Latest News

Saturday, June 17, 2017

ဧရာဝတီတိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးစာရင်းတွင် ဟင်္သာတမြို့နယ်ပါဝင်နေပြီး လက်ရှိတွင် လူနာ ၁၀၀ ကျော်အထိရှိလာ

ဧရာဝတီတိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးစာရင်းတွင် ဟင်္သာတမြို့နယ်ပါဝင်နေပြီး လက်ရှိတွင် လူနာ ၁၀၀ ကျော်အထိရှိလ


 ဟင်္သာတ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးစာရင်းတွင် ဟင်္သာတ မြို့နယ်ပါဝင်နေပြီး လက်ရှိတွင် လူနာ ၁၀၀ ကျော်အထိရှိလာကြောင်း ကျန်းမာရေးဌာနက အတည်ပြု ပြောကြားသည်။
ယခုနှစ်အတွင်း လက်ရှိအချိန်ထိ ဟင်္သာတမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ပြီးခဲ့သည့်နှစ်ကထက် နှစ်ဆကျော်အထိ ရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ က ပြောကြားသည်။
“မနှစ်က မတ်လလောက်မှာ စဖြစ်ပြီး အားလုံးပေါင်း ၅၁ ယောက်ဖြစ်ခဲ့တယ်။ အသေအပျောက် မရှိခဲ့ပါဘူး။ အခု ၂၀၁၇ ခုနှစ်မှာတော့ ဇန်န၀ါရီလလောက်ကတည်းက တစ်ယောက်စ၊ ဖေဖော်ဝါရီလ မှာ တစ်ယောက်စ ဖြစ်လာပြီးတော့ မေလလောက်မှာ ၃၈ ယောက်အထိတက်လာပြီး ဒီနေ့အထိဆိုရင် ၁၀၈ ယောက်အထိရှိလာတာတွေ့ရပါတယ်။ အဖြစ်များတဲ့ကလေးအရွယ်တွေက ငါးနှစ်ကနေ ဆယ် နှစ်ပိုင်း အထူးသဖြင့် ငါးနှစ်နဲ့ ခုနှစ်နှစ် ကလေးလေးတွေဟာ ပြင်းထန်တဲ့လက္ခဏာလေးတွေ တွေ့ရတယ်။ အသေအပျောက်တော့ မရှိသေးပါဘူး”ဟု ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာပုည ကပြောကြားသည်။
 သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအများဆုံးစာရင်းတွင် ပါဝင်နေသည့် ဟင်္သာတမြို့နယ်၌ ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဒေသဆိုင်ရာကျန်းမာရေးဌာနအပြင် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း ကွင်းဆင်း၍ အသိညာပေးမှုများဆောင်ရွက်နေကြောင်း သိရ သည်။
“ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ၁၂.၆.၂၀၁၇ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ သွေးလွန် တုပ်ကွေးရောဂါ ၆၁၁ ယောက်မှာ ဟင်္သာတက ဒုတိယအဖြစ်အများဆုံးဖြစ်တဲ့အတွက်ကြောင့် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေ လာပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမြတ်မင်းထွန်း ကပြောကြားသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများကြောင့် ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီး၌ လာရောက် ဆေးကုသမှုခံယူသူဦးရေများပြားနေပြီး နေရာမလုံလောက်မှု အခက်အခဲများ ကြုံတွေ့နေ ကြောင်း ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီးက ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲ၌ ပြောကြားသည်။
 “ဆေးရုံမှာလည်း လူနာတွေ များနေပါတယ်။ ကလေးဆောင်က ပြည့်သလောက်ရှိနေပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်ကို မဖြစ်စေချင်ဘူး။ ဖြစ်လာလို့ရှိရင် ဘယ်လိုမှ အသက်မဆုံးရှူံးအောင် ကျွန်တော်တို့ကာကွယ်တယ်။ သို့သော် ဒီနှစ်ဖြစ်နေတာ နည်းနည်းပြင်းထန်မှုရှိတယ်။ ပြင်းတဲ့အခါ ဆေးရုံကတော့ မျိုးစုံပဲတော်တော်များများတော့ လုပ်ပေးနိုင်တယ်။ ဆေးရုံမှာ လုပ်မပေးနိုင်တာ က နေရာပဲ။ ကလေးဆောင်မှာ လူနာတွေများနေတယ်လို့ ဒေါက်တာသူရကျော်ကပြောတယ်။ ဟုတ်တယ် ကျွန်တော်သွားကြည့်တယ်။ လူနာတွေအများကြီးပဲ။ နေရာက ကျွန်တော်တို့မှာ ခက် တယ်။ သို့သော်လည်းပဲ ရှိတဲ့နေရာမှာ ဆောင်ရွက်နေတယ်။ လူနာတွေ နေရခက်တယ်။ ဆရာဝန်တွေ လည်း နေရခက်တယ်။ လူနာစောင့်တွေ လည်း နေရခက်တယ်။ ဆရာမတွေလည်း နေရခက်တယ်”ဟု ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာတိုးတိုး က ပြောကြားသည်။
လက်ရှိတွင် ဟင်္သာတမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်း များက ပိုးလောက်လန်းနှိမ်နင်းရေး ဖုံးသွန်လဲစစ်ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းတို့အပြင် ဆေးရုံတက် လူနာများ၏ နေအိမ်ပတ်ဝန်းကျင်၌ ခြင်ဆေးမှုတ်ခြင်း၊ ဌာနဆိုင်ရာများ တာဝန်ရှိသူ များနှင့် အရပ်ဖက်အဖွဲ့အစည်းများကို အသိပညာပေးခြင်း၊  စာသင်ကျောင်းများ၌ ဟောပြောခြင်း တို့ကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment