မြောက်ကိုရီးယားစစ်သားတစ်ဦး ဟန်မြစ်ကိုဖြတ်ကူးကာ တောင်ကိုးရီးယားသို့ ဘက်ပြောင်းခိုလှုံ
မြောက်ကိုရီးယားနိုင်ငံမှ စစ်သားတစ်ဦးက ဟန်မြစ်ကိုဖြတ်ကူးကာ တောင်ကိုရီးယားသို့ ထွက်ပြေးပြီး ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားစစ်သား ဘက်ပြောင်းလာမှုဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
မြောက်ကိုရီးယားစစ်သားဟာ ရေစီးသန်တဲ့ ဟန်မြစ်ရဲ့ ကျဉ်းမြောင်းတဲ့နေရာကနေ ၎င်းရဲ့လက်မောင်းနှစ်ဖက်မှာ ရေမြုပ်များတပ်ဆင်ပြီး ရေကူးလာခဲ့ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူက ဆိုပါတယ်။
မကြာသေးမီကလည်း မြောက်ကိုရီးယားစစ်သားတစ်ဦးက အစောင့်အကြပ် ထူထပ်စွာချထားတဲ့ နှစ်နိုင်ငံနယ်စပ်ကို ခြေလျင်ဖြတ်သန်းကာ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း သိရပါတယ်။ ယခင်က တစ်နှစ်လျှင် မြောက်ကိုရီးယားစစ်သား တစ်ဦးမျှသာ ဘက်ပြောင်းခိုလှုံမှု ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၂၀ ဝန်းကျင်ရှိနိုင်တဲ့ ဘက်ပြောင်းခိုလှုံလာသူ စစ်သားကို ဆိုးလ်မြို့တောင်ဘက်ရှိ Gimpo မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
၎င်းက "ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော် ဘက်ပြောင်းလာတာပါ" လို့ ပြောကြားကြောင်း သိရပါတယ်။ ဘက်ပြောင်းလာတဲ့ မြောက်ကိုရီးယားစစ်သားကို တောင်ကိုရီးယားမရိန်းတပ်ဖွဲ့က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ယခုအခါ အဆိုပါ မြောက်ကိုရီးယားစစ်သားကို တောင်ကိုရီးယားစစ်တပ်က စစ်ဆေးမေးမြန်းနေပါတယ်။
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ စစ်ဖြစ်နေခဲ့ရာက ၁၉၅၃ ခုနှစ်မှာ အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီထားခဲ့ကြပေမဲ့ ယခုအချိန်ထိ ငြိမ်းချမ်းရေးသဘောတူစာချုပ် မချုပ်ဆိုနိုင်သေးတာကြောင့် စစ်ပွဲမပြီးသေးဘူးလို့ ဆိုနိုင်ကြောင်းလည်း သိရပါတယ်။
ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယား ၃၀,၀၀၀ ဟာ တောင်ကိုရီးယားနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။
၎င်းတို့ဟာ အဓိကအားဖြင့် မြောက်ကိုရီးယားနဲ့ နယ်နမိတ်ချင်း ရှည်လျားစွာထိစပ်နေတဲ့ တရုတ်နိုင်ငံမှတစ်ဆင့် တောင်ကိုရီယားသို့ ဘက်ပြောင်းခိုလှုံခဲ့ကြကြောင်း သိရပါတယ်။
Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment