၆၆(ဃ)ကို အာမခံပေးရန် သူရဦးရွှေမန်း ကော်မရှင် လွှတ်တော် အသီးသီးနှင့် ရှေ့နေချုပ်ရုံးသို့ ပေးပို့
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အမှုများ အာမခံ ရရှိရန်နှင့် အတည်ပြု ပြဋ္ဌာန်းထားသော ထောင်ဒဏ် သုံးနှစ်မှ ၂ နှစ်အထိ ထားရှိရန် သူရဦးရွှေမန်း ကော်မရှင်က လွှတ်တော် အသီးသီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးထံ ပေးပို့ထားကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များထံမှ သိရသည်။
ဦးသိန်းစိန် အစိုးရလက်ထက်၌ အတည်ပြု ပြဋ္ဌာန်းထားပြီးဖြစ်သော ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ အရ ပြစ်မှုကျူးလွန်သူသည် ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်၂ ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ ထိုပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်ရန် ဦးရွှေမန်းကော်မရှင်မှ ပြင်ဆင်သင့်သည့် အချက်များကို လွှတ်တော် အသီးသီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးထံ တင်ပြထားခြင်းဖြစ်သည်။
“လက်ရှိက အာမခံ မပေးနိုင်တဲ့ ရဲ အရေးပိုင်တဲ့အမှုဖြစ်နေတယ်။ အဲဒါကို အာမခံ ပေးနိုင်တဲ့ ပြစ်မှုအနေနဲ့ ဖြစ်ဖို့ အကြံပြုထားတယ်။ အကြမ်းဖျင်းအနေနဲ့ ထောင်ဒဏ်သုံးနှစ် အစား ၂ နှစ်ပေးဖို့ အကြံပြုထားတယ်”ဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိန် (ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒု-ချုပ်(ငြိမ်း)က ပြောကြားသည်။
ထို့အတူ ဆက်သွယ်ရေး ဥပဒေပုဒ်မ ဖျက်သိမ်းရေး ပြင်ဆင်ရေးသည် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ရမည် ကိစ္စသာဖြစ်ကြောင်း အဆိုပါ ကော်မရှင် အဖွဲ့ဝင်များက မှတ်ချက်ပြု ပြောကြားသည်။
“ကော်မရှင်အဖွဲ့ဝင်တွေကတော့ ဆွေးနွေးထားကြတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဆုံးအဖြတ်က အစီကကျတယ်”ဟု ကော်မရှင် အဖွဲ့ဝင် ဦးကျော်စိန် (ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒု-ချုပ်(ငြိမ်း))က ပြောကြားသည်။
ထို့အတူ ၆၆ (ဃ)နှင့်ပတ်သက်သော အမှုတွဲများ၌ အာမခံ ရရှိသော အမှုတွဲ ဖြစ်စေရန် စဉ်းစားထားပြီးဖြစ်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်ထိန် NLD ပါတီဗဟို အလုပ်အမှုဆောင် ကဆိုသည်။
၆၆ (ဃ) နဲ့ပတ်သက်လို့ အများကြီး စဉ်းစားထားတယ်။ အများကြီးလည်း ဆွေးနွေးချက် ရပြီးပြီ။ အဲ့ဒါကို မူတည်ပြီး အချို့က အာမခံပေးတယ် အာမခံ မပေးဘူး ဆိုတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေက တစ်ပြေးညီဖြစ်ရင် ကောင်းမယ်ဆိုတဲ့ သဘောထားရှိတယ်။ ဒါက ကော်မရှင်ရဲ့ သဘောထားကို လွှတ်တော်ကို ပေးပို့ထားပြီးပြီ”ဟု ဦးဝင်းထိန်ကပြောကြားသည်။
ထို့အတူ ဆက်သွယ်မှု ဥပဒေပြင်ဆင်ရေး ဦးဆောင်ကော်မတီအဖွဲ့ ဦးဆောင် လှုပ်ရှားသူ မောင်ဆောင်းခက ပုဒ်မ ၆၆ (ဃ) သည် လုံးဝ မရှိသင့်သော ဥပဒေတစ်ရပ် ဖြစ်ပြီး ဖျက်သိမ်းရန် လိုအပ်ကြောင်း ဆိုသည်။
ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ်၌ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးနောက် ဦးသိန်းစိန် အစိုးရလက်ထက်၌ တရားစွဲဆိုမှုပေါင်း (၇)မှုရှိခဲ့ပြီး NLD အစိုးရလက်ထက်၌ (၆၁)မှုရှိခဲ့သည်။ အဆိုပါ ဥပဒေဖြင့် တရားစွဲဆိုမှုပေါင်း (၆၈) ခု ရှိသည့်အနက် သတင်းမီဒီယာများကို တရားစွဲဆိုသော အမှု (၉) မှု ပါဝင်သည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment