Latest News

Tuesday, June 6, 2017

ဧရာဝတီတိုင်းဒေသကြီး၌ ပြီးခဲ့သည့်မေလတွင် ဧပြီလကထက် ယာဉ်တိုက်မှုနှင့် အခြားအမှုဖြစ်စဉ်များ လျော့ကျခဲ့သော်လည်း အမှုကြီးဖြစ်ပွားမှုပိုမိုများပြားခဲ့

ဧရာဝတီတိုင်းဒေသကြီး၌ ပြီးခဲ့သည့်မေလတွင် ဧပြီလကထက် ယာဉ်တိုက်မှုနှင့် အခြားအမှုဖြစ်စဉ်များ လျော့ကျခဲ့သော်လည်း အမှုကြီးဖြစ်ပွားမှုပိုမိုများပြားခဲ့

                             ဟင်္သာတ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၌ ပြီးခဲ့သည့်မေလတွင် ဧပြီလကထက် ယာဉ်တိုက်မှုနှင့် အခြားအမှု ဖြစ်စဉ်များ လျော့ကျခဲ့သော်လည်း အမှုကြီးဖြစ်ပွားမှုပိုမိုများပြားခဲ့ကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှရရှိသည့်မှတ်တမ်းများအရ ပြီးခဲ့သည့်မေလတွင် ဧပြီလကထက် အမှုကြီး ၁၅ မှုပိုမိုဖြစ်ပွားခဲ့ပြီး အခြားအမှုဖြစ်စဉ်များမှာ ၅၈ မှုလျော့ကျခဲ့ကြောင်း သိရ သည်။

“ဧပြီလတုန်းကတော့ အမှုကြီး ၃၉ မှုပေါ့။ မေလမှာကျတော့ ၅၄ မှုဖြစ်တယ်။ ၁၅ မှု တိုးတာပေါ့။ လူသတ်မှု ၅ မှုတိုးတယ်။ မုဒိမ်းမှု ၉ မှုတိုးတယ်။ တိရစ္ဆာန်ခိုးမှုက ၆ မှုပေါ့။ လုယက်မှု ကတော့ ဧပြီလမှာ ၅ မှု၊ မေလမှာတော့ တစ်မှုမှမရှိပါဘူး။ အမှုကြီးကတော့ တိုးတယ်။ အခြားအမှု ကတော့ လျော့သွားတယ်။  ဧပြီလမှာ ၇၇၉ မှု၊ မေလမှာကျတော့ ၇၂၁ မှုဆိုတော့ ၅၈ မှုလျော့သွား တာပေါ့”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးခင်မောင်လတ် က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး၌ ယာဉ်တိုက်မှုများမှာ ဧပြီလတွင် ၂၀၅ မှု ဖြစ်ပွားခဲ့ပြီး ၃၈၆ ဦး ဒဏ်ရာရရှိကာ ၄၀ ဦး သေဆုံးခဲ့ကြောင်း၊ မေလတွင်မူ ယာဉ်တိုက်မှု ၁၄၃ မှုဖြစ်ပွားခဲ့ပြီး ၂၅၀ ဦး ဒဏ်ရာရရှိကာ ၃၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ယာဉ်တိုက်မှုက ၆၂ မှုလောက်လျော့တယ်။ ဒဏ်ရာရတာလည်း ၁၃၀ လောက်လျော့တယ်။ သေတာလည်း  ၈ ယောက်လောက်လျော့သွားတယ်”ဟု ဒုရဲမှူးကြီးခင်မောင်လတ် က ပြောကြား သည်။

လောင်းကစား၊ ယစ်မူး စသည့် ကြိုတင်ကာကွယ်မှုများကိုလည်း ဧရာဝတီတိုင်းဒေသကြီး၌ မေလတွင် တိုးမြှင့်ဖမ်းဆီးခဲ့ကြောင်း ဒုရဲမှူးကြီးခင်မောင်လတ် က ဆက်လက်ပြောကြားသည်။

“ကြိုတင်ကာကွယ်မှု ၇၄ မှုတိုးပြီးဖမ်းခဲ့တယ်။ အဓိကကတော့ မူးယစ်တိုးပြီးဖမ်းတယ်။ မှောင်ရိပ်ခိုပြီး ပြစ်မှုကျူးလွန်နိုင်တဲ့သူတွေ ဖမ်းဆီးမှုတွေကို ကြိုတင်ကာကွယ်မှုတွေအနေနဲ့ ဖမ်း ဆီးအရေးယူမှုတွေတိုးပြီးလုပ်တယ်။ လောင်းကစားကိုလည်း ဧပြီလမှာ ၁၅ မှု၊ မေလမှာ ၂၅ မှု တိုးမြှင့် ပြီးဖမ်းခဲ့ပါတယ်။ မူးယစ်ကိုလည်း ဧပြီလမှာ ၁ မှု၊ မေလမှာ ၅ မှုဖမ်းဆီးခဲ့ပါတယ်”ဟု ၄င်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နုယ် ၂၆ မြို့နယ်၌ ရဲတပ်ဖွဲ့မှ ဧပြီလတွင် ကြိုတင်ကာကွယ်မှု ၄၇၃ မှု ဖမ်းဆီးခဲ့ပြီး မေလတွင် ၅၄၇ မှုဖမ်းဆီးခဲ့ကြောင်း သိရသည်။

အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment