Latest News

Friday, June 9, 2017

ပေးကားပေး၏ မရ (သို့) ကျမ်းမာရေး ဆေးစစ်ချက်များ အသုံးချခြင်း(၂)


ပေးကားပေး၏ မရ
(သို့)
ကျမ်းမာရေး ဆေးစစ်ချက်များ အသုံးချခြင်း(၂)

“အလို သားအဖ၂ယောက် စောစော စီးစီး ထိုင်တောင်နေကြပြီကော”
“ဟုတ်တယ်မေမေ။ ဒီနေ့ ဦးနှင်းမိုးကြီးက ဖေဖေ့အတွက် အစောကြီးထဲက အာလူးပူတီတွေ လာပို့သွားလို့၊ သားတို့လည်း ပူပူကလေး ထစားလိုက်ကြတယ်”
“အေးသားရဲ့။ မင်းဖေဖေက မနေ့က အာလူးပူတီစားချင်တယ်ဆိုလို့ သူကို ညကမေမေ လှမ်းဆက်ပြီး လှမ်းပြောလိုက်တာ။ မင့်ဆရာက ပူတီ ချင်ခြင်းတတ်နေလို့ မနက်စောစော သွားပို့ ပေးစမ်းပါကွယ်လို့”
“ဟုတ်မယ် မေမေ။ ဒါ့ကြောင့် ဦးနှင်းမိုးကြီး စောစောစီးစီး မော်တော်ဆိုင်ကယ်ကြီးနဲ့ ပေါက်ချလာတာ”
“အေးကွ၊ ဒီကောင်က ဒါမျိုးတော့ အားကိုးရတယ်”
“ဒါမျိုးတင် မဟုတ်ပါဘူး ဦးသုခရယ်။ ရှင့်အနွံအတာ ခံတဲ့ တစ်ပည့်ထဲမှာ သူလိုလူမျိုးက ရှားပါတယ်တော်”
“ဟုတ်ပါတယ်ကွယ်။
သာဓု၊ သာဓု သာဓုပါ။
ကဲကဲ အမေကြီးလည်း စားလိုက်ဦး။ မောင်နှင်းမိုး ၀ယ်လာတာ ဒီဆေးခန်း တစ်ခန်းလုံး အလှူကြီးတောင်ပေးလို့ရတယ်”
“ကျွန်မအိမ်က စားလာခဲ့ပြီ။ မနက်ဖက် ဆီးချိုဆေးသောက်ဖို့ ရှိနေလို့”
“အတော်ပဲ မေမေ သားက ဆေးစစ်ကြည့်တော့မှ ကိုယ့်ခန္တာကိုယ်က ကယ်ပါယူပါ ပြောတဲ့ အထဲမှာ ဒီဆီးချို ရောဂါလည်း ပါလို့ မေမေကိုလည်း သိစေချင်လို့ စောင့်နေတာ”
“အေး၊ ဒါဆိုလည်း ပြောတော့သားရေ။
မင်းမေမေလည်း မနက်စာ စားပြီးပြီဆိုတော့။
တော်ကြာ ဗိုလ်မှူးရဲသွေးတို့ ဆရာဝန်ကြီးတွေ လူနာလာစစ်တော့မှာကွ”
“ဟုတ်ကဲ့ပါဖေဖေ။
ဆီးချိုရောဂါက ကြောက်ဖို့ကောင်းတာက ဖြစ်လို့ဖြစ်နေမှန်း မသိတာပဲ။
ကိုယ်ခန္တာက သွေးကြောမျှဉ်ကလေးတွေ ပျက်စီးပြီး၊ တစ်ခြားရောဂါတွေနဲ့ ပေါင်းစပ်ပြီး လူကိုဒုက္ခပေးတတ်လို့ပါ။ အဲ့သလို တစ်ခြားရောဂါတွေနဲ့ ပေါင်းစပ်သွားတဲ့အခါ၊ နေ့စဉ် နေထိုင်သွားလာ လှုပ်လျှားမှု့ အတွက်လည်း အဆင်မပြေ သိပ်ဒုက္ခပေးတယ်”
“အေး ဟုတ်တယ်သားရဲ့။ မေမေဆို ဘာမှ သတိမထားမိဘူး။
မျက်စေ့က မျက်ရည်တွေကျပြီး ကြည့်ရတာ အားမရလို့ ဆေးရုံသွားရင် သိလာတာ။
သိတော့လည်း မင်းပြောသလို့ နေစဉ်လုပ်နေစာနေကြအရာတွေ ဘာတစ်ခုမှ မလုပ်နိုင်တော့ဘူး။ အထူးသဖြင့် ငါသိပ်ကြိုက်တဲ့ နို့ကာဖီ မသောက်ရတာတော့တာပဲ။
မနက်မနက်ဆို ကာဖီခွက်ကြီး ကြည့်ကြည့်ပြီး ငါ့မှာ ငိုရတဲ့ ရက်တွေလည်း များခဲ့ပါပြီ”
“ဟားဟားဟား မေမေကတော့ လုပ်ပြီ။ သားပြောတဲ့ နေ့စဉ်နေထိုင်သွားလာစားသောက်မှုတွေကို ဒုက္ခပေးတယ်ဆိုတာက မေမေကော်ဖီမသောက်ရတာကို ပြောတာ မဟုတ်ဘူးမေမေ။
တစ်ကယ်တော့ မေမေက ကော်ဖီသောက်ရင် သကြားချိုရဲရဲကြီးနဲ့ နွားနို့တွေနဲ့ ဖျော်ထားတာတောင် သောက်ခါနီး နို့စိမ်းဘူးကြီး ဖေါက်ဖေါက် ထည့်တတ်လို့ ဆီးချိုမြန်မြန်ဖြစ်တာ လို့သားထင်တာ။ ဘလက်ကော်ဖီလို၊ သကြားမပါပဲ ရိုးရိုး နို့ကော်ဖီလိုဆိုရင် ဒီလောက်စောစောစီးစီး ဆီးချိုဖြစ်ချင်မှ ဖြစ်မှာ”
“အေးပါကွယ် ပြောပါပြောပါ”
“သားဆိုလိုတဲ့ သဘောက အချိုတွေကို တတ်နိုင်သလောက် ရှောင်ဖို့ ပြေတာပါ မိန်းမရာ”
“အပစ်ပြောတာ မဟုတ်ပါဘူး မေမေ။
ဆီးချိုဆိုတာကလည်း သွေးစစ်ဆီးစစ်မှ သူရှိနေမှန်း သိရတာမို့လား။
ဒါ့ကြောင့် ကျမ်းမာရေး ဆေးစစ်ရင် အသက်လေးဆယ်ကျော်ကျော်၊ ၀ဖိုင့်ဖိုင့် အမျိုးသမီးကြီးတွေ ဆီးချိုရှိမရှိကို သတိထားသင့်သလို၊ ဆီးချိုမဖြစ်သေးတောင် ဆေးစစ်တဲ့ ပမာဏတွေက သာမာန်ထက် အနည်းငယ်များနေပြီ ဆိုရင်တော့ သတိထားပြီး ဆင်ခြင်သင့်တယ်။
ဒါမှ ငွေကုန် အချိန်ကုန် အနာခံဆေးစစ်ရကျိုး နပ်တော့မှာပေါ့။
အချိုဓါတ်တွေဟာ ကိုယ်ခန္တာအတွက် အထိုက်အလျှောက် လိုအပ်ပေမဲ့၊ သူ့ကို ချေဖျက် အသုံးမချတဲ့အခါ သွေးထဲမှာ အများကြီး ရှိနေတာမို့၊ သွေးချိုတက်နေရင် ဆီးချိုများရှိပြီးလားလို့ သံသယ၀င်သင့်ပါတယ်”
“မင်း ငယ်ငယ်က ကျောင်းကရီပို့ကပ်မှာ မှင်နှီတွေ ပါသလိုပေါ့။
ငါကတော့ မှင်နှီတွေ့တာနဲ့၊ မင်း ရီးစားထားပြီဆိုတာ တမ်းသိတာပဲ”
“ခ်ခ် မေမေက အခွင့်သာပြီဆိုပြီး၊ သားကို ငယ်ကျိုးငယ်မာတွေ ဖေါ်နေပြန်ပါပြီ။
ဒါပေမဲ့ အဲ့သလို ရီးစားထားလို့ အဲ့သည်လပါတ်စာမေးပွဲ အမှတ်နည်းသလို ဆီးချိုရှိမရှိ သံသယဖြစ်နိုင်သလို၊ တစ်ထွေထွေ တစ်မိုင်မိုင်ရီးစားပူ မိနေသလို လွန်ခဲ့တဲ့ တစ်လနှစ်လလောက် ကတည်းက သွေးချိုတက်နေတယ်ဆိုတာကို ဖေါ်ပြတဲ့ ကိန်းတစ်ခုလည်း ရှိသေးတယ် မေမေရဲ့။ ခက်ခက်ခဲခဲပြောရင်တော့ ဟေမိုဂလိုဘင် A1c ရဲ့ ကိန်းပါပဲ။ အဲ့သည့်ကိန်းက ရှိသင့်တဲ့ ရာခိုင်နှုံးကို ကျော်နေရင်တော့ မနေ့တစ်နေ့ကမှ ရီးစားထားတာမဟုတ်၊ လွန်ခဲ့တဲ့ ၂လ လောက်ထဲက မေမေသား ခြေလှမ်းပျက်နေတယ်ဆိုတဲ့ သဘောပဲ”
“သြော် ဒင်းက ဒီလိုကိုး”
“ကဲကဲ…မင်းတို့သားအမိ နောက်ကြောင်းပြန်မနေကြနေတော့။
တော်ကြာ အမေကြီးကလည်း သူ့သားရီးစားထားတာ သူမသိလိုက်ရဆိုပြီး ဟိုးတုံးကလို သန်းခေါင်ကျော် ထပြီး ငိုနေပါဦးမယ် ”
“အိုး ဦးသုခကလည်း ဒါကတော့ ကျုပ်တင် မဟုတ်ပါဘူး။ အမေတိုင်းလိုလိုပါတော်။
ကိုယ်က ကလေးလို့ အောင့်မေ့နေတာ သူကရီးစားတွေဘာတွေ ထားလာတော့ ငိုချင်လာတာ ပေါ့တော်”
“ဟုတ်ပါပြီကွယ်။ ကဲ သားဆက်ပြောစမ်းပါဦး။ ဘယ်တော့မှ ရီးစားထားတာ လူမိသလို ဆီးချိုဖြစ်မှန်း ဘယ်တော့သိသလဲကွ”
“နောက်ဆုံးကတော့ ဆီးထဲကပေါ့ဖေဖေ။
ခန္တာကိုယ်ထဲက ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး စက်ရုံကြီးဖြစ်တဲ့ ကျောက်ကပ်ဟာ သွေးထဲမှာပါတဲ့ အချိုဓါတ်တွေကို ကုန်အောင် မဆယ်ယူနိုင်တော့လို့ ဆီးထဲမှာ ပေါ်ကုန်တာပေါ့။
အဲ့သလို ဖြစ်လာရင် (လက္ခဏာနဲ့ ပြောရရင်တော့ + ပေါ့) ဆီးချိုရှိနေပြီလို့ ပြောနိုင်ပြီဖေဖေ”
“သားရယ် ပွင့်ပွင့်လင်းလင်းပြောရရင်၊ ဆရာဝန်ကြီးက မေမေမှာ ဆီးချိုရှိတယ်။
ဟိုဟာ မစားရဘူး၊ ဒီဟာမစားရဘူးလို့ ပြောတယ်။
ဒါပေမဲ့ ဆီးချိုဖြစ်တော့၊ ဆီးချိုရှိတော့ ဘာတွေကြောက်စရာရှိသလဲ၊ ဘာတွေဖြစ်တတ်သလဲ ဆိုတာတော့ ဘာမှမသိဘူးကွဲ့”
“ဟုတ်ပြီ မေမေ။
ဒါကအခုပြောပြနေတာတွေက ရောဂါဖြစ်နေတယ်လို့ ဆုံးဖြစ်တာတွေ၊ ရောဂါပျောက်ဖို့ ဘာလို ဆေးတွေ စားရမယ်ကို မပြောပါဘူး။ သားကိုယ်တိုင်လည်း နားမလည်။ မတတ်လို့ပါ။ ဒါပေမဲ့ ဘာတွေဖြစ်နိုင်တယ်။ ဘယ်လောက်ကြောက်ဖို့ ကောင်းတယ်ဆိုတာလေး တွေကို ပြောချင်တယ်။ လူဆိုတာလည်း ချော့ပြောတာက နားဝင်ချိုပေမဲ့၊ တစ်ခါတစ်ခါကြတော့ ကြမ်းမှ ချာက်မှ လိုက်နာသူတွေလည်း ရှိတတ်လို့ပါ မေမေ”
“အေး။ ချော့တစ်ခါ ချောက်တစ်လှည့်နဲ့ ကိုယ်လိုချင်တာလေးတွေ နားထဲ ထည့်သွားကြတာပေါ့။ ကဲဆက်ပါဦး။ သားမေမေသိချင်တာလေးတွေ….”
“ပန်ကရိယက ထုပ်လိုက်တဲ့ အင်ဆူလင်ဟာ သကြားဓါတ်တွေကို အင်အားအဖြစ် ပြောင်းလဲပေးပါတယ်။ ဒါပေမဲ့ အစားသောင်းကြမ်းလွန်းလို့ များပြားလာတဲ့ မကောင်းတဲ့ ကိုလက်စတောတွေဟာ အင်ဆူလင်စွမ်းရယ်တွေကို ကျဆင်းစေပါတယ်။ ဒီတော့ ဆဲလ်လေးတွေက အချိုဓါတ်ကို အင်အားအဖြစ် စုတ်ယူထားတာကို အနှောင့်အရှက် ပြုလာတာပေါ့”
“သြော် ဒါ့ကြောင့် ဆီးထဲမှာ အချိုဓါတ် မပေါ်ခင်ထဲ၊ သွေးထဲမှာ အချိုဓါတ်တွေက စုနေတာကိုး”
“ဟုတ်ပါတယ်မေမေ။ အဲ့သလို သွေးကြောထဲမှာ သကြားဓါတ်တွေ အများကြီး၊ အချိန်အကြာကြီး စုနေတဲ့အခါ သွေးကြောတွေက တစ်ဖြည်းဖြည့်နဲ့ ဒဏ်ယာတွေ ပြည့်နှက်လာတယ်။ မေမေသိတဲ့အတိုင်း သွေးကြောဆိုတာက နှလုံးကသွေးကြောကြီးတွေကနေ စပြီးတော့ တစ်ကိုယ်လုံးမှာ ပျံ့နှံ့နေတယ်လေ။ မျက်လုံးကလေးတွေမှာလည်း ဆံခြည်မျှင်လို သွေးကြောလေးတွေ အများကြီးရှိတယ် မဟုတ်လား”
“ဟုတ်ပြီ။ သိပြီ၊ သိပြီ။ ဒါ့ကြောင့် သွေးကြောတွေ ပျက်စီးစေတယ် သဘောက၊ ဆီးချိုရောဂါက တစ်ကိုယ်လုံးကို ပျက်စီးစေတယ် ဆိုတဲ့ သဘောပေါ့”
“ဟုတ်တာပေါ့။
အထူးသဖြင့် ကျောက်ကပ်၊ မျက်လုံးတွေမှာ ဆံခြည်မျှဉ်သွေးကြောကလေးတွေ စုပြုံနေတော့ သူတို့က ပိုပြီး ထိခိုက် ပျက်စီးရရှာတာပေါ့ မေမေရာ။
အဲ့သလို မျက်လုံးတွေ၊ ကျောက်ကပ်တွေ ပျက်စီးလာရင် နေ့စဉ် နေထိုင်သွားလာ စားသောက်မှုအတွက် စိတ် အနှောင့်အယှက် ဖြစ်ရမှာကတော့ မလွဲမသွေပဲ မဟုတ်လား မေမေ”
“အေး ပါသားရယ် မင်းဟာကလည်း ကြောင်းစရာ၊ ကျောချမ်းစရာကြီးပါလားကွယ်”
“ဟုတ်တယ်မေမေ။
ဒါပေမဲ့ ၀မ်းသာစရာ စိတ်ဓါတ်တက်စရာလည်း ရှိပါသေးတယ်။
အဲ့တာကတော့ နည်းနည်းပါးပါးကလေး ကိုယ်လက်လှုပ်လျှားပြီး ၀ိတ်ကလေး နည်းနည်း လျှော့ရင်ပဲ သွေးချိုပမာဏက သိသိသာသာ ကောင်းလာတတ်သတဲ့”
“အေးဒါဆိုရင်တော့ ၀ိတ်ကျအောင် ထိမ်းရတော့မယ်”
“ထိမ်းသင့်တာပေါ့မေမေရယ်။
ဆီးချိုအတွက်တင်မက၊ တစ်ခြားသော ရောဂါတွေအတွက်လည်း ကောင်းလို့ပါ။ တစ်လက်စတည်း ဆီးချိုနဲ့ သွားဖုံးပါတ်ဝန်းကျင်က ရောဂါတွေ ဆက်သွယ်နေတာလေး တွေကို ပြောပြချင်ပါသေးတယ်”
“ဆီးချိုနဲ့ ခံတွင်းက ပါက်သက်နေတယ် ဟုတ်လားကွ”
“သွားဖုံး၊ သွားအောက်ခြေတွေနဲ့ ပါတ်သက်နဲ့ ရောဂါတွေက ဆီးချိုရောဂါနဲ့ ပေါင်းစပ်ပြီး ဖြစ်တတ်တဲ့ ရောဂါ တစ်မျိုးလို့ ဆိုပါတယ်။
ဒါ့ကြောင့် ဆီးချိုဝေဒနာရှင်တွေ သွားဆရာဝန်ရဲ့ ကုသမှုကို ခံယူတဲ့အခါ ဆီးချိုရောဂါရှိတဲ့ အကြောင်း ဆရာဝန်ကို ကြိုပြီး ပြောသင့်တယ်လို့ ဆိုကြပါတယ်”
“အလို ဒီလောက်တောင်မှလား သားရဲ့”
“ဒီလောက်တောင်ပဲ မေမေရေ။
သတိဟူသည် ပိုသည်မရှိလို့ ဆိုတယ်မို့လား။
ပြီးတော့ အခုပြောမဲ့ အချက်တွေနဲ့ တစ်ခုခုတိုက်ဆိုင်တာနဲ့ ခံတွင်း နဲ့ ဆီးချို ကို စစ်ဆေးသင့်တယ် လို့ ဆိုပါတယ်”
“ဘယ်လိုအချက်တွေလည်း သားရဲ့”
“ပထမဆုံး ခံတွင်းနဲ့ ပါတ်သက်တဲ့ မေးခွန်းလေးတွေကို ပြောပါ့မယ်။
၁) သွားတိုက်ပြီးတဲ့အခါမှာ သွားပွတ်တံမှာ သွေးများပေနေတတ်ခြင်း
၂) သွားဖုံးက အောက်ကို ကျနေပြီး သွားက ရှည်နေသလို မြင်ရခြင်း
၃) သွားကြားက တစ်ဖြည်းဖြည်း ကျဲလာပြီး အစာစားတိုင်း သွားကြားညတ်ခြင်း
၎) မနက်မိုးလင်းတဲ့အခါ ပါးစပ်အတွင်း ကပ်စေးစေး ဖြစ်နေတတ်ခြင်း
၅) သွားများက လှုပ်နဲ့ယိုင်ခြင်း
၆) ခံတွင်း အနံ့ပြင်းခြင်း
ဆက်ပြီးပြောရရင်တော့
၁) သွေးချို ပမာဏ များတယ်၊ ဒါမှမဟုတ် သကြားဓါတ်တွေ များနေတယ်လို့ အပြောခံရဘူးခြင်း
၂) ယခုတစ်လော ခံတွင်းခြောက်ကပ်ခြင်း၊ ရေမကြာခဏ သောက်ခြင်း
၃) ဆီးသွားကြိမ်များခြင်း၊ အနံ့ထွက်ခြင်း၊ ချက်ခြင်းမပျောက်သော အမြှတ်များ များခြင်း
၎) အစားအသောက်မပျက်၊ ကောင်းစွာ စားသော်လည်း ကိုယ်အလေးချိန် ကျဆင်းလာခြင်း
၅) ယခုတစ်လော မျက်လုံးအားနည်းလာခြင်း၊ မျက်မှန်လဲတတ်သော်လည်း ကောင်းစွာ မမြင်ရခြင်း”
“သားရဲ့ ဒါမျိုးဆိုတာ တစ်ခါတစ်ခါ ဖြစ်တတ်တယ် မဟုတ်ဘူးလား”
“ဖြစ်တတ်တယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် စိုးရိမ်သူတွေကတော့ မြန်မြန်ထက်ထက် ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်တာကတော့ မမှားပါဘူး။
ဒါမှမဟုတ် ဆေးမစစ်တာ ခြောက်လ တစ်နှစ်လောက် ရှိနေရင်တော့ စစ်ကြည့်တာ အကောင်းဆုံးပဲ လို့တော့ သားထင်ပါတယ်”
“အေး စစ်ကြည့်တော့ သံသယရှင်းသွားတာပေါ့ကွာ”
“စစ်ပြီးတော့ ပျောက်အောင်လည်း ကုဖို့လိုတယ် ဖေဖေရဲ့။
ခံတွင်းရောဂါက ပိုးတွေကြောင့် ဖြစ်လာတဲ့ အရာတွေက အင်ဆူလင်စွမ်းအင်ကို ကျဆင်းစေပြီး၊
ဆီးချိုရောဂါကြောင့် သွေးကြောလေးတွေ၊ ဆံခြည်မျှင် သွေးကြောလေးတွေက ပေါက်ပြဲကုန်လို့ ကိုယ်ခံအားကို ကျင်ဆင်းစေပါတယ်။ ဒီတော့ ခံတွင်း သွားဖုံးရောဂါတွေ ပျောက်ဖို့ ခက်ပြန်သတဲ့လေ”
“သှူုကြောင့်ကိုယ်ဖြစ်၊ ကိုယ်ကြောင့်သူဖြစ်၊ လုံးလည်ခြာလည် လိုက်နေတဲ့ သဘောပေါ့ ဟုတ်လား”
“ဟုတ်ပါတယ်ဖေဖေ။ ဒါကြောင့် အမြန်ဆုံး ကုသသင့်လို့၊ တတ်ကျွမ်းရာ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်တာ အကောင်းဆုံးလို့ သားပြောတာပေါ့ ဖေဖေရ။ တစ်ကယ်လို့ ဒီလိုဖြစ်လာရင်လည်း ၂ခုစလုံးကို တစ်ပြိုင်နက် ကုသသင့်ပါတယ်။
အဲ့သလို ဆရာဝန်ကြီးတွေရဲ့ကုသမှူကို ခံယူသလို၊ ကိုယ်ကိုတိုင်ကလည်း ပုံမှန်၊ အချိန်မှန် စားသောက်နေထိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ မိမိအခြေအနေ၊ အလုပ်အကိုင်အပေါ်မူတည်ပြီး အစားအသောက် အနေအထိုင် မမှန်ကန်တဲ့သူတွေလည်း၊ တတ်နိုင်သမျှ လမ်းလျှောက်ခြင်း၊ သားရေစာ အစားခြင်း၊ ညစာလျှော့စားခြင်းတွေကို လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်”
“အေးအေးသား။ မေမေလည်း တတ်နိုင်သမျှ လုပ်ပါတော့မယ်”
“ကောင်းတာပေါ့ကွယ်။ မိသားစုထဲမှာ ရောဂါသယ် တစ်ယောက်ရှိရင် မိသားစုအားလုံးရဲ့ စိတ်ချမ်းသာမှုကိုတော့ လျော့ပါးစေတာတော့ အမှန်ပါပဲ။
ဒါ့ကြောင့်လည်း ရှေးလူကြီးတွေက ကျမ်းမာခြင်းသည် လဒ်ကြီးတစ်ပါးလို့ ပြောကြတာပေါ့ကွယ်”
“ဟုတ်ပါတယ် ဖေဖေ”

သုခ(သား)

No comments:

Post a Comment