ပြိုင်ပွဲလား၊ တိုက်ပွဲလား - ဆောင်းပါး
မိတ်ဆွေတို့ကို ဘ၀နှင့်ပတ်သက်သည့် အမြင်နှင့် ခံယူချက်အပေါ် မေးခွန်းတစ်ခု မေးကြည့်ချင်သည်။ ဘ၀ဆိုသည်မှာ တိုက်ပွဲလား၊ ပြိုင်ပွဲလား၊ ပြိုင်ပွဲရော တိုက်ပွဲပါရော ပြွမ်းနေသည်လား၊ ပြိုင်ပွဲလည်းမဟုတ် တိုက်ပွဲလည်း မဟုတ်ဘူးလား။ မေးမြန်းခြင်း (မေးခွန်း) ဆိုသည်တွင် အမျိုးအစား ငါးမျိုးရှိပါသည်။ (၁) သိလို၍ မေးခြင်း၊ (၂) သိသော်လည်း ညှိလို၍ မေးခြင်း၊ (၃) မသိတသိကို သံသယရှင်းလို၍ မေးခြင်း၊ (၄) မိမိအလိုသို့ လိုက်ပါစေလို၍ မေးခြင်း၊ (၅) မိမိပင်လျှင် ဖြေဆိုလို၍ မေးခြင်းတို့ဖြစ်ရာ စာရေးသူမေးခြင်းသည် သိလို၍မေးခြင်း အမျိုးအစားတွင် ပါဝင်ပါသည်။
မေးခွန်းအတွက် ဘ၀ဆိုသည်ကို ဦးစွာ လေ့လာကြည့်မှ ဖြစ်လိမ့်မည်။ သို့မှသာ အဖြေမှန်ရလိမ့်မည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုသည့် ကာလသုံးပါးနှင့် ဖြစ်စဉ်များကိုလည်း ထည့်တွက် စဉ်းစားဖို့လိုလိမ့်မည်။ အထူးသဖြင့် ပစ္စုပ္ပန်ကို မြင်အောင် ရှုရလိမ့်မည်။ လူ့ဘ၀ဆိုတာ လူသားတွေရဲ့ဒုက္ခကို အတွင်းကနေ ဖန်တီးနေကြတာပဲ ဖြစ်သည်။ ယနေ့ ကမ္ဘာကြီးတွင် ဒုက္ခမှ လွတ်မြောက်နေသူဆိုလို့ တစ်ဦးတစ်ယောက်ကို တွေ့နိုင်မည်လား။ ဘ၀နှင့်ဒုက္ခသည် တစ်သားတည်း ဖြစ်သည်။ လူသားတွေ နေ့စဉ်လုပ်နေတဲ့ အရာတွေဟာ ဒုက္ခနဲ့သေခြင်းက လွတ်မြောက်ဖို့သာ ဖြစ်သည်ဟု ပညာရှိများ ဆိုကြသည်။ လူ့ဘ၀သည် စိတ်၊ စေတသိက်၊ ကံ၊ ဉာဏ်ဝီရိယတို့က ဖန်တီး ဖော်ဆောင်နေခြင်း ဖြစ်သည်။ ဘ၀ကို စေတနာက ဖန်တီးသည်။ ရောမဘုရင် မားကပ် အောရိလဒ်ကတော့ ဘ၀ကို အတွေးက ဖန်တီးသည် ဆိုသည်။ စေတနာနှင့် အတွေးသည် သိပ်မကွာလှ။ စေတနာလှလျှင် အတွေးလှသည်။ စေတနာဆိုးလျှင် အတွေးဆိုးတတ်သည်။
ကမ္ဘာကျော် သိပ္ပံနှင့်အတွေးအခေါ် ပညာရှင်ကြီး အိုင်းစတိုင်းနှင့် ဆရာဇော်ဂျီတို့ကတော့ ဘ၀ဆိုတာကို ဤသို့ ပုံဖော်ခဲ့သည်။ မြင်ခဲ့သည်။ ယူဆခဲ့ကြသည်။ အိုင်းစတိုင်းက လူသည် ခဏမျှပေါ်လာပြီး ခဏမျှ ရရှိသော စည်းစိမ်တို့ကို ခံစားရန်သက်သက် လူဖြစ်လာရသည် မဟုတ်။ လူ့ဘ၀ကို ရောက်နေသည်မှာ လောကအကျိုး ဆောင်ရွက်ရန် ဖြစ်သည်ဟု။ ဆရာဇော်ဂျီကလည်း ထိုနည်းဆင်ဆင်ပင် မြင်သည်။ ယူဆခဲ့သည်ကို သူ၏ ကဗျာနှင့် ထုတ်ဖော်ခဲ့သည်မှာ “သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြှင့်၊ ကျန်ကောင်းသင့်၏” ဟူ၍ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးကတော့ ဘ၀ဆိုသည်မှာ ကိုယ့်တစ်ယောက် ကောင်းစားရေး၊ ချမ်းသာရရေး၊ အောင်မြင်ရေးတစ်ခု သက်သက် မဟုတ်။
အများနှင့် လောကအတွက်ပါ အကျုံးဝင်သည်ဟု ခံယူခဲ့ကြပါသည်။
တချို့က ဘ၀ကို ဆန္ဒနှင့် တွဲထားတတ်ကြသည်။ ဘ၀နှင့်ဆန္ဒ ထပ်တူကျပါစေဟု ဆိုလေ့ရှိသည်။ ဆန္ဒများပြည့်စုံလျှင် ဘ၀တွင် ပြည့်စုံသည်။ ဘ၀အောင်မြင်သည်။ ဘ၀ပီပြင်သည်ဟု ဆိုလိုဟန် ရှိသည်။ ဘ၀ကို စိုးမိုးသည်မှာ ဆန္ဒလားဟု တွေးစရာဖြစ်လာသည်။ ဘ၀ကို ဆန္ဒများနှင့် ပုံဖော်မည့်သဘောလည်း ဖြစ်သည်။ သို့ဖြစ်လျှင် ဘ၀ဟူသည် ဆန္ဒများ၏ ဆုံမှတ်၊ ပန်းတိုင်လား ဟူသည့် အမြင်လည်း ဖြစ်လာသည်။ လူသတ္တ၀ါတိုင်းတွင် ဆန္ဒများစွာ ရှိကြသည်။ ထိုဆန္ဒများသည် တစ်ခုနှင့်တစ်ခု မတူကြပါ။ မတူညီသည့် ဆန္ဒများ ပြည့်စုံပိုင်ဆိုင်နိုင်အောင် သူတို့တွေ ကြိုးစားလုပ်ကိုင်ကြမည်။ မတူညီသည့် ဆန္ဒများကြောင့် ကွဲပြားသော အလုပ်များ၊ အမှားအမှန်၊ အဆိုးအကောင်းဆိုသည်များ ပေါ်ပေါက်လာမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘ၀ဆိုသည့် အမြင်နှင့် ခံယူချက်အပေါ် တူညီသောအဖြေတစ်ခု ဖြစ်လာနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ဘ၀ဟူသည် ပုံသေနည်းတစ်ခု၊ နိယာမတစ်ခုလို သတ်မှတ်ခံယူ ဖွင့်ဆို၍ မရနိုင်သော ဝေါဟာရတစ်ခုဟု ယူဆစရာ ဖြစ်လာပါသည်။
စောလူးမင်းနှင့် ငရမန်ကန်းတို့ မာနပြိုင်ကြသည်။ အနိုင်လုကြသည်။ တိုက်ခဲ့ကြသည်။ ငရမန်ကန်းက စောလူးမင်း၏ အားနည်းချက်ကို သိသည်။ စောလူးမင်းသည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရားနည်းသူ ဖြစ်သည်။ ထိုအချက်ကို အသုံးချသည်။ ရွှံ့ထဲတွင် စစ်ဆင်ပြသည်။ ညအမှောင်တွင် စောလူးမင်းက အစစ်အမှန်ထင်၍ တိုက်ပွဲဝင်သည်။ ငရမန်ကန်း၏ လှည့်ဖြားမှု၊ အကွက်ဆင်မှုတွင် စောလူးမင်း နစ်ဝင်သွားခဲ့သည်။ ငရမန်ကန်း ဘ၀မြင့်သည်။ သူတို့နှစ်ဦးသည် မာနပြိုင်သည်။ အင်အားပြိုင်သည်။ အနိုင်တိုက်ကြသည်။ သူတို့သည် ဘ၀အတွက် ပြိုင်လည်း ပြိုင်သည်။ တိုက်လည်း တိုက်ကြသည်။
လက်ဝှေ့ပွဲ၊ ဘောလုံးပွဲများကို အားကစားပြိုင်ပွဲဟူ၍ ခေါ်ကြသည်။ ကြံ့ခိုင်သန်စွမ်းမှု၊ လိမ္မာပါးနပ်မှု၊ ကျွမ်းကျင်မှုတို့ကို အခြေခံ၍ ပြိုင်ကြသည်ဟု ဆိုသည်။ လက်ဝှေ့ ထိုးသတ်သူ နှစ်ယောက်သည် တစ်ဖက်လူ၏ အားနည်းချက်၊ ဟာကွက်၊ လစ်ကွက်ကို စောင့်ကြည့် အခွင့်အရေးယူ၍ ထိုးကြသည်။ တစ်ဖက်လူ လဲအောင်၊ ကွဲအောင်၊ သွေးထွက်ဒဏ်ရာ ရအောင် ထိုးကြသည်။ နိုင်သူရော၊ ရှုံးသူပါ ဘ၀အတွက် ရည်မှန်းပြီး ပါဝင်ကြသည်။ ချန်ပီယံဖြစ်ချင်သည်၊ အောင်မြင်ချင်သည်၊ လက်ဝှေ့ပြိုင်ပွဲဟု သတ်မှတ် ခေါ်ဝေါ်ကြသော်လည်း နိုင်အောင် တိုက်ခိုက် ထိုးသတ်ရသည့်ပွဲ (တိုက်ပွဲ) ပင်ဖြစ်သည်။ သူတို့သည် ဘ၀အောင်မြင်ရေးအတွက် ပြိုင်တာလား၊ တိုက်တာလား စဉ်းစားကြည့်မိသည်။ သူတို့အတွက် အဓိကရည်မှန်းချက်သည် တစ်ဖက်ကလူ ပြိုင်ဘက်ကျဆုံးရေး၊ အရှုံးပေးရေးပင် ဖြစ်သည်ကတော့ ထင်ရှားပါသည်။
ဘောလုံးပွဲများတွင် စာတန်းများ ဖော်ပြလေ့ရှိသည်။ (Fair and Play) သန့်ရှင်းမျှတသော ကစားပွဲ၊ ပြိုင်ပွဲဟူ၍။ ကစားသမားများသည် မည်သို့ ခေါင်းစဉ်တပ်တပ် သူတို့၏ ရည်မှန်းချက်သည် မိမိတို့ အနိုင်ရရေး၊ တစ်ဖက်လူရှုံးရေးသာ ဖြစ်သည်ကတော့ သေချာသည်။ ထိုရည်မှန်းချက်ကိုပင် နိုင်လိုစိတ်ဟု ပြောကြသည်။ မိမိအနိုင်ရရေး၊ မိမိမရှုံးစေရေးအတွက် ပြိုင်ပွဲတွင် ခွင့်မပြုသော အလုပ်များကို လုပ်တတ်ကြသည်။ တံတောင်နှင့် တွတ်မည်။ ခြေထောက်ကို ကန်မည်၊ နင်းမည်။ လူကို ဆွဲထား၊ ဖက်ထား၊ ချုပ်ထားမည်။ တွန်းမည်၊ တိုက်မည်၊ ခြေထိုးမည်။ ဤသို့ နည်းလမ်းပေါင်းစုံ၊ ပရိယာယ်အစုံသုံး၍ အနိုင်ရလိုက်လျှင် (ဘယ်လိုပင်နိုင်နိုင်) ပျော်ကြသည်။ အောင်မြင်သည်ဟု ယူဆသည်။ ပြိုင်ပွဲဟု ခေါ်ဝေါ် သမုတ်ထားသော်လည်း ကာယကံရှင်တို့၏ ရည်မှန်းချက်သည် အနိုင်ရရေးသာ ဖြစ်သည်။
မြို့နယ်တစ်ခုတွင် ဖြစ်သည်။ ကိုယ်ပိုင် ဆေးကုခန်းများ ဖွင့်ထားသည်။ ပိုင်ရှင်သည် တစ်ဦးတည်း ဖြစ်သည်။ ထိုမြို့နယ်နှင့် အနေအထား မလိုက်အောင်၊ မမျှတအောင်ပင် ဆေးခန်းအခွဲများစွာကို ရပ်ကွက်များတွင် လိုက်လံဖွင့်သည်။ အခြားဆေးခန်းများလည်း ဖွင့်ထားကြသည်။ သူ၏ ရည်ရွယ်ချက်သည် ထိုမြို့နယ် တစ်ခုလုံး၏ ကျန်းမာရေးကဏ္ဍ (ဈေးကွက်) ကို တစ်ဦးတည်း စိုးမိုးခြယ်လှယ်လိုသည့်အသွင်ဟု တွက်ဆနိုင်သည်။ အခြားဆေးခန်းများကို ဈေးကွက်စီးပွားရေးသဘောဖြင့် လွတ်လပ်စွာ ယှဉ်ပြိုင်သည်ဟု ယေဘုယျမြင်နိုင် ပြောနိုင်သည်။ လွတ်လပ်စွာ ယှဉ်ပြိုင်မှုအခွင့်အရေးကို အသုံးချသည်ဟု ပြောနိုင်သော်လည်း ဈေးကွက်စီးပွားရေးအရ စိုးမိုးအနိုင်ယူလိုသည့် ပုံရှိသလို အခြားသူများ၊ ဘ၀တူများ၏ ဘ၀ကို ပြိုင်နေသည်လား၊ တိုက်နေသည်လားဟု မေးခွန်းထုတ် စဉ်းစားစရာ ဖြစ်လာသည်။
နိုင်ငံရေးလောကနှင့် နိုင်ငံရေးသမား ဘ၀တို့ကိုလည်း ထည့်သွင်း ဝေဖန်ကြည့်ရမည် ဖြစ်သည်။ နိုင်ငံရေးသည် လူအားလုံးနှင့် သက်ဆိုင်သည်။ လူတို့၏ ဘ၀ဟူသည် နိုင်ငံရေးသမိုင်းဖြစ်စဉ်များပေါ်တွင် တည်မှီနေသည်ဟု ဆိုကြသည့်အတွက် ဘ၀အကြောင်းတွင် နိုင်ငံရေးကို ထည့်တွက်ရခြင်း ဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေး ဟူသည်မှာလည်း ၀ါဒများပေါ် အခြေခံလာကြသည်။ ပဒေသရာဇ်စနစ်၊ ကျွန်စနစ်၊ အာဏာရှင်စနစ်၊ အရင်းရှင်စနစ်၊ ဖက်ဆစ်စနစ်၊ ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ်၊ ဒီမိုကရေစီစနစ် စသည့်နိုင်ငံရေးဆိုင်ရာ ၀ါဒများသည် လူသားတို့ဘ၀ကို ပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍ၌ ပါဝင်သည်။
စနစ်တစ်ခုသည် နောက်စနစ်တစ်ခုကို ယှဉ်ပြိုင်လေ့ရှိသည်။ နိုင်ငံရေး အသုံးအနှုန်းအားဖြင့် ယှဉ်ပြိုင်သည်ဟု လှအောင်ပြောသော်လည်း တကယ်တော့ ပြိုင်ပွဲစစ်စစ် မဟုတ်တာများသည်။ ပြိုင်ပွဲအသွင် (Fair and Play) မဖြစ်သည်က များသည်။ မိမိအနိုင်ရရေး၊ အသာရရေး၊ အောင်ပွဲခံရေး၊ တစ်ဖက်စနစ်၊ တစ်ဖက်အဖွဲ့၊ တစ်ဖက်ဝါဒ မှေးမှိန်အားပျော့စေရေး၊ ထိုမှတစ်ဆင့် ချည့်နဲ့ ပျက်စီးစေရေး နောက်ဆုံးအဆင့် လုံးဝဥဿုံပျက် စီးစေရေး၊ ကွယ်ပျောက်စေရေးအထိ ရည်မှန်းချက်ရှိကြသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံရေးသမိုင်း၊ မြန်မာ့သမိုင်းတွင် ၀ါဒစနစ်များ တစ်ခုပြီးတစ်ခု ပျက်စီး ပျောက်ကွယ်သွားကြခြင်း ဖြစ်သည်ကို ဝေဖန်ထောက်ရှု သုံးသပ်မည်ဆိုပါက နိုင်ငံရေးလောကတွင် ပါဝင်နေသူ၊ ဆောင်ရွက်နေသူများသည် (Win-Win) ဆိုသည့် သူနိုင်ကိုယ်နိုင် ပြိုင်ပွဲပုံစံထက် ကိုယ်နိုင် သူရှုံး၊ အလုံးစုံပျက်သုဉ်း ချေမှုန်းရေးဆီသို့သာ ဦးတည်တတ်ကြောင်း တွေ့ရသည်။
ဘ၀ကို ထင်မြင်ယူဆခြင်း၊ နားလည်လက်ခံခြင်း၊ ရင်ဆိုင်ကျော်ဖြတ်ခြင်းတို့၌ တစ်ယောက်နှင့် တစ်ယောက် မတူကြ၊ မတူနိုင်ကြပါ။ တချို့က ဘ၀ဆိုသည်မှာ ပြိုင်ပွဲတစ်ခုအသွင် မြင်သည်။ အောင်မြင်မှု၊ ဆန္ဒပြည့်ဝမှု၊ ချမ်းသာမှုတို့ကို အပြိုင်အဆိုင်ပြုရသည့် အသွင်မြင်သည်။ သူ့ထက်သာလွန်အောင် ကြိုးစားကြသည်။ အရည်အချင်း စွမ်းရည်တို့ပေါ် မူတည်၍ ပြိုင်ဆိုင်ကြသည်။ ပြိုင်ပွဲဆိုသည့်အတွက် ရိုးသားမှုအပေါ် အခြေခံ၍ ပြုမူလေ့ ရှိကြသည်။ တချို့ကတော့ ဘ၀ဆိုတာ တိုက်ပွဲဟု မြင်သည်။
တိုက်ပွဲဆိုသည်မှာ နောက်ဆုံး ရည်မှန်းချက်ပန်းတိုင်သည် အနိုင်ရခြင်း၊ အသာရခြင်း၊ အရှုံးအမြတ်တစ်ခုခု ထွက်စေခြင်း ဖြစ်သည်။ အနှစ်သာရနှင့် အဓိပ္ပာယ်သည် အနိုင်ယူလိုခြင်းပင် ဖြစ်သည်။ ထိုအနိုင်ရခြင်းသည် မှန်သည်၊ မှားသည်၊ ရိုးသားသည်၊ ကောက်ကျစ်သည်၊ ကောင်းသည် ဆိုးသည် မမှတ်ယူ၊ အလေးမထား။ မှန်သည်ဖြစ်စေ၊ မှားသည် ဖြစ်စေ၊ ရိုးသားသည်ဖြစ်စေ၊ ကောက်ကျစ်သည်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကောင်းသည် ဖြစ်စေ မိမိအနိုင်ယူလိုသည့် ဆန္ဒပြည့်ဝရေးသာ အဓိကဖြစ်သည်။
နိုင်လျှင်ပြီးရော၊ နိုင်ဖို့သာဖြစ်သည့်အတွက် နည်းပေါင်းစုံ အင်အားစုံသုံး၍ တိုက်ပွဲဝင်ကြသည်။ အနိုင်ရလျှင် တိုက်ပွဲအောင်သည်ဟု ယူဆကြသည်။
ဘ၀ဆိုသည်ကို ပြိုင်ပွဲလည်း မဟုတ်၊ တိုက်ပွဲလည်း မဟုတ်ဟု မြင်သောသူနှင့် ယုံကြည်ကျင့်သုံးသူလည်း ရှိသည်။ “ဤလောကသည် အချည်းနှီးသော လောကသာတည်း၊ အနှစ်သာရ ကင်းမဲ့လှချေ၏။ ဟန်ဆောင်သော လောက၊ အမိုက်တရားတို့ ဖုံးလွှမ်းထားသော လောကသာ ဖြစ်သည်။ စိတ်ယုတ်စိတ်ညံ့တို့၏ လှည့်ဖြားမှု၊ လှည့်စားမှုကြောင့် လျှပ်တစ်ပြက် အနေအထားကိုပင် ဟုတ်လှပြီဟု ထင်လိုက်မိသော အရာများသည် လောက အိပ်မက်မျှသာတည်း။ ဤလောက (ဘ၀) သည် အိပ်မက်ဆန် လှစွာ၏။ မနေ့က ရောက်လာသော အချိန်သည်ပင် ယနေ့လည်း ရောက်လာ၏။ မနေ့ကစားခဲ့သော ထမင်း အဖျော်ယမကာကို ယနေ့စားရ၏။ မနေ့ကကြားရသော မောင်းညင်းသံသာတို့ကိုပင် ယနေ့ကြားရ၏။ မနေ့က ၀ိုင်းဝန်း ခယလျက်ရှိသော အခြွေအရံတို့ပင် ယနေ့လည်း အတူခယလျက် ရှိကြလေ၏။ ငါသည် အချိန်သံသရာ၊ အစားသံသရာ၊ အ၀တ်သံသရာတို့၌ တစ်ဝဲလည်လည် နစ်မွန်းလျက် ရှိခဲ့ရသည်။ ထူးခြားချက်ကို မတွေ့ရ။ ဤထီးနန်း၊ ဤအခြွေအရံ၊ ဤအသံ၊ ဤအစားအစာ၊ ဤအ၀တ်အစားတို့ ကိုပင် သူတို့သည် စည်းစိမ်အရသာဟု ဆိုကြသည်။ ဟုတ်ပါမည်လား။ သတိထား ခံစားကြည့်မိသည်။ မတွေ့၊ လုံးဝမတွေ့၊ အထင်မှားနေခြင်းသာ”ဟု ထင်မြင်ယူဆသူကတော့ ဘုရားလောင်း ဖြစ်သည်။
ဤသို့ဆိုလျှင် စာဖတ်သူရော ဘ၀၊တိုက်ပွဲ၊ ပြိုင်ပွဲ၊ အချည်းနှီးဆိုသည်တို့ကို မည်သို့ ထင်မြင်ယူဆသည့်အကြောင်း စိစစ်ဝေဖန် သုံးသပ် အဖြေထုတ်ကြည့်ပါလားဟု အကြံပြုချင်ပါသည်။ ဘ၀ဆိုသည်မှာ အတိတ်ကို တမ်းတခြင်း၊ အနာဂတ်ကို လှမ်းမျှော်ခြင်း၊ ပစ္စုပ္ပန်ကို မကျေနပ်ခြင်း၊ ကျေနပ်ခြင်းပင် ဖြစ်သည်။ လိုအင်ဆန္ဒ ပြည့်စုံလှပြီထင်၍ ပစ္စုပ္ပန်ကို ကျေနပ်သယောင် ထင်သူမြင်သူလည်း ရှိ၏။ သို့သော် သမုဒ္ဒရာပြင်ကျယ်၌ ပွက်သော ရေပွက်ပမာ၊ ဆင်းရဲဒုက္ခ သမုဒ္ဒရာတွင် မျက်လှည့်ပမာ ရောက်လာသော ချမ်းသာတစ်စက်မျှသာ ဖြစ်၏။ ရာဂဗွက်အိုင်၊ ဒေါသမီးလျှံ၊ မောဟအမှောင်တိုက်တို့မှ ရုန်းမထွက်နိုင်သော ပုထုဇဉ်တို့ ဘ၀သာဖြစ်၏။ ဤအတွေးအယူအဆကို လက်ခံထားပြီး ကျင့်ကြံ နေထိုင်ကြသူတို့မှာ အရိယာနွယ်ဝင် သူတော်စင်များ ဖြစ်ကြသည်။ ထို့ကြောင့် ဘ၀ဆိုသည် ပြိုင်ပွဲလား၊ တိုက်ပွဲလားဆိုသော မေးခွန်းသည် သူတို့နှင့် မသက်ဆိုင် မပတ်သက်သော အဆင့်နိမ့် မေးခွန်းသဖွယ် ဖြစ်ပါသည်။ စာရေးသူအမြင်ကို ဦးစွာပြောရလျှင် ယခု ပစ္စုပ္ပန်တည့်တည့် အခြေအနေ (ကမ္ဘာ၊ မြန်မာ) ပေါ် မူတည် တွေးဆကြည့်သည့်အခါ ဤသို့မြင်မိသည်။ ဘ၀ကို ပြိုင်ပွဲအသွင် (Fair and Play) ရှုမြင်လျှောက်နေသူလည်း ရှိသည်။ အနိုင်ရရေး၊ အသာရရေး၊ တစ်ပါးသူ အလုံးစုံ ပျက်သုဉ်းချေမှုန်း တိုက်ခိုက်ရေးရည်ရွယ်လျက် တိုက်ပွဲအသွင် လုပ်ဆောင်နေသည်လည်း ရှိသည်။
ယှဉ်ပြိုင်ခြင်းလည်း စိတ်မ၀င်စား၊ အနိုင်ရရေး၊ ပျက်သုဉ်းရေးလည်း မရည်ရွယ်၊ တိုက်လည်း မတိုက်ချင်သည့် ဘ၀သမားများ၊ လောကနှင့် ကင်းကင်းနေသည်ကို ဘ၀ဟု ယူမှတ်ကျင့်သုံးနေသူများ ဟူ၍ တွေ့မြင်ရသော်လည်း တိုက်ပွဲအသွင် ခံယူကျင့်သုံး လုပ်ဆောင်နေသူများကတော့ ပိုများသည်ဟု ထင်မြင်ကြောင်း ဆိုခဲ့လျှင် ... ။
သန်းထိုက် (သာကေတ)
Eleven
Subscribe to:
Post Comments (Atom)
No comments:
Post a Comment