်တွေ၊ ဈေးတန်းတွေ၊ လူတွေ ဥဒဟိုသွားနေ ကြသည်။ အနွေးထည်မလို၊ ထီးမလို ဒီ မြေအောက်မှာ ကားလေးရပ်ပြီး၊ ဈေးလျှောက်ဝယ်နေသည်။ မြေအောက်ဆိုပေမဲ့လည်း သိပ် အနက်ကြီးမဟုတ် ခပ်တိမ်တိမ်သာဖြစ်သည်။ ခိုင်ခံ့မှုတော့ ရှိပါသည်။ သို့သော်လည်း ဒီလိုဖြစ်ဖို့အတွက်တော့ လျှပ်စစ်လုံလောက်မှုရှိရမည်ဖြစ်သည်။ တည်ငြိမ်သောလျှပ်စစ်လိုမည်ဖြစ်သည်။ လျှပ်စစ်ကို အရင်ရအောင်လုပ်ရမည်။ လူပြိန်းကြိုက်အောင် ပြောခြင်းလည်းမဟုတ်ပါ။ ကျနော်အကြောက်ဆုံးက အစတစ်စကိုယူပြီး စိတ်ကြိုက် ရုပ်လုံးဖေါ်ခံရမှာကို အကြောက်ဆုံးဖြစ်ပါသည်'' ဟု မြို့တော်ဝန်ဦးမောင်မောင်စိုး က ရေးသားထားသည်။
မြို့တော်ဝန်၏ ပြောကြားချက်သည် လက်တွေ့မဖြစ်နိုင်ကြောင်း ရေကြီးရေလျှံဖြစ်မှု၊ နောက်ဖေးလမ်းကြား အမှိုက်ကင်းရှင်းရေး၊ လမ်းဘေးဈေးသည် ကင်းရှင်းရေး၊ ယာဉ်ကြောကြပ်တည်းမှု စသည့်ပြသာနာများကိုသာ အရင်ဆုံးဖြေရှင်းပေးစေလိုကြကြောင်း ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့ပြီးနောက် ဦးမောင်မောင်စိုးက ယခုကဲ့သို့ ထပ်ဆင့်ရှင်းလင်းခြင်းဖြစ်သည်။
လင်းလင်းအောင်
News Watch
Sunday, June 18, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment