Latest News

Friday, June 2, 2017

နာရီကပြောတဲ့ အချိန် - ဆောင်းပါး

နာရီကပြောတဲ့ အချိန် - ဆောင်းပါး

နာရီကိုကြည့်လိုက်တော့ ငါးနာရီခွဲဖို့ ငါးမိနစ်လောက် လိုသေးသည်။ စီးရမယ့်ကားက ခြောက်နာရီမှ ထွက်မည်ဆိုတော့ အချိန်တွေက နာရီဝက်လောက် ပိုနေသေးသည်။ ဒီပိုနေတဲ့အချိန်တွေကို ဘယ်လိုဖြုန်းပစ်ရပါ့။ ဂိတ်ထဲမှာ ဒီအတိုင်းကြီး ထိုင်မနေချင်၍ အနီးအနားက လက်ဖက်ရည်ဆိုင်ဘက် ထွက်ခဲ့လိုက်သည်။ ကိုယ့်လိုခရီးသွားမယ့်သူတွေကို ဝေ့ကြည့်လိုက်တော့ ဖုန်းပွတ်သူကပွတ်၊ ငူငူငိုင်ငိုင်ထိုင်သူကထိုင်၊ အချင်းချင်း စကားပြောနေသူပြော ပုံစံအမျိုးမျိုးဖြင့် အချိန်ကိုဖြုန်းနေကြသည်။ ကျွန်တော်သည်လည်းပဲ လက်ဖက်ရည်တစ်ခွက်ကို တစိမ့်စိမ့်သောက်ရင်းအချိန်ရဲ့ အကြောင်းကိုစဉ်းစားရင်း အချိန်ဖြုန်းလိုက်ပါဦးမည်။

အမှန်တော့ အချိန်ကိုသုံးစွဲနေရသော ကျွန်တော်တို့သည် အသက်နှင့်ရင်း၍ သုံးစွဲနေရခြင်းဖြစ်သည်။ အချိန်ကိုတစ်နာရီပဲဖြစ်ဖြစ်၊ တစ်မိနစ်ပဲဖြစ်ဖြစ်၊ တစ်စက္ကန့်လေးပဲဖြစ်ဖြစ် သုံးစွဲပြီးပြီးဆိုလျှင် ကျွန်တော်တို့၏ အသက်သည်လည်း ကိုယ်သုံးစွဲလိုက်တဲ့ နာရီ၊ စက္ကန့်၊ မိနစ်တို့နှင့်အမျှ အသက်ကလည်း ကုန်ဆုံးသွားတာပဲဖြစ်သည်။ ကျွန်တော်တို့ ရှင်သန်နေရသောအသက်သည် နေ့စဉ်သုံးစွဲနေရသော အသက်နှင့်ထပ်တူ လျှော့နည်းကုန်ဆုံးသွားနေတာပဲ ဖြစ်သည်။ အချိန်နှင့်အသက်ကို ခဏရပ်တန့်၍ထားလို့ ရနိုင်သည်မဟုတ်တော့ အသက်နှင့်ရင်း၍ အချိန်ကိုသုံးစွဲနေရခြင်း ဖြစ်သည်ဟုဆိုရခြင်း ဖြစ်သည်။

လူတိုင်းသည် အသက်ရှည်ချင်သည်။ အသက်ရှည်ဖို့ အသက်ကိုဂရုစိုက်ဖို့ တန်ဖိုးထားဖို့လိုသည်။ ထိုအခါတွင် အချိန်ကိုတန်ဖိုးထား၍ အလဟဿဖြုန်းမပစ်သင့်ပေ၊ အချိန်ကို တန်ဖိုးမထားဖြုန်းပစ်ခြင်းသည် အသက်ကို တန်ဖိုးမထားခြင်းဟုဆိုရမည်။ ပညာရှင်ကြီး ဘင်ဂျမင်ဖရန်းကလင်းက ‘သင့်အသက်ကို သင်ချစ်ပါသလား၊ ချစ်လျှင်အချိန်ကို အလဟဿဖြုန်းမပစ်ပါနှင့်၊ အဘယ့်ကြောင့်ဆိုသော် သင်၏အသက်ကိုအချိန်နှင့် ဖွဲ့စည်းပြုလုပ်ထားသောကြောင့်ဖြစ်၏’ ဟုဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်းပဲ ကျွန်တော်တို့သည် အချိန်ကိုအသက်လိုတန်ဖိုးထား၍ သုံးစွဲနေကြသည်တော့ မဟုတ်ပေ။ နေ့စဉ်ပိုလျှံနေသောအချိန်တို့ဖြင့် အသက်ကိုတတိတိ ကုန်ဆုံးနေရလေသည်။ ကုန်ဆုံးသွားသောအချိန်ကို ပြန်ယူ၍မရနိုင်သလို မသုံးစွဲရသေးသော အချိန်သည် ကိုယ့်အတွက် ဘယ်လောက်ကျန်သေးသည်ဟူ၍လည်း ကျွန်တော်တို့သည် ပုံသေမျှော်လင့်ပြီး ကျေနပ်နေလို့မရနိုင်ပေ။ ယနေ့၏ ခဏတာအချိန်တိုကလေးများသည် မနေ့ကတစ်နေ့လုံးထက် ပို၍တန်ဖိုးရှိ၏ဟူသော အဆိုအမိန့်တစ်ခုကို သတိပြုရပေမည်။

ကျွန်တော်တို့သည် အချိန်ကိုအကျိုးရှိစွာ အသုံးချပါဆိုသောစကားကို မကြာခဏကြားနေရပြီး အချိန်၏တန်ဖိုးကြီးပုံများကိုလည်း စာတွေထဲမှာလည်း ဖတ်ရပေါင်းများလှပေပြီ။ အချိန်၏တန်ဖိုးကိုသိ၍ အချိန်ကိုအကျိုးရှိစွာ အသုံးချသောသူတို့သည် သူတို့မှာ ပိုနေသောအချိန်၊ အားလပ်နေသော အချိန်ဆိုတာမျိုးမဖြစ်စေဘဲ တစ်စုံတစ်ရာကို အသုံးချရင်းဖြင့် အချိန်ကိုကုန်ဆုံးစေတာဖြစ်သည်။ ကားစောင့်ရင်း၊ ရထားစီးရင်း စာအုပ်တစ်အုပ်ကို ဖတ်နေသောသူတို့သည် အချိန်ကိုအကျိုးရှိစွာ အသုံးချသူများဟု ဆိုရပေမည်။

ပြင်သစ်အင်္ဂလိပ်စစ်ပွဲကာလက ပြင်သစ်ဘုရင် နပိုလီယံသည် ၀င်ခါနီးဆဲဆဲ နေလုံးကြီးကိုကြည့်ရင်း “ဒီအချိန်မှာ ငါ့မှာသာဘုရားသခင်ရဲ့ တန်ခိုးဣဒ္ဓိပါဒ်မျိုးရှိခဲ့ရင် နေလုံးကြီးကို အခုလိုဝင်မသွားအောင် နှစ်နာရီလောက် အချိန်ဆွဲထားနိုင်မှာပဲ” ဟူ၍မချင့်မရဲခံစားချက်ဖြင့် ပြောဖူးသည်ဟု စာတစ်အုပ်မှာ ဖတ်ဖူးပါသည်။ အချိန်၏တန်ဖိုးကို သိသူတို့သည် အချိန်ကိုမဖြုန်းရုံသာမကဘဲ သူတို့အဖို့အချိန်သည် လိုတောင်လိုနေလေသည်။

“အချိန်တွေကလည်း ကုန်လွယ်လိုက်တာ၊ ဘာမှတောင်မလုပ်ရသေးဘူး ကုန်သွားပြီး သိပ်နှမြောစရာကောင်းတာပဲ” ဟုညည်းညူနေသောသူတို့ကို မကြာခဏတွေ့ဖူးပါသည်။ သို့သော်လည်းပဲ ထိုသူတို့သည် ပါးစပ်က ထိုသို့ပြောဆိုနေသော်လည်း တကယ်တွင် ဘာမှမည်မည်ရရမလုပ်ဘဲ အလကားထိုင်ကာ အချိန်ဖြုန်းနေကြသည်မှာ အံ့သြစရာပဲဖြစ်သည်။

အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်သူသည် မိမိဘ၀တိုးတက်ရေး လမ်းကြောင်းကို လျှောက်နေသူဖြစ်သည်ဟု ပညာရှင်တစ်ယောက်က ဆိုဖူးပါသည်။ အားလပ်ချိန်၊ အချိန်ပိုဆိုတာက လူတိုင်းမှာရှိပြီးဖြစ်သည်။ ကိုယ်ရရှိတဲ့ပိုနေသော အချိန်တွေကို ဘယ်လိုအသုံးချမလဲဆိုတာအပေါ် မူတည်ပြီး သူ၏တိုးတက်မှုကိုမှန်းဆ၍ ရနိုင်သည်။ ကိုယ်ရရှိသော အားလပ်ချိန်ကို အလကားမထားဘဲ တစ်စုံတစ်ရာ ပြုလုပ်ရင်းဖြင့် အချိန်ကိုကုန်ဆုံးစေသောသူသည် တစ်ချိန်ချိန်တွင် အောင်မြင်မှုဆီသို့ ဆိုက်ရောက်သွားနိုင်လေသည်။ ဆန့်ကျင်ဘက်အနေဖြင့် အားလပ်ချိန်ကို ဘာမှမည်မည်ရရမလုပ်ဘဲ အပေါင်းအသင်းတို့ဖြင့် ဟေးလားဟားလားနေသူ တစ်ယောက်၏ အနာဂတ်သည် ဘာမှဖြစ်မလာနိုင်ဘဲ ဒုံးရင်းဒုံးရင်းဘ၀မျိုးသာ ဖြစ်နေပေလိမ့်မည်။

နေ့စဉ်နေ့တိုင်းရရှိသော အချိန်ပိုအားလပ်ချိန်ကလေးများတွင် စာအုပ်စာပေဖတ်ရှုခြင်း၊ မသိသေးသော ပညာရပ်ကို လေ့လာဆည်းပူးခြင်း စသည်ဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်သည်။ ယနေ့ခေတ်ကား ကိုယ်သိချင်တတ်ချင်သော ပညာရပ်တို့သည် မိမိလက်တစ်ကမ်းတွင်ရှိပြီးဖြစ်သည်။ စာအုပ်စာပေမျိုးစုံရှိသည်။ အင်တာနက်တွင် လိုချင်တာရိုက်ရှာလို့ရသည်။ ထိုနည်းဖြင့် မိမိကိုယ်ကိုယ် ဖြည့်ဆည်းရင်း တော်သောတတ်သော သူတစ်ယောက် ဖြစ်လာနိုင်သည်။
တချို့က ကျွန်တော်ကအလုပ်သိပ်များတာ အချိန်ပိုဆိုတာမရှိပါဘူးဟု ဆိုသူလည်း တွေ့ဖူးပေသည်။ ထိုသူသည် သုံးစွဲနေသော အချိန်များကို သေချာပြန်စိစစ်လိုက်လျှင် အချိန်ပိုကလေးများ ထွက်လာတာတွေ့ရပေလိမ့်မည်။ အချိန်ပိုအတွင်းမှာ ကြီးကြီးကျယ်ကျယ် ခက်ခက်ခဲခဲ အလုပ်တွေကို လုပ်ရမည်ဟု မဆိုလိုပေ၊ ပေါ့ပေါ့ပါးပါး လွယ်ကူသက်သာသောအရာကိုတော့ လူတိုင်းလုပ်နိုင်သည်ပင်။ ထို့ကြောင့်ပင်လျှင် ဘ၀အောင်မြင်တိုးတက်မှုကို ရရှိသွားကြသောသူတို့၏ အတ္ထုပ္ပတ္တိကို ဖတ်ရသည်တွင် အချိန်ပိုကလေးများကို အကျိုးရှိရှိအသုံးချရင်း အောင်မြင်သည့် လမ်းကြောင်းပေါ်ရောက်ရှိသွားသည်တို့ကို တွေ့ရလေသည်။

အားလပ်ချိန်မှာ ပညာရှာဆိုသော စကားရှိပါသည်။ ဘ၀တိုးတက်ရေးလမ်းကြောင်း ဖောက်သည့်အချိန်တွင် ပညာသည် အလွန်အရေးကြီးပါသည်။ ထိုကြောင့်ပဲ လူတိုင်းပညာတတ်ဖို့ ပညာသင်ကြသည်။ အတန်းပညာ၊ တက္ကသိုလ်ပညာ၊ ဘွဲ့တံဆိပ်တို့ရရှိဖို့ ကြိုးစားကြရလေသည်။ သို့သော်လည်း လူတိုင်းကျောင်းပညာ၊ အတန်းပညာကိုရရှိနိုင်သည် မဟုတ်ပေ၊ ပိုက်ဆံငွေကြေး မတတ်နိုင်သောကြောင့်၊ မိသားစုဝမ်းရေးကြောင့်၊ ကျန်းမာရေး အခြေအနေကြောင့် စသည့်အကြောင်းအမျိုးမျိုးကြောင့် ပညာကိုဆုံးခန်းမသင်လိုက်ရဘဲ ငယ်ငယ်ရွယ်ရွယ်နှင့် အလုပ်ဝင်လုပ်နေကြသူတွေ များစွာရှိလေသည်။

အတန်းပညာမသင်ရ၍ အောင်မြင်သူတစ်ယောက် မဖြစ်နိုင်တော့ဟူ၍ စိတ်အားငယ်နေဖို့မလိုပေ၊ ကမ္ဘာ့သမိုင်းကို ကြည့်လိုက်လျှင် ပညာတတ်ပုဂ္ဂိုလ်ပေါင်းများစွာတို့သည် တက္ကသိုလ်ပညာကို မသင်ခဲ့ရဖူးကြောင်း၊ အများစုမှာ အထက်တန်းပညာကိုပင် မသင်ခဲ့ရသူများဖြစ်သည်ကို တွေ့ရနိုင်ပေသည်။

ပညာဆိုသည်မှာ တက္ကသိုလ်မှာသာ ရရှိနိုင်သည်မဟုတ်ပေ၊ ပညာလိုချင်စိတ်ရှိသောသူအတွက် ပညာဆိုတာနေရာတိုင်းမှာ ရှိပါသည်။ ယခုခေတ်တွင် ပညာရှာဖို့ နေရာအနှံ့ ပို၍ပင်လွယ်ကူလေသည်။ ဘာသာရပ်အလိုက် ညနေသင်တန်းတွေ၊ စနေ၊ တနင်္ဂနွေ သင်တန်းတွေများစွာရှိသည်။ သင်တန်းမတက်နိုင်လျှင် ဘာသာရပ်ဆိုင်ရာ လက်စွဲစာအုပ်ကောင်းများဖြင့် ကိုယ့်အားကိုယ့်ကိုး လေ့လာသင်ယူနိုင်သည်။ အင်တာနက်မှာ ရှာဖွေလေ့လာနိုင်သည်။ ထိုအရာများကို ပိုနေသော အားလပ်ချိန်ကလေးများတွင် လုပ်ဆောင်နိုင်သောအရာများ ဖြစ်လေသည်။

သေချာစဉ်းစားကြည့်လိုက်လျှင် ကျွန်တော်တို့ လူ့ဘ၀တစ်သက်တာတွင် ကျွန်တော်တို့ ရရှိသောအချိန်သည် သိပ်ပြီးများများစားစားမရှိလှပါ။ အတိအကျ စာရင်းချကြည့်လိုက်လျှင် နှစ်ပေါင်း ၆၀ နေသွားသောသူ တစ်ယောက်သည် နှစ်ပေါင်း ၂၀ ကိုအိပ်ရာထဲတွင် အချည်းနှီး ကုန်လွန်သွားခဲ့ကြောင်း တွေ့ရနိုင်ပေသည်။ ဘ၀၏အချိန်အတော်များများကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးသွားခြင်း ဖြစ်လေသည်။

ကျွန်တော်သည် လက်ဖက်ရည်ဆိုင်တွင် ထိုင်ရင်းအချိန်ကိုစဉ်းစားရင်း နာရီအားကြည့်လိုက်သောအခါ နာရီစက္ကန့်တံသည် တရွေ့ရွေ့သွားနေလေသည်။ ထိုတရွေ့ရွေ့သွားနေသော စက္ကန့်တံနောက်သို့ ကျွန်တော်၏ အသက်သည်လည်း တဖြည်းဖြည်းကပ်ပါလျက် ကုန်ဆုံးသွားနေလေသည်။ ဟော ၆ နာရီထိုးပေတော့မည်။ အခုကိုပင်လျှင် ကျွန်တော်သည် အချိန်အကြောင်းကို စဉ်းစားရင်း နာရီဝက်နီးပါးလောက် အချိန်ဖြုန်းလိုက်မိပေပြီ။

ကျွန်တော်သည် ကားပေါ်တွင် အချိန်ကိုအကျိုးရှိရှိသုံးဖို့ အိတ်ထဲက စာအုပ်တစ်အုပ်ကို ထုတ်လိုက်မိသည်၊ စာအုပ်၏တစ်နေရာတွင် ‘ကျွန်ုပ်တို့ ဘာမှအသုံးမချဘဲ ကုန်လွန်သွားသော ထိုခဏ၊ ထိုနာရီ၊ ထိုနေ့၊ ထိုရက်သတ္တပတ်၊ ထိုလ၊ ထိုနှစ်ဟူသော အချိန်ကာလသည် ကျွန်ုပ်တို့အားတစ်နေ့သောအခါ ဘ၀တရားခွင်တွင် စွဲချက်တင်စွပ်စွဲမည့် တရားခံပြသက်သေပင်ဖြစ်၏။ ကျွန်ုပ်တို့သည် ဘ၀တွင် တန်ဖိုးအရှိဆုံးသောအရာကို အကျိုးမဲ့ဖြုန်းတီးပစ်ကြောင်းကို ထိုအချိန်ကာလကပင် သက်သေထွက်ဆိုလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ‘အချိန်သည်ဘ၀၊ ဘ၀သည်အချိန် ဖြစ်သောကြောင့်တည်း’ ဟူ၍ရေးထားတာ တွေ့လိုက်ရလေသည်။

စိုးခိုင်ညိန်း

Eleven Media Group

No comments:

Post a Comment