Latest News

Monday, June 12, 2017

အစ္စလာမ္မစ်များ ထိန်းချုပ်ထားသောမြို့အား ဗုံးကြဲတိုက်ခိုက်စဉ် ဖိလစ်ပိုင်က လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ

အစ္စလာမ္မစ်များ ထိန်းချုပ်ထားသောမြို့အား ဗုံးကြဲတိုက်ခိုက်စဉ်
ဖိလစ်ပိုင်က လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပ


ဖိလစ်ပိုင်တောင်ပိုင်းရှိ အစ္စလာမ္မစ်စစ်သွေးကြွများအား မောင်းထုတ်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသော ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များသည် ဇွန် ၁၂ ရက်တွင် လွတ်လပ်ရေးအခမ်းအနားအတွက် နိုင်ငံတော်အလံကို လွှင့်ထူခဲ့သည်။ အမေရိကန် အထူးတပ်ဖွဲ့ဝင်များက အကြံပေးနေသည့် ထောင်နှင့်ချီသော ဖိလစ်ပိုင်စစ်သားများသည် မေ ၂၃ ရက်တွင် မာရာဝီမြို့၌ IS အလံများလွှင့်ထူလျက် စတင်တိုက်ခိုက်ခဲ့ကြသည့် ရာနှင့်ချီသော စစ်သွေးကြွများနှင့် အပြင်းအထန်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်။
   
အလွန်အမင်း လူသူကင်းမဲ့သွားသော ယင်းမြို့ရှိနယ်မြေများတွင် သေနတ်ပစ်ခတ်သံများ ကြားနေခဲ့ရပြီး လေယာဉ်များက ဗုံးကြဲမှုများ ပြုလုပ်နေစဉ် စစ်သားများနှင့် တာဝန်ရှိသူများသည်အနီးရှိ အစိုးရအဆောက်အအုံတစ်ခု၏ အပြင်ဘက်တွင် ဖိလစ်ပိုင်အလံကို လွှင့်တင်ခဲ့သည်။ ယင်းအခမ်းအနားသည် မာရာဝီမြို့တွင် စစ်ဆင်ရေးများ အကောင်အထည်ဖော်ရာ၌ အသက်ပေးခဲ့ရသည့် စစ်သားများအတွက် ရည်စူးကြောင်း မာရာဝီမြို့ရှိ ဖိလစ်ပိုင် ကြည်းတပ်တပ်ဖွဲ့၏ တပ်မှူးဗိုလ်မှူးကြီး ဟိုဆေးမာရီယာကူအာပိုက ပြောကြားခဲ့သည်။
   
နှစ်စဉ်ပြုလုပ်နေကျ ယင်းအခမ်းအနားသည် ဖိလစ်ပိုင်က စပိန်ကိုလိုနီအား ဆန့်ကျင်ခဲ့သည့် လက်နက်ကိုင်တော်လှန်မှု၏ နှစ်ပတ်လည်အခမ်းအနားဖြစ်သည်။
   
မာရာဝီတွင် စစ်တပ်နှင့် စစ်သွေးကြွများအကြား တိုက်ပွဲများအတွင်း စစ်သားနှင့် ရဲ ၅၈ ဦး၊ အရပ်သား ၂၀ ကျော်သေဆုံးခဲ့ပြီး ခန့်မှန်းခြေ စစ်သွေးကြွ ၂၀၀ နီးပါးသေဆုံးခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။ ကက်သလစ်ဘာသာဝင် အများစုနေထိုင်သော ဖိလစ်ပိုင်တွင် အရေးပါဆုံးမြို့တစ်မြို့ဖြစ်သည့် မွတ်စလင် အများစုနေထိုင်သော မာရာဝီတွင် ယင်းတိုက်ခိုက်မှုများကြောင့် လူသိန်းဂဏန်း ထွက်ပြေးခဲ့ရပြီးဖြစ်သည်။
   
ယင်းစစ်သွေးကြွများ၏ တိုက်ခိုက်မှုများသည် IS ကဖိလစ်ပိုင်တောင်ပိုင်းရှိ မင်ဒါနာအိုဒေသတွင် အခြေစိုက်စခန်းထူထောင်ရန် ကျယ်ပြန့်သောအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သမ္မတရိုဒရီဂိုဒူတာတေးက သတိပေးခဲ့ပြီး စစ်သွေးကြွခြိမ်းခြောက်မှုအား ဟန့်တားရန် တောင်ပိုင်း၌ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာခဲ့သည်။ သို့သော် အရပ်သားများအား ဓားစာခံများအဖြစ် ဖမ်းဆီးထားပြီး ဗုံးဒဏ်ခံနိုင်သော ကတုတ်ကျင်းများဖြင့် အကာအကွယ်ယူထားကာ လက်နက်ကြီးများ ကိုင်ဆောင်ထားသည့် စစ်သွေးကြွများသည် စစ်တပ်၏ထိုးစစ်ကို ကြံ့ကြံ့ခံထားနိုင်ဆဲဖြစ်သည်။
   
မာရာဝီမြို့အား ဇွန် ၁၂ ရက်တွင် လွတ်မြောက်စေရန် ပစ်မှတ်ထားခဲ့ကြောင်း၊ သို့သော်ပြဿနာနှင့် ဖြစ်ပေါ်နေသော အခြေအနေများသည် ရှုပ်ထွေးနေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အလန်ပီတာကာယီတာနိုက မနီလာတွင် ပြုလုပ်ခဲ့သောအခမ်းအနား၌ ပြောကြားခဲ့သည်။ တိုက်ပွဲများသည် အခက်ခဲဆုံး၊ သေကျေမှုအများဆုံး ဖြစ်လာမည်ဖြစ်ပြီး စစ်သွေးကြွများအား ရှင်းလင်းရန်ရက်နှင့်ချီ၊ လနှင့်ချီကြာမြင့်နိုင်ကြောင်း ဒေသဆိုင်ရာ စစ်ဘက်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ကာလီတိုဂယ်ဗက်ဇ်က ဇွန် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
   
လူ ၂၀၀၀၀၀ ခန့်နေထိုင်သော မာရာဝီမြို့အား တိုက်ခိုက်ရန် IS ခေါင်းဆောင်အဘူဘကာဘဂ္ဂဒါဒီကိုယ်တိုင် တိုက်ရိုက်လှုံ့ဆော်ခဲ့ကြောင်း ဖမ်းဆီးခံထားရသည့် စစ်သွေးကြွတစ်ဦးက ထုတ်ဖော်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။      

Eleven Media

No comments:

Post a Comment