Latest News

Tuesday, June 13, 2017

ပညာရေးပြုပြင်ပြောင်းလဲမှု ကဏ္ဍမှာ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေကို မေ့မထားဖို့လိုပါတယ်

ပညာရေးပြုပြင်ပြောင်းလဲမှု ကဏ္ဍမှာ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေကို မေ့မထားဖို့လိုပါတယ်


မြန်မာနိုင်ငံရဲ့ အခြေခံပညာကျောင်းတွေကို အစိုးရပညာရေးဝန်ကြီးဌာနကနေပဲ ဖွင့်လှစ်ပေးခဲ့တာကနေ ဒီမိုကရေစီစနစ် ပြောင်းလဲပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေ ဖွင့်ခွင့်ပေးခဲ့ပါတယ်။ အရင်ကတော့ ပြင်ပကျူရှင်တွေ၊ ဘော်ဒါဆောင်တွေ ဖွင့်ကြပေမယ့် အစိုးရကျောင်းကို မတက်မနေရ တက်ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနကနေ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၂ နဲ့ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်နည်းဥပဒေကို ပြဋ္ဌာန်းပြီး တရားဝင်ခွင့်ပြုပေးလိုက်ကာ အစိုးရ ကျောင်းများနည်းတူ လုပ်ပိုင်ခွင့်ပေးထားပါတယ်။

ထိုသို့ခွင့်ပြုလိုက်တာနဲ့ တစ်ပြိုင်နက် တစ်နိုင်ငံလုံးမှာ ကိုယ်ပိုင်ကျောင်းတွေ အပြိုင်အဆိုင် ဖွင့်လာကြပါတယ်။ စီးပွားရေးသမားများကလည်း ပညာရေးဈေးကွက်ထဲကို အပြိုင်အဆိုင် ငွေထုပ်ပိုက်ပြီး ၀င်လာကြပါတယ်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ပုဂ္ဂလိက ကျောင်း ၄၃၈ ကျောင်း၊ ကိုယ်ပိုင်ဆရာ ၇၃၉၇ ဦးနဲ့ ကျောင်းသား ၁၀၇၄၅၁ ဦးတို့ ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက သိရပါတယ်။ နောက်ထပ် ဖွင့်လှစ်ခွင့်ပေးဖို့လည်း အများကြီးကျန်သေးသလို ဖွင့်ခွင့်ရဖို့ ကြိုးစားနေတာလည်း အများကြီးကျန်ဦးမှာ အသေအချာပါ။

ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးဟာ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာ စနစ်တကျ ဖျက်ဆီးခံခဲ့ရလို့ အစစအရာရာ နိမ့်ကျ ပျက်စီးခဲ့ရပါတယ်။ နိုင်ငံရဲ့ ပညာရေးအဆင့်အတန်းဟာ ကမ္ဘာ့အဆင့် နောက်ဆုံးနားရောက်တဲ့အထိ ဆုတ်ယုတ်ခဲ့ရတယ်။ ဒီလိုအချိန်မှာ ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်ရောက်တော့ အခြေခံပညာကျောင်းတွေ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့် ပြုလိုက်တဲ့အတွက် အားလုံးက ကြိုဆိုခဲ့ကြပါတယ်။ နိမ့်ကျနေတဲ့ နိုင်ငံရဲ့ပညာရေးစနစ် တိုးတက်ပြောင်းလဲမယ်လို့ မျှော်လင့်ချက်ထားခဲ့ကြပါတယ်။ ယနေ့ ကိုယ်ပိုင်ကျောင်းတွေ ဖွင့်လှစ်ခွင့်ရခဲ့တာ သက်တမ်းငါးနှစ် ပြည့်ပါတော့မယ်။ ဒီအချိန်မှာ ယနေ့ အပြိုင်အဆိုင် ဖွင့်နေတဲ့ ကိုယ်ပိုင်ကျောင်းအချို့ဟာ တိုင်းပြည်ပညာရေးအတွက်၊ ကျောင်းသား မိဘတွေအတွက်၊ ကျောင်းသားတွေအတွက် အမှန်တကယ် အထောက်အကူပြုနိုင်ခြင်း ရှိ မရှိ ကျောင်းတစ်ကျောင်းရဲ့ အင်္ဂါရပ်နဲ့ ညီညွတ်မှု ရှိ မရှိ၊ ဖွင့်ခွင့်လိုင်စင်ချပေးမှုမှာ နည်းလမ်းမှန်ကန်မှု ရှိ မရှိ၊ ငွေနဲ့စပ်ဝယ်ရတဲ့ ပညာရေးလို့ပြောရလောက်အောင် နင့်နေအောင် ကျောင်းလခတွေထဲက နိုင်ငံတော်ကို အခွန်ပြန်လည်ထမ်းဆောင်မှု ရှိ မရှိ စတာတွေကို လေ့လာသုံးသပ်စစ်ဆေးဖို့ လိုအပ်နေပါပြီဆိုတာ တွေ့ရပါတယ်။

ယနေ့ တရားဝင်ဖွင့်ခွင့်ရနေတဲ့ ကိုယ်ပိုင်ကျောင်းတွေရော၊ တရားဝင်ဖွင့်ခွင့်မရသေးတဲ့ ဘော်ဒါဆောင်တွေ၊ ကျောင်းအချို့ဟာ ကျောင်းတစ်ကျောင်းရဲ့ အင်္ဂါရပ်နဲ့ ညီရဲ့လား။ ကျောင်းတစ်ကျောင်းရဲ့ အင်္ဂါရပ်နဲ့ ကိုက်ညီဖို့ မြေနေရာ အကျယ်အ၀န်း၊ စာသင်ဆောင်များ၊ စာကြည့်တိုက်၊ လက်တွေ့သိပ္ပံခန်း၊ ကွန်ပျူတာ အင်တာနက်ခန်း၊ ကျောင်းခန်းမတို့ ရှိ မရှိ။ သင်ကြားနေတဲ့ ကျောင်းသားဦးရေနဲ့ ဆရာ၊ ဆရာမ အချိုးကိုက်ညီမှု ရှိ မရှိ။ အရည်အသွေးပြည့်မီတဲ့ ဆရာများခန့်ထားမှု ရှိ မရှိ။ ကျောင်းဆိုတာ ကလေးငယ်တွေရဲ့ ဘ၀ ဘက်စုံထူးချွန် ထက်မြက်အောင် သင်ပေးတဲ့နေရာဖြစ်တဲ့အတွက် အားကစားကွင်းများ၊ ပန်းခြံ၊ ဂီတခန်းများနဲ့ သင်ကြားပေးတဲ့ ကာယဆရာ၊ ဂီတဆရာများကအစ ထားပေးမှု ရှိ မရှိ။ ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်များဆိုလျှင် ကျောင်းသားတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် ကျွေးမွေးမှု ရှိ မရှိ။ ကျောင်းသားဦးရေနဲ့ အိပ်ခန်းဆောင်များ လုံလောက်မှု ရှိ မရှိ။ ကျောင်းသားတွေ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်မှု ရှိ မရှိ။ အစိုးရကျောင်းများလို ဖွဲ့စည်းပုံ စနစ်ကျမှု ရှိ မရှိ စတဲ့အချက်တွေကို ပညာရေးဝန်ကြီးဌာနမှ စနစ်တကျ စစ်ဆေးသင့်ပြီဖြစ်ပါတယ်။ ဒါတွေဟာ တိုင်းပြည်အနာဂတ် ကလေးငယ်တွေရဲ့ အနာဂတ်အတွက် အင်မတန် အရေးကြီးတဲ့ကိစ္စလည်း ဖြစ်နေပါတယ်။

ကျောင်းဆိုတာ လူငယ်တွေအတွက် စာသင်ကြားပေးတဲ့ နေရာဌာနတစ်ခုသက်သက် မဟုတ်ပါဘူး။ စာသာမက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ဖို့ ပြုပြင်သင်ကြားပေး တဲ့နေရာပါ။ တိုင်းပြည်အပေါ်ချစ်စိတ်၊ ဘာသာတရားအပေါ် လေးစားမြတ်နိုးတဲ့ စိတ်၊ သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့စိတ်၊ အသင်းအဖွဲ့နဲ့ နေထိုင်တတ်မှု၊ အားကစား၊ အနုပညာစတဲ့ ဘက်ပေါင်းစုံသင်ကြားပေးတဲ့ ဘ၀ကျောင်းတော်ကြီးဆို မမှားပါဘူး။

ဘာကြောင့် အမြန်ဆုံးစစ်ဆေးသင့်သလဲဆိုတာ အောက်ကကျောင်းသားမိဘတွေ အစိုးရကျောင်းအုပ်ကြီးများရဲ့ ထောက်ပြတာတွေကိုဖတ်ကြည့်တာနဲ့ သိနိုင်ပါတယ်။

“ကျွန်တော်တို့ကတော့ ကိုယ်ပိုင်ကျောင်းတွေ ဖွင့်ခွင့်ပေးတာကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ဝန်ကို မျှထမ်းပေးတယ်လို့လည်း မြင်ပါတယ်။ ဒါပေမဲ့ ယနေ့ ကျွန်တော်မြင်တွေ့ရလောက်ကတော့ ကိုယ်ပိုင်ကျောင်းတွေဟာ ကျောင်းတစ်ကျောင်းရဲ့ အင်္ဂါရပ်နဲ့ညီတာ မတွေ့ရသလောက်ပဲ။ ကျန်တာတွေ နောက်ထား ကျောင်းတစ်ခုရဲ့အဆင့်နဲ့ညီတဲ့ မြေနေရာ အကျယ်အ၀န်းကို မရှိဘူး။ ဘောလုံးကွင်းတို့၊ ပန်းခြံတို့ ဘာတို့ရှိဖို့ကတော့ အဝေးကြီး။ ဘယ်လိုတွေ ခွင့်ပြုထားလဲတော့ မသိဘူး။ ကျောင်းဆိုတာက စာတစ်ခုတည်း တတ်အောင် သင်တဲ့နေရာမဟုတ်ဘူး။ အခု ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းအများစုက စာသင်တာပဲ အဓိကထားတယ်။ အောင်စာရင်းထွက်လာရင် ငါ့ကျောင်းကကလေး ဘယ်နှယောက်အောင်တယ်။ ဂုဏ်ထူးဘယ် နှယောက်ထွက်တယ်ပဲ ပြိုင်ဆိုင်နေကြတာ။ ဒီကလေးငယ်တွေ အနာဂတ်အတွက် စိတ်ပူမိတယ်”လို့ မန္တလေးမြို့မှ အထက်တန်းကျောင်းအုပ်ဆရာကြီး တစ်ယောက်က သူ့အမြင်ကို ပြောပါတယ်။

ဒီကိုယ်ပိုင်ကျောင်းတွေဟာ အစိုးရစစ်ဖြစ်တဲ့ လေးတန်း၊ ရှစ်တန်း၊ ၁၀ တန်းကလွဲပြီး ကျန်တဲ့အတန်းတွေအားလုံးကို သူတို့ဘာသာ မေးခွန်းထုတ်၊ သူတို့ကျောင်းမှာပဲ သူတို့ဘာသာ စစ်ဆေးရတာဖြစ်တယ်။ ဒီအတွက် မေးခွန်းများ၊ စစ်ဆေးမှုများဟာ အဆင့်မီမှု ရှိ မရှိတွေမှာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ကိုယ်ပိုင်ကျောင်းအများစုဟာ မိမိကျောင်းအောင်ချက်ကောင်းရေး ဦးစားပေးမှာဖြစ်တဲ့အတွက် ဒီအောင်စာရင်း ရလဒ်တွေဟာ မှန်ကန်ဖို့ ဘယ်လိုအာမခံချက်ပေးနိုင်မှာလဲ။ ဒါတွေက အဓိကမေးစရာတွေ ဖြစ်နေပြန်ပါတယ်။ တချို့ကိုယ်ပိုင်ကျောင်းတွေဟာ လူမျိုးခြားတွေကို သီးသန့်ခွဲခြားပြီး သူတို့စာပေတွေပါ သင်ကြားတာတွေပါ ပြုလုပ်ကြတယ်လို့ ကြားသိရပါတယ်။ ကျောင်းဝတ်စုံများကိုလည်း အနောက်တိုင်းဝတ်စုံပုံစံတွေ ၀တ်ဆင်ခိုင်းမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

အခုဆိုရင် ကိုယ်ပိုင်ကျောင်းဖွင့်ခွင့် မရဘဲ ဖွင့်နေတာတွေ ရှိနေပြန်တယ်လို့ သိရပါတယ်။ ကိုယ်ပိုင်တိုက်အိမ်လေး အဆင့်လေးတွေနဲ့ကို ကိုယ်ပိုင်ကျောင်းဖွင့်နေကြပါတယ်။ ကျန်တဲ့ ကျူရှင်အသေးလေးတွေ၊ ဘော်ဒါဆောင်လေးတွေဟာ ဒီကိုယ်ပိုင်ကျောင်းတွေနဲ့ ချိတ်ဆက်ပြီး မိမိကျောင်းသားတွေကို ကိုယ်ပိုင်ကျောင်းတွေမှာ စာရင်းသွင်းပြီး အစိုးရကျောင်း မတက်ရဖို့အတွက် ပြုလုပ်နေကြတာတွေလည်း ရှိပါတယ်။ အသုံးစရိတ်လျှော့ချတဲ့အနေနဲ့ ဆရာတစ်ဦးကို ဘာသာရပ်အများကြီး သင်ခိုင်းပြီး ဆရာလုံလောက်စွာ မခန့်တာတွေပါ ကြားသိနေရပါတယ်။ ကိုယ်ပိုင်ကျောင်းအချို့ဟာ နည်းအမျိုးမျိုးနဲ့ ဖွင့်ခွင့်ရအောင် ကြိုးစားပြီး လိုင်စင်ချပေးဖို့ ပညာရေးဝန်ကြီးဌာနက လာစစ်တဲ့နေ့လောက်ပဲ ဟန်ပြသိပ္ပံခန်းတွေ၊ သင်ထောက်ကူပစ္စည်းတွေ စာကြည့်တိုက်တွေ ဟိုကငှား ဒီကငှားပြီး ခဏသာ ဟန်ပြ ထားတတ်ကြတယ်လို့ ဝေဖန်ခံနေရတာ တွေလည်း ရှိနေပါတယ်။

နောက်တစ်ခုကတော့ ကျောင်းအပ်လက်ခံတဲ့နှုန်းထားတွေပါ။ အစိုးရက ကျောင်းသားတစ်ဦး ဘယ်လောက်ကောက်ခံရမယ် ဘယ်လောက်ထက်မပိုရလို့ သတ်မှတ်ပေးထားမှု မရှိတဲ့အတွက် ကြိုက်သလိုကောက်ခံခွင့် ရှိနေပါတယ်။ အဘက်ဘက်က ပြည့်စုံမှု အားနည်းနေတဲ့ အစိုးရကျောင်းတွေအနေနဲ့ ကျောင်းသားဆီက မည်သည့်ငွေကြေးမျှ မကောက်ခံရလို့ သတ်မှတ်ထားတဲ့အတွက် လုံးဝ မကောက်ခံရတဲ့အချိန်မှာ ဒီကိုယ်ပိုင် ကျောင်းတွေကိုကျတော့ ကြိုက်သလိုကောက်ခံခွင့် ပေးသလိုဖြစ်နေတာ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ အထိန်းအကွပ် ရှိစေချင်ပါတယ်။

“ကျွန်မသမီးက နောက်နှစ် ၁၀ တန်း ဆိုတော့ အခြေခံကောင်းအောင် ကိုးတန်းကို ဘော်ဒါဆောင်ပို့ရတယ်။ ကျောင်းစရိတ်တင် ၃၅ သိန်း။ ဒါတောင် အ၀တ်လျှော်ခတို့၊ ၀တ်စုံကြေးတို့ မပါသေးဘူး။ ဒီထက်ဆိုးတာက ဒီလောက်ငွေ ကောက်ခံထားတာတောင် ကျောင်းသားတွေသောက်တဲ့ ရေသန့်ဖိုး တောင်းသေးတယ်။ ကိုယ့်သားသမီးထူးချွန် စေချင်လို့သာပို့ရတာ စိတ်က မချဘူး။ ဘယ်လို စားသောက်နေထိုင်ရလဲဆိုတာ ကိုယ်က မြင်ရတာ မဟုတ်ဘူး” လို့ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဒေါ်ဥမ္မာမြင့်က ပြောပါတယ်။

ကိုယ်ပိုင်ကျောင်းအများစုဟာ မိမိ ကျောင်း နာမည်ရရေးအတွက် အပြိုင်အဆိုင် အောင်ချက်ကောင်းရေး၊ ဂုဏ်ထူးများများပါရေးအတွက် ကျောင်းသားတွေကို အပြင်းအထန် လေ့ကျင့်သင်ကြားတာတွေ လုပ်ကြပါတယ်။ တချို့ကျောင်းများဆို ပြင်းထန်တဲ့ ရိုက်နှက်ဆုံးမမှုတွေတောင် ရှိတယ်လို့လည်း ကြားသိရပါတယ်။ ကလေးတွေဟာ အိပ်ချိန် လုံလောက်စွာ မရ အချိန်ပြည့် စာပဲဖြစ်နေတာဟာ ကလေးအတွက် လုံးဝမကောင်းတဲ့ လေ့ကျင့်သင်ကြားမှုတွေပါပဲ။ စာတစ်ခုတည်းသာ သင်ကြားနေပါက စာပဲတတ် ၊ ပညာမတတ်တဲ့ လူတော် လူမကောင်းကလေးတွေပဲ ဖြစ်လာပါလိမ့်မယ်။ ဒီအတွက် စစ်ဆေးထိန်းသိမ်းမှုတွေ စနစ်တကျ လုပ်သင့်ပါတယ်။

“ကျွန်တော့်သား ၁၀ တန်းကို မန္တလေး က နာမည်ကြီးဘော်ဒါဆောင်မှာထားတယ်။ သူတို့ကျောင်းမှာ မနက်ပိုင်း နိုင်ငံတော်အလံ အလေးပြုရတာတို့၊ ဘုရားရှိခိုးရတာတို့လည်း မလုပ်ရဘူးတဲ့။ နိုင်ငံတော်အလံတိုင်တောင် မရှိဘူးတဲ့။ကျွန်တော်အံ့သြမိတယ်ဗျ။ ကျွန်တော်တို့တုန်းကလို ၀ါစိမ်းနီပြာ အသင်းခွဲပြီး သန့်ရှင်းရေးလုပ်ရတာ၊ ဘုရားပန်း လဲရတာတွေလည်း မရှိဘူးတဲ့။ ဒါတွေဟာ ကလေးအတွက် အလွန်လိုအပ်တယ်။ တိုင်းပြည်အပေါ်ချစ်စိတ်၊ အသင်းအဖွဲ့စိတ်ဓာတ်တွေ၊ ပရဟိတတွေ သဘာဝပတ်ဝန်းကျင်ပေါ် ချစ်ခင်တဲ့ စိတ်ဓာတ်တွေကို ဒီအခြေခံပညာကျောင်းတွေကနေ မွေးမြူပေးရမှာပါ။ ဒါတွေကို အစိုးရက မစစ်ဆေးဘူးလား မသိဘူး။ နောက်ဆိုးတာတစ်ခုက အဆင့်ခွဲခြားမှုပဲ။ စာတော်တဲ့ ကလေးတွေကို သီးသန့်ခွဲပြီး အထူးလေ့ကျင့်ပေးတယ်။ ကျန်တဲ့ ကလေးအများစုကိုတော့ သာမန်ပဲ သင်ကြားတော့တယ်။ ကိုယ့်ကလေးက သူတို့ အထူးသီးသန့် ခွဲသင်တဲ့အထဲ မပါတော့ဘူး ဆိုရင်တော့ ထူးချွန်စွာအောင်ဖို့တော့ မမျှော်လင့်နဲ့တော့”ဟု ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ကိုမြင့်မောင်က ပြောပါတယ်။

“ကျွန်တော်သိရသလောက် ဒီကိုယ်ပိုင်ကျောင်းတွေနဲ့ပတ်သက်ပြီး ပညာရေးဌာနက စစ်ဆေးမှုမရှိသလောက်ပဲ။ အားနည်းတယ်။ ကျွန်တော်တို့ကျောင်းတွေဟာ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့်က စစ်ဆေးရေးအဖွဲ့ အမြဲရှိတယ်။ သင်ကြားရေးကအစ ဆရာတွေဟာ နေ့စဉ်သင်ကြားမှု လအလိုက် သင်ကြားမှုတွေကို စာရင်းလုပ်ပြီး စစ်ဆေးခံရတယ်။ ဒီကျောင်းတွေကတော့ ဘယ်လိုလုပ် ခွင့်ပေးထားသလဲ။ မေးစရာ ဖြစ်နေပါတယ်” ဟု အစိုးရအထက်တန်း ကျောင်းအုပ်ကြီးတစ်ဦးက ပြောကြားပါတယ်။

ဒီကိုယ်ပိုင်ကျောင်းတွေကို ပညာရေးဝန်ကြီးဌာနက ဘယ်လိုစည်းကမ်းဥပဒေ သတ်မှတ်ချက်တွေနဲ့ ချပေးခဲ့တာလဲ။ ကိုယ်ပိုင် ကျောင်းမှတ်ပုံတင် နည်းဥပဒေစာအုပ်ကို လေ့လာကြည့်တော့ ကိုယ်ပိုင်ကျောင်းတွေနဲ့ ပတ်သက်ပြီးတော့ သတ်မှတ်ချက်ဥပဒေ စည်းကမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် တိတိကျကျ သတ်မှတ်ထားတာ မတွေ့မိဘူး။ စည်းကမ်းချက်တွေဟာ ယေဘုယျဆန်နေတယ်လို့ ဝေဖန်တာတွေ ရှိနေပါတယ်။ နည်းဥပဒေ စည်းကမ်းချက်က စာမျက်နှာ ၂၀ ပဲရှိတယ်။ စဉ်းစားကြည့် ဒီလောက်အရေးကြီးတဲ့ ကိုယ်ပိုင်ကျောင်းဖွင့်ခွင့်ပေးတဲ့ နည်းဥပဒေစာအုပ်က စာမျက်နှာ ၂၀ ပဲရှိတယ်ဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်။ ဒါကြောင့် ယနေ့ ကျောင်းအင်္ဂါရပ်တွေနဲ့ မညီညွတ်တဲ့ ကိုယ်ပိုင် ကျောင်းတွေ စနစ်တကျဖြစ်ဖို့အတွက် ကိုယ်ပိုင်ကျောင်းဖွင့်ခွင့်ဥပဒေတွေကို သက်ဆိုင်ရာပညာရှင်များနဲ့ ပြန်လည်ရေးဆွဲဖို့၊ စစ်ဆေးဖို့ လိုအပ်ပါပြီ။

ကျွန်တော်တို့နိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံ တစ်ခုပါ။ ကျောင်းသားအများစုဟာ အစိုးရ ကျောင်းတွေကိုပဲ မှီခိုအားထားကြရဆဲရှိပါ သေးတယ်။ ခုကိုယ်ပိုင်ကျောင်းတွေ အပြိုင်အဆိုင် ပေါ်လာတော့ ခုဆိုတတ်နိုင်တဲ့ မိဘများဟာ သူငယ်တန်းကတည်းက ကိုယ်ပိုင်ကျောင်းတွေ အပ်ကြပါတယ်။ တတ်နိုင်တဲ့ မိဘတွေအတွက် အကြောင်းမဟုတ်ပေမယ့် မတတ်နိုင်တဲ့မိဘများအတွက် မိမိသားသမီးအတွက် စိတ်မကောင်းဖြစ်ကြရပါတယ်။

“အဓိကကတော့ အစိုးရကျောင်းတွေကို အဆင့်မြှင့်တင်စေချင်တယ်ဗျာ။ အခုက အစိုးရကျောင်းတွေကို သိပ်အားမရတဲ့အတွက် အထက်တန်းရောက်ပြီဆိုရင် ကိုယ်ပိုင်ကျောင်းတွေကို အပြိုင်အဆိုင် ထားကုန်ကြတယ်။ တတ်နိုင်တဲ့မိဘတွေအတွက် ဘာမှဖြစ်ပေမယ့် မတတ်နိုင်တဲ့ ကျွန်တော်တို့လို မိဘတွေအတွက် ကိုယ့်သားသမီးတွေ စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော့်သားကို အထက ၁၆ ကျောင်းမှာ ထားတယ်။ ဒီနှစ် ကိုးတန်း ကျောင်းစဖွင့်တဲ့နေ့က ကျောင်းကပြန်လာပြီး ဘာပြန်ပြောသလဲဆိုတော့ သားတို့ အခန်းမှာ စာတော်တဲ့သူတွေ သိပ်မရှိတော့ဘူး။ အကုန်လုံး ဘော်ဒါဆောင်ပြောင်းသွားကြပြီတဲ့။ ကျွန်တော့်ရင်ထဲ ဆို့သွားတယ်။ သားကို ဘော်ဒါဆောင်ထားဖို့ဆိုတာကလည်း ကျွန်တော်တို့အတွက် သိန်း သုံး၊ လေးဆယ် ဆိုတဲ့ ပမာဏက မလွယ်ဘူး” ဟု ခရီးသွားလမ်းညွှန်လုပ်ငန်း လုပ်ကိုင်တဲ့ ကိုစိုးဝင်းက ပြောပါတယ်။

“ကျွန်မတို့အစိုးရကျောင်းတွေက အင်မတန်မျက်နှာငယ်ရပါတယ်။ ကိုယ်က စနစ်တကျ မွေးမြူလေ့ကျင့်ပေးထားတယ်။ ကိုယ်ပိုင်ကျောင်းတွေက အညွန့်လေး ခူးစားသွားကြသလိုပဲ။ တော်တဲ့ကျောင်းသားတွေ အများစုက ကိုယ်ပိုင်ကျောင်း ပြောင်းသွားကြတယ်။ တချို့မတတ်နိုင်တဲ့ စာတော်တဲ့ကလေးတွေကို အခမဲ့သင်ကြားခွင့် ပေးမယ်ဆိုပြီး ကိုယ်ပိုင်ကျောင်းတွေက ခေါ်သွားကြတယ်။ အဲဒီတော့ ကိုယ်ပိုင်ကျောင်းတွေက ဂုဏ်ထူးတွေ အများကြီးပါတယ်။ အောင်ချက်ကောင်းတယ် ဖြစ်ကုန်ကြရော။ အဲဒီတော့ ကျောင်းသားတွေ၊ မိဘတွေကလည်း ကျွန်မတို့အစိုးရ ကျောင်းတွေအပေါ် အထင်အမြင်သေးတဲ့ စိတ်တွေ ဖြစ်လာနိုင်ပါတယ်” ဟု အလယ်တန်း ကျောင်းဆရာမတစ်ဦးက သူ့အမြင်ကို ပြောပြပါတယ်။

ဒီကိုယ်ပိုင်ကျောင်းတွေဟာ နေ့ကျောင်းတက်ဆိုရင် မူလတန်းက ကျပ်သိန်းဆယ်ချီ ပေးရပြီး ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆိုရင် အနည်းဆုံး သိန်း ၃၀ မှစပြီး အထက်တန်း ကျောင်းသားတစ်ယောက်ကို သိန်း ၅၀ ကျော်ထိ ကောက်ခံကြတယ်လို့ သိရပါတယ်။ နာမည်ကြီး ကိုယ်ပိုင်ကျောင်းအချို့ဆိုရင် ကျောင်းသားထောင်ချီပြီး ရှိပါတယ်။ သူတို့ တစ်နှစ်ဝင်ကြေးဟာ သိန်းပေါင်းထောင်ချီ၊ သောင်းချီအထိ ၀င်ကြပါတယ်။ ဒီလောက် ၀င်ငွေများနေပေမယ့် နိုင်ငံတော်အပေါ် အခွန်ထမ်းဆောင်မှု ရှိကြလားဆိုတော့ လုံးဝမရှိသလောက်ပါပဲ။ ဒီ ကိုယ်ပိုင်ကျောင်းတွေဟာ စီးပွားရေးလုပ်ငန်းတွေဖြစ်သလို မိဘပြည်သူတွေက နင့်နေအောင်ပေးရတဲ့ ကျောင်းလခတွေအပေါ် သေချာစိစစ်ကောက်ခံပြီး ထုတ်ပြန်ပေးသင့်ပါတယ်။

ကျွန်တော်တို့တိုင်းပြည်ဟာ ဆင်းရဲတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် ပြည်သူအများစုဟာ အစိုးရကျောင်းတွေကိုပဲ အားထားနေကြရဆဲပါ။ ဒါကြောင့် အစိုးရအနေနဲ့ တိုင်းပြည်တစ်ခုအတွက် အရေးကြီးဆုံးဖြစ်တဲ့ ပညာရေးကဏ္ဍ မြှင့်တင်ပေးဖို့ဆိုရင် အစိုးရကျောင်းတွေကို အဆင့်မီတဲ့ကျောင်းတွေ ဖြစ်အောင် လုပ်ဆောင်ပေးသင့်ပါတယ်။ ကိုယ်ပိုင်ကျောင်းတွေဟာ မူလတန်းအဆင့်တောင် အနည်းဆုံး ခုနစ်သိန်းအထက်မှာ ကောက်ခံပေမယ့် အစိုးရကျောင်းတွေကတော့ ကျောင်းသားဆီကနေ တစ်ပြားမှ ကောက်ခံခွင့်မရှိဘူး။ နိုင်ငံတော်ကလည်း လုံလောက်တဲ့ ဘတ်ဂျက် ချမပေးနိုင်တဲ့အတွက် မပြည့်စုံ မလုံလောက်မှုတွေ ရှိနေပါတယ်။

ယခုနှစ် စာသင်နှစ်မှာကို စာသင်ခုံမလုံလောက်လို့၊ စာသင်ဆောင်တွေ မလုံလောက်လို့၊ ဆရာမလုံလောက်လို့ ကျောင်းသားသစ် လက်မခံနိုင်တော့တဲ့ ကျောင်းတွေရှိနေတာ စိတ်မကောင်းစရာတွေ့မြင်နေရပါတယ်။ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်နိုင်ရေး ကြိုးစားနေချိန်၊ နိုင်ငံတော်ကလည်း အခမဲ့ပညာရေးနဲ့ အားလုံးကျောင်းတက်နိုင်အောင် ကြိုးစားနေချိန်မှာ ခုလို ပြည့်စုံမှုမရှိလို့ ကျောင်းသားသစ် လက်မခံ နိုင်တာဟာ လုံးဝမဖြစ်သင့်တာပါ။ အစိုးရကျောင်းကို အားထားနေရတဲ့ ပြည်သူတွေအတွက် အစိုးရအနေနဲ့က ဒီအခြေခံပညာကျောင်းတွေကို အဆင်ပြေအောင် အဆင့်မြှင့်တင် ဖြည့်ဆည်းပေးရမှာပါ။ ဒါမှ ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပြည့်မှာပဲ ဖြစ်ပါတယ်။

အခြေခံပညာရေးဆိုတာ တိုင်းပြည်အနာဂတ်အတွက် အရေးအကြီးဆုံးကဏ္ဍ ဖြစ်ပါတယ်။ နိုင်ငံကို ပခုံးပြောင်းတာဝန်ယူရမယ့် လူငယ်မျိုးဆက်သစ်တွေ အရည်အသွေး ပြည့်ဝစွာ မွေးထုတ်ပေးနိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဒီအခြေခံပညာရေး ကောင်းမွန်ဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် ယခုဖွင့်လှစ်ခွင့်ပြုထားတဲ့ ကိုယ်ပိုင်ကျောင်းတွေကို ကျောင်းအင်္ဂါရပ်နဲ့ညီညွတ်မှု ရှိ မရှိ၊ ကျောင်းတစ်ကျောင်းရဲ့ စံနှုန်း ပြည့်မီမှု ရှိ မရှိကအစ နိုင်ငံအပေါ် တာဝန်ကျေပွန်စွာ အခွန်ထမ်းဆောင်မှု ရှိ မရှိအဆုံး အစိုးရက စိစစ် ကြပ်မတ်ပေးသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Eleven Media Group

No comments:

Post a Comment