မြန်မာ့လက်ဝှေ့ကို လေ့လာသင်ယူနေတဲ့ ဟောလိဝုဒ်မင်းသား
ဖရန့်ဂရီလို
ရုပ်သံစီးရီးရိုက်ကူးရန် နိုင်ငံ ခြောက်နိုင်ငံသို့ လှည့်လည်၍ လက်ဝှေ့ပညာ လေ့လာလိုသည့် အတွက် မြန်မာနိုင်ငံကို ဒုတိယ မြောက်နိုင်ငံအဖြစ် ရွေးချယ်ကာ လာရောက် လေ့ကျင့်နေကြောင်း ဟောလိဝုဒ်မင်းသား ဖရန့်ဂရီလို က 7Day Daily သတင်းစာအား ပြောသည်။
ဖရန့်ဂရီလိုသည် ကမ္ဘာ ကျော် သိပ္ပံအက်ရှင်ဇာတ်ကား ‘Captain America’ တွင် ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။
‘‘အဓိကရိုက်ချင်တဲ့ ပရိုဂရမ် က ကမ္ဘာအရပ်ရပ်က နေရာတွေ ကို သွားမယ်။ အဲဒီက ဖိုက်တာ တွေနဲ့ တွေ့ဆုံမယ်။ သူတို့နဲ့အတူ တူလေ့ကျင့်မယ်။ ပြီးရင် သူတို့နဲ့ အတူတူလေ့လာမယ်။ ပြီးတော့ အဲဒီနိုင်ငံတွေရဲ့ယဉ်ကျေးမှုတွေ၊ လူမျိုးတွေ၊ ဘာသာရေးတွေ၊ စီး ပွားရေးနဲ့ ပတ်သက်တာတွေကို လည်း လေ့လာပြီး အစီအစဉ်တွေ တင်ဆက်သွားမယ်။ အဓိကက တော့ နိုင်ငံပေါင်းစုံလှည့်ပြီး အဲဒီ နိုင်ငံက လူတွေနဲ့ လေ့လာမယ်။ လေ့ကျင့်မယ်’’ဟု ဖရန့်ဂရီလိုက ပြောသည်။
ဖရန့်ဂရီလိုသည် ပထမဆုံး နိုင်ငံအဖြစ် ထိုင်းကို ရွေးချယ်ပြီး ဒုတိယအဖြစ် မြန်မာနိုင်ငံကို ရွေး ချယ်ကာ နောက်ထပ် တာဂျစ် ကစ္စတန်၊ ဘရာဇီး၊ မက္ကဆီကို၊ ဆီနီဂေါတို့ဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။
‘‘ထိုင်းနိုင်ငံက လက်ဝှေ့သ မား Buakaw Banchamek နဲ့ လေ့ကျင့်တယ်။ မွေ့ထိုင်းကစား တယ်။ နောက် Gym အသေးလေး တွေသွားပြီး တခြားလက်ဝှေ့သ မားတွေနဲ့လည်း ကစားတယ်။ Buakaw က ထိုင်းနိုင်ငံရဲ့ထင်ရှား တဲ့ ရာဇဝင်ရှိတဲ့ လက်ဝှေ့သမား တစ်ယောက်ဖြစ်တဲ့အတွက် သူနဲ့ သွားလေ့ကျင့်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်’’ဟု ၎င်းက ပြော သည်။
မြန်မာ့လက်ဝှေ့ပညာနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ ဖီးနစ် မြန်မာ့ရိုးရာလက်ဝှေ့အားကစားရုံ တွင် လာရောက် လေ့လာသင် ကြားနေပြီး ဆရာဒေါနအောင်နှင့် ဆရာရွှေဖလားတို့က သင်ကြား ပေးကာ ခေါင်းရိုက်ကစားခြင်းကို သဘောကျကြောင်း ၎င်းက ပြော သည်။
ဖရန့်ဂရီလိုသည် ခေါင်း ဆောင်မင်းသားအဖြစ် ၂၀၁၄ က ရုံတင်ပြသခဲ့သည့် The Purge: Anarchy ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး နာမည်ကြီး ဟောလိဝုဒ်ဇာတ်ကားများတွင် ပါဝင်သည့် အနုပညာရှင်တစ်ဦးဖြစ်ကာ လက်ရှိတွင် မြန်မာနိုင်ငံကိုဇွန်လ ၃ ရက်က ရောက်ရှိပြီး ဇွန်လ ၁၁ ရက်တွင် ရန်ကုန်မှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment