ပြည်ထောင်စုသဘောတူစာချုပ်နှင့် အခြေခံဥပဒေ အကျပ်အတည်း
ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) သည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ၏ အသီးအပွင့်ပင် ဖြစ်သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ နိုင်ငံရေး လမ်းပြမြေပုံ၏ အဆင့် (၇) ဆင့်အနက် နံပါတ် (၅) အဆင့်ကို ဖော်ဆောင်ခြင်းလည်း ဖြစ်သည်။ ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းကို ကျင်းပဆဲပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက်ရယူရမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနှင့် ဆက်စပ်နေသည့် စာချုပ်ပါသဘောတူညီချက်များကို မည်သို့မည်ပုံ အတည်ပြုမည်နှင့်စပ်လျဉ်း၍ စောင့်ကြည့်ရမည် ဖြစ်သည်။
ပြည်ထောင်စု သဘောတူညီချက်၏ အစိတ်အပိုင်း (၁) မှသည် နောက်ပိုင်း အစိတ်အပိုင်းများအထိ သဘောတူညီချက်အများစုသည် လတ်တလော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအကျပ်အတည်းနှင့် ဆက်စပ်နေမည် ဖြစ်သည်။ ပြည်ထောင်စု သဘောတူညီချက်၊ အစိတ်အပိုင်းကို အနီးဆုံးပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက်ရယူရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆက်စပ်နေသည့် သဘောတူညီချက်များကို အတည်ပြုမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထပ်မံပြင်ဆင်ရနိုင်ဖွယ် ရှိနေသည်။ သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် အလွန်ကာလ၌ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည်အထိ အချိန်ယူရနိုင်ဖွယ်ရှိနေသည်။
ပြည်ထောင်စုသဘောတူညီချက်၊ အစိတ်အပိုင်းပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဆက်စပ်နေသည့်အချက်များကို ပြည်ထောင်စုလွှတ်တော်က အတည်မပြုခြင်းသည်လည်း ဖြစ်နိုင်ခြေတစ်ခုပင် ဖြစ်သည်။ အကယ်၍ ပြည်ထောင်စုသဘောတူ စာချုပ်ပါ သဘောတူညီချက်များအားလုံးကို ပြည်ထောင်စုလွှတ်တော်အနေဖြင့် တစ်ထိုင်တည်း အတည်ပြုနိုင်ခွင့်ရှိမည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနှင့် ဆက်စပ်သော အစိတ်အပိုင်းကိုလည်း တစ်ပါတည်း ဖြေရှင်းပြီး ဖြစ်နိုင်သည်။ ထိုသို့မဟုတ်ပါက ပြည်ထောင်စု သဘောတူညီချက်မှသည် ပြည်ထောင်စု လွှတ်တော်အတည်ပြုသည်အထိ ဖွဲ့စည်းပုံ အခြေခံဥပဒေအကျပ်တည်းနှင့် ဆက်စပ်သော သဘောတူညီချက်များ အရေးသည် ပိုမိုကြန့်ကြာနိုင်ဖွယ် ရှိနေသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်မှ မေလ ၂၉ ရက်အထိ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် မေလ ၂၉ရက် နေ့တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်၊ အပိုဒ် ၂၀ (င) အရ အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း (၁) တွင် နိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၁၂) ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒသဘောတူညီချက် ၁၁ ချက်၊ လူမှုရေးကဏ္ဍမူဝါဒ သဘောတူညီချက် လေးချက်နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒသဘောတူညီချက် ၁၀ ချက် စုစုပေါင်း ၃၇ ချက် ပါဝင်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၆ (က)၊ (ခ) နှင့် (ဂ) တို့တွင် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် အခြေခံမူများကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး၊ ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အ၀ရှိသော ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးကို ကျင်းပခဲ့သည်။
အဆိုပါ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး၌ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) ကို အစိုးရအစုအဖွဲ့ကိုယ်စားလှယ်၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ်၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီများအစု အဖွဲ့ကိုယ်စားလှယ်တို့သည် အသိသက်သေ ခြောက်ဦးနှင့်အတူ ၂၀၁၇ ခုနှစ် မေလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၁) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ကျေးဇူးတင်စကား ပြောကြားခဲ့သော်လည်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုတိယသမ္မတများနှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။
ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်အပိုင်း (၁) နိုင်ငံရေးကဏ္ဍ မူဝါဒသဘော တူညီချက် (၁၂) ချက်ပါ အချက်အများစုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါပြဋ္ဌာန်း ချက်များနှင့် ဖီလာဆန့်ကျင်မှုမရှိဟု သုံးသပ်နိုင်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၄) တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟုပြဋ္ဌာန်းထားပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး၌ တည်သည်ဟု ဖော်ပြထားသည်။ နိုင်ငံတော်နှင့် ပြည်ထောင်စုအကြား အသုံးအနှုန်းကွာဟမှုရှိနေသည်ဟု သုံးသပ်နိုင်သည်။
စာချုပ်တွင် နိုင်ငံတော်အချုပ်အခြာ အာဏာ၏မဏ္ဍိုင် (၃) ရပ်ဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို ပိုင်းခြားကျင့်သုံးခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုရမည်ဟုဖော်ပြထားပြီး ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၁ (က) တွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုသည်ဟု ပြဋ္ဌာန်းထားသည်။ ခက်မသုံးဖြာနှင့် မဏ္ဍိုင် (၃) ရပ်၊ တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် ပိုင်းခြားကျင့်သုံးခြင်းတို့တွင် ကွဲလွဲသည်ကို တွေ့ရသည်။ အခြေခံဥပဒေပါ တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်း ဆိုသည်ထက် စာချုပ်ပါ ပိုင်းခြားကျင့်သုံးခြင်းက ပိုမိုလျော်ကန်မည် ဖြစ်သည်။
တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ တန်းတူရည်တူ အခွင့်အရေးရှိရမည့်အပြင် ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ်မြှင့်တင်ခွင့် ရှိရမည်ဟု စာချုပ်တွင်ဖော်ပြထားသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (က) တွင် နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ် ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်ဟုလည်းကောင်း၊ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို တိုင်းရင်းသားလူမျိုးများ၏ အမည်ဖြင့် ဖွဲ့စည်းရမည်ဟု စာချုပ်တွင်ဖော်ပြထားသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ အလားတူပြဋ္ဌာန်းချက်မျိုး မတွေ့ရှိရပေ။
နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်ဟု စာချုပ်တွင်ဖော်ပြထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၈ တွင် နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟု ပြဋ္ဌာန်းထားသည်။ စာချုပ်ပါ ဖော်ပြချက်သည် ပိုမိုကြောင်းကျိုးဆီလျော်သည်ဟု သုံးသပ်နိုင်သည်။ စာချုပ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တိုင်းဒေသကြီး /ပြည်နယ်များဖြင့် ဖွဲ့စည်းရမည်ဟုလည်းကောင်း၊ မှတ်ချက်တွင် တိုင်းဒေသကြီး/ ပြည်နယ်များသည် အခွင့်အာဏာ တန်းတူရှိရမည်။
အမည်နာမသတ်မှတ်ချက်နှင့် ပတ်သက်၍ နောင်တွင် ဆက်လက်ဆွေးနွေးမည်ဟုလည်းကောင်း ဖော်ပြထားသည်။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ၊ ပုဒ်မ ၉ ပုဒ်မခွဲ (က)တွင် ရှိရင်းစွဲ တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးခုနစ်ခု အဖြစ်လည်းကောင်း၊ ရှိရင်းစွဲ ပြည်နယ်ခုနစ်ပြည်နယ်ကို ပြည်နယ်ခုနစ် ပြည်နယ်အဖြစ်လည်းကောင်း ပိုင်းခြားသတ်မှတ်သည်။ ထိုတိုင်းဒေသကြီး ခုနစ်ခုနှင့် ပြည်နယ်ခုနစ်ပြည်နယ်တို့သည် အဆင့်အတန်းတူညီကြသည်ဟု ပြဋ္ဌာန်းထားသည်။ မှတ်ချက်ပါ အကျုံးဝင်သည့် စာချုပ်ပါဖော်ပြချက်သည် ပိုမိုအနှစ်သာရပြည့်ဝသည်။ သို့သော် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောဟူသည့်စာသား ဖြည့်စွက်ပြင်ဆင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်မည်ဆိုလျှင် မရေရာ၊ မသေချာမှုများက ထပ်မံကြီးစိုးလာနိုင်ဖွယ် ရှိနေသည်။
ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း (၁) တွင် နိုင်ငံတော်အချုပ်အခြာ အာဏာ၏ ခက်မ (၃) ဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ (၃) ရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများသို့ ခွဲဝေအပ်နှင်းမည်ဟုလည်းကောင်း၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး / ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများအကြား ဥပဒေပြုရေးဆိုင်ရာ အာဏာများနှင့် ပူးတွဲအာဏာများကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေအပ်နှင်းပေးရမည်ဟုလည်းကောင်း ဖော်ပြထားသည်။
တိုင်းဒေသကြီး/ ပြည်နယ်များကို ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတည်းဟူသော အာဏာ (၃) ရပ်စလုံးကို အပ်နှင်းစေရမည်။ ဥပဒေပြုရေး အာဏာကို ကျင့်သုံးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်၊ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ၊ တရားစီရင်ရေးအာဏာကို ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေက အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ လွတ်လပ်စွာကျင့်သုံးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်ချုပ်တို့ကို ထူထောင်ခွင့်ရှိစေရမည်ဟုလည်း စာချုပ်၊ အစိတ်အပိုင်း (၁) တွင် ဖော်ပြထားသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ (ခ) တွင် ထိုသို့ပိုင်းခြားထားသည့် နိုင်ငံတော်အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းသည်ဟုလည်းကောင်း၊ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်၏ ဥပဒေပြုရေး အာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ဤဖွဲ့စည်းပုံအခြေခံ ဥပဒေကသတ်မှတ်သော ဥပဒေပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မ ခွဲ (က) တွင် နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၁၈ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်၏ တရားစီရင်ရေးအာဏာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတရားရုံးများ အပါအ၀င် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းသည်ဟု လည်းကောင်း၊ ပုဒ်မခွဲ (ဃ) တွင် တိုင်းဒေသကြီးတိုင်းတွင် တိုင်းဒေသကြီး တရားလွှတ်တော်တစ်ရပ်စီ လည်းကောင်း၊ ပြည်နယ်တိုင်းတွင် ပြည်နယ်တရားလွှတ်တော် တစ်ရပ်စီလည်းကောင်း ထားရှိသည်ဟု လည်းကောင်း ပြဋ္ဌာန်းထားသည်။ အာဏာသုံးရပ်ခွဲဝေအပ်နှင်းရေးနှင့် ပတ်သက်လျှင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် တိုက်ဆိုင်လျက် လိုက်လျောညီထွေ ပြင်ဆင်ရမည့်သဘော မြင်တွေ့ရသည်။
ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး / ပြည်နယ်အစိုးရများသည် ကောက်ခံရရှိထားသော အခွန်ငွေများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အရင်းအမြစ်များကို ဥပဒေနှင့်အညီမျှ ဝေခံစားခွင့်ရှိစေရမည်ဟု စာချုပ်၊ အစိတ်အပိုင်း (၁) တွင် ဖော်ပြထားသည်။ ယင်းသဘောတူညီချက်ကို ပြည်ထောင်စုအစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ မပြဋ္ဌာန်းနိုင်မီကာလတွင် အမိန့်၊ ကြေညာချက်များထုတ်ပြန်၍ ဆောလျင်စွာ အကောင်အထည်ဖော်နိုင်မည်ဆိုလျှင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး / ပြည်နယ်များအကြား အရင်းအမြစ်ခွဲဝေမှုသည် ပိုမိုရုပ်လုံးပေါ်လာမည် ဖြစ်သည်။ သယံဇာတ အရင်းအမြစ်များကို ဥပဒေနှင့်အညီ အချိုးကျခွဲဝေနိုင်ရေး အလျင်အမြန်ဆောင်ရွက်နိုင်ပါက တိုင်းရင်းသားပြည်သူလူထု၏ ဆန္ဒကို တစ်စိတ်တစ်ဒေသ ဖြည့်ဆည်းပေးရာ ရောက်နိုင်ဖွယ်ရှိသည်။
ပြည်ထောင်စုနှင့် တိုင်းဒေသကြီး / ပြည်နယ်အကြားတွင်လည်းကောင်း၊ တိုင်းဒေသကြီး / ပြည်နယ်အချင်းချင်း အကြားတွင်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် သီးခြားလွတ်လပ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးကို တည်ထောင်ထားရှိရမည်ဟု စာချုပ်၊ အစိတ်အပိုင်း (၁) တွင် ဖော်ပြထားသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၂၂၊ ပုဒ်မခွဲ (ဃ) တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအချင်းချင်း ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်းတို့သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ လုပ်ငန်းတာဝန်ဟု ပြဋ္ဌာန်းထားသည်။ စာချုပ်ပါဖော်ပြချက်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်တို့ကို ဆန်းစစ်လျှင် ယေဘုယျ သဘောတူညီနေသည်ဟု ဆိုနိုင်သော်လည်း ထပ်တူမကျသည့်အလျောက် ညှိနှိုင်းပြင်ဆင်ရဖွယ်ရှိသည်။
ပါတီစုံစနစ်ကို ကျင့်သုံးရမည်နှင့် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပရမည်ဆိုသည့် အချက် (၂) ချက်မှာ စာချုပ်၊ အစိတ်အပိုင်း (၁) ၏ နောက်ဆုံးအချက်များပင် ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၇ တွင် နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ဖော်ပြထားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံတွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသောကို ဖြုတ်ရသည်မှာ လွယ်ကောင်းလွယ်နိုင်သည်။ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသောအခါ ထပ်တူလွယ်ကူပါ့မလား၊ ထပ်တူအတည်ပြုနိုင်ပါ့မလား စိုးရိမ်စရာပင် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း (၁) ပါ နိုင်ငံရေးသဘောတူညီချက် အများစုနှင့် ဆက်စပ်လျှင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းသည် ရှေ့တန်းရောက်လာနေသည်။ သဘောတူညီချက်အများစုနှင့် ဆက်စပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မများကို ပြင်ဆင်နိုင်ရေးတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုလိုအပ်သည့်အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်မည့်သဘော သုံးသပ်မိသည်။
သဘောတူစာချုပ်၊ အစိတ်အပိုင်း (၁) ပါနိုင်ငံရေး သဘောတူညီချက် အားလုံးနီးပါးကို အတည်ပြုနိုင်ရန် အဆင့်ဆင့် အချိန်ယူကျော်ဖြတ်ရဖွယ် ရှိနေသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ၏ အချိန်ဇယားကို တရားဝင် ထုတ်ပြန်ထားခြင်းမရှိသည့်အလျောက် အချိန်ဘယ်လောက်ကြာဦးမည်မှာ ခန့်မှန်းရန်ခဲယဉ်းမည် ဖြစ်သည်။ နောက် ၁၀ နှစ်၊ အနှစ် ၂၀ မကြာပါစေနှင့်ဟုသာ ဆုတောင်းမိပါသည်။ ပြည်ထောင်စုသဘောတူ စာချုပ်၊ အစိတ်အပိုင်း (၁) အလွန် အချိန်ဇယား၊ လုပ်ငန်းစီမံချက်နှင့် အစီအစဉ်တို့ကို အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်လာနိုင်မည် ဆိုပါက အတန်အသင့် အသက်ရှူချောင်နိုင်ဖွယ်ရှိသည်။ သို့မဟုတ်ပါက နိုင်ငံရေးအဆိုး သံသရာထဲတွင် တ၀ဲလည်လည်ဖြစ်နေဦးမည်လားဆိုသည့် စိုးရိမ်ပူပန်မှုများကို မြင့်သည်ထက်မြင့်လာစေနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment