လေယဉ်ပျောက်ဆုံးချိန် မိုးလေဝသ ကောင်းမွန်
မြိတ်ကနေ ရန်ကုန်ကိုပျံသန်းနေစဉ် မနေ့နေ့လည်ပိုင်းက ပျောက်ဆုံးသွားခဲ့တဲ့ မြန်မာ့တပ်မတော်က Y-8F အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယဉ်ရဲ့ အပျက်အစီး အပိုင်းအစတွေကို ထားဝယ်မြို့က ၁၃၆ မိုင်အကွာ မှာ တွေ့ရှိပြီလို့ ရန်ကုန်မြို့က နောက်ဆုံးရ သတင်းတချို့မှာ ဖေါ်ပြပါတယ်။
မနေ့ညနေပိုင်းမှာ လေယဉ်ပျက်ရဲ့ အပိုင်းအစတွေကို ပင်လယ်အတွင်း တွေ့ရတယ်လို့ မြိတ်မြို့မှာရှိတဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အရာရှိ ဦးနိုင်လင်းဇော် ဆိုသူက ပြောဆိုကြောင်း AFP နဲ့ UPI အပါအဝင် သတင်းဌာနတွေက ရေးသားပါတယ်။ ဒါပေမယ့် အစိုးရက ဒီသတင်းကို အတည်ပြုခြင်း မရှိသေးပါဖူး။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အတည်မပြုနိုင်သည့် ကောလာဟလသတင်းတွေကို ရေးသားခြင်းသည် ပျောက်ဆုံးလေယာဉ်တွင် ပါရှိသွားသူတွေကိုသာမက တပ်မတော် မိသားစု တစ်ရပ်လုံးကိုပါ များစွာ စိတ်ထိခိုက်စေတဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖေါ်ပြထားပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ရဲ့ ထုတ်ပြန်ချက်အရ အဲဒီ လေယဉ်ပေါ်မှာ လေယဉ် ဝန်ထမ်း ၁၄ ဦးနဲ့ ခရီးသည်အဖြစ် အရာရှိ ၆ ဦး၊ စစ်သည် ၂၉ ဦး၊ မှီခိုသူလူကြီး ၅၈ ဦးနဲ့ ကလေး ၁၅ ဦးလိုက်ပါသွားပါတယ်။ စုစုပေါင်း ၁၂၂ ဦး ဖြစ်ပါတယ်။
မြိတ်ကနေ ရန်ကုန်ကို မွန်းလွဲ ၁ နာရီကျော်က ထွက်ခွာသွားပြီးနောက် နာရီဝက်ခန့်အကြာ ထားဝယ်လေဆိပ် ရဲ့ အနောက်တောင်ဘက် မိုင် ၄ဝ ကျော်အရောက်မှာ မြေပြင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ လေယဉ်ရှာဖွေရေးမှာ တပ်မတော်ရေယဉ်တွေနဲ့ လေယဉ်တွေ အခု ပါဝင်ဆောင်ရွက်နေကြောင်းလည်း ပါရှိပါတယ်။
ထားဝယ်လေဆိပ်နဲ့ အဆက်အသွယ် နောက်ဆုံးရချိန်က လေယဉ်ဟာ အမြင့်ပေ တသောင်းရှစ်ထောင်မှာ ပျံသန်းနေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က အခင်းဖြစ်ပွားရာပင်လယ်ပြင်မှာ မိုးလေဝသ ကောင်းမွန် နေကြောင်းနဲ့ လေယဉ်ပျံသန်းနေတဲ့ အမြင့်ပေမှာ မုံတိုင်းလည်းမရှိကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင် က RFA ကို ပြောပါတယ်။
“ဒီကိစ္စ weather မိုးလေဝသနဲ့ မဆိုင်ဖူးဗျ။ မနေ့နေ့လည် ၁ နာရီလောက်က မိုးလေဝသ အခြေအနေကို ကျနော် ပြန်ကြည့်ပြီးပြီ။ တိမ်လည်း ဒီလောက် မရှိဖူး။ ဆိုးဆိုးဝါးဝါး မိုးရွာတာလည်း မရှိဖူး။ မုံတိုင်းလည်း မရှိဖူး။”
အခု ပျောက်ဆုံးခဲ့တဲ့ Y-8F 200 လေယဉ်ဟာ တရုတ်ပြည်လုပ် အင်ဂျင်လေးလုံးတပ်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်မှာမှ မြန်မာလေတပ်က စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လေယဉ်မှူးတွေဟာ အတွေ့အကြုံ ရင့်ကျက်တဲ့ ဒု ဗိုလ်မှူးကြီး ၂ ဦးနဲ့ ဗိုလ်မှူး ၁ ဦးဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။ မိုးလေဝသ ကောင်းမွန်နေချိန်မှာ ပျံသန်းချိန် နာရီ ၈ဝဝ ပဲရှိသေးတဲ့ လေယဉ်သစ်တစင်း ဘာကြောင့်ခုလို ပျက်ကျခဲ့သလဲ ဆိုတာ မသိရသေးပါဖူး။
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment