Latest News

Thursday, June 22, 2017

ထိုင်းဘုရင် ဗဂျီရာလောင်ကွန်းကို ဆယ်ကျော်သက် ၂ ဦးက လေသေနတ်ဖြင့် ပစ်ခတ်

ထိုင်းဘုရင် ဗဂျီရာလောင်ကွန်းကို ဆယ်ကျော်သက် ၂ ဦးက လေသေနတ်ဖြင့် ပစ်ခတ်

ထိုင်းဘုရင် မဟာဗဂျီရာလောင်ကွန်းဟာ ဂျာမနီနိုင်ငံမှာရှိနေချိန်က ဆယ်ကျော်သက် ၂ ဦးရဲ့ လေသေနတ်နဲ့ ပစ်ခတ်တာကို ခံခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ညပိုင်းက မြူးနစ်လေဆိပ်အနီးမှာ ဖြစ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ခြွေရံသင်းပင်းတွေနဲ့ စက်ဘီးစီးပြီး အိမ်ပြန်ချိန်မှာ ပစ်ခံခဲ့ရတာလို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။

ပစ္စတိုလေသေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဆယ်ကျော်သက် ကောင်လေးတွေဟာ အသက် ၁၃ နှစ်နဲ့ ၁၄ နှစ်အရွယ်တွေဖြစ်ကြပြီး သူတို့ ဘယ်သူ့ကို ပစ်ခဲ့တယ်ဆိုတာကိုတောင် ရှင်းရှင်းလင်းလင်းသိပုံမရဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဘုရင် ဗဂျီရာလောင်ကွန်းအပါအ၀င် ဘယ်သူတဦးတယောက်မှ ထိ ခိုက်ဒဏ်ရာရှိသွားတာမျိုး မရှိဘူးလို့ ဂျာမနီအာဏာပိုင်တွေက ပြောပါတယ်။

ခုလိုကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ ၁၄ နှစ်အရွယ် ဆယ်ကျော်သက် ကောင်လေးကို စစ်ဆေးနေပြီး ၁၃ နှစ်အရွယ် နောက်တယောက်ကတော့ ဂျာမနီနိုင်ငံ ဥပဒေတွေအရ စွဲချက်တင်ဖို့ ငယ်လွန်းနေတာပါ။

ဒီအဖြစ်အပျက်အတွက် ဗဂျီရာလောင်ကွန်းက ဥပဒေအရ အရေးယူမှု တစုံတရာပြုလုပ်ဖို့ ငြင်းပယ်ထားခဲ့တာပါ။

ဂျာမနီဥပဒေဆိုင်ရာ ခုံရုံးတာဝန်ရှိသူတဦးဖြစ်တဲ့ သောမတ်စ် ရောက်ချာကတော့ “အကြိမ်ရေ စုစုပေါင်း ဘယ်လောက်ဆိုတာကို မသိနိုင်ပါဘူး။ ဒါပေမယ့် တကြိမ်ထက်ပိုတဲ့ ပစ်ခတ်မှုအတွက်တော့ အရေးယူရမှာပါ။ ကောင်လေးတွေနဲ့ ပတ်သက်တဲ့ ဥပဒေကြောင်းအရ အရေးယူမှုကို ဘုရင်က စိတ်ဝင်တစားမရှိပါဘူး။ ဒါပေမယ့် ဂျာမနီနိုင်ငံမှာတော့ ပြစ်မှုကျူးလွန်ခံရသူက ဒီပြစ်မှုအတွက် ဆုံးဖြတ်နိုင်ခွင့်မရှိပါဘူး”လို့ ပြောပါတယ်။

အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗဂျီရာလောင်ကွန်းဟာ ပြီးခဲ့တဲ့နှစ်ကတော့ ဖခင်ကွယ်လွန်ပြီးနောက် ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ရတာဖြစ်ပါတယ်။

သူဟာ ဂျာမနီနိုင်ငံမှာသာအနေများပြီး အာဒင်းမြို့နဲ့ ၆၀ ကီလိုမီတာသာဝေးတဲ့ စတဲန်းဘာ့ဂ်လိတ်ခ်မှာ စံအိမ် ၂ လုံးရှိတယ်လို့ ဆိုပါတယ်။

DVB

No comments:

Post a Comment