Latest News

Saturday, June 24, 2017

မွန်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် ငါးဘီလီယံဖြင့် မော်လမြိုင်မြို့တွင် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း တည်ဆောက်မည်

မွန်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် ငါးဘီလီယံဖြင့် မော်လမြိုင်မြို့တွင် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း တည်ဆောက်မည်

မော်လမြိုင်၊ ဇွန် ၂၂

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို ဇွန် ၂၁ ရက် နံနက် ၁ဝ နာရီတွင် မွန်ပြည်နယ် လွှတ်တော်ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးဝဏ္ဏကျော်က ပြည်နယ် အစိုးရ အဖွဲ့မှ အိမ်ရာ စီမံကိန်း တည်ဆောက်မည့် မြေနေရာ ပြောင်းလဲ ဆောင်ရွက်မည့် အစီအစဉ် တင်ပြ အတည်ပြုချက် ရယူခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် အစိုးရ အနေဖြင့် ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ပြည်နယ် ရန်ပုံငွေမှ ငွေကျပ် ငါးဘီလီယံဖြင့် မော်လမြိုင်မြို့ မင်းရွာတွင် အဆင့်မီ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်ရန် မွန်ပြည်နယ် လွှတ်တော်သို့ တင်ပြခဲ့ရာ မွန်ပြည်နယ် လွှတ်တော်မှ မတ် ၂၈ ရက်က အတည်ပြု ပေးခဲ့ပြီး ဖြစ်သော်လည်း မွန်ပြည်နယ် အစိုးရ အဖွဲ့ အနေဖြင့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းတည် ဆောက်ရန် မော်လမြိုင်မြို့၊ မော်လမြိုင် - မုဒုံ ကားလမ်းဘေး၊ ကြာအင်းကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၈ဝ၄) ကြာအင်း အရှေ့ကွင်း အကွက် အမှတ် (၄၂ဝ)၊ မြေဧရိယာ ၂၁ ဒသမ ၂၆ ဧကတွင် အဆင့်မီ တန်ဖိုးနည်း အိမ်ရာ တည်ဆောက်ရန် ဆုံးဖြတ်ခြဲ့ခင်း ဖြစ်ကြောင်း သိရသည်။

''အရင်မင်းရွာ စီမံကိန်း နေရာက ကားလမ်းနဲ့ နည်းနည်း ဝေးပြီး အတွင်းဘက်ကျတယ်။ ချက်ချင်း ဆောက်လုပ်ဖို့ အခက်အခဲလည်း ရှိတယ်။ သွားရေး လာရေးလည်း နည်းနည်း ခက်တယ်။ အခု ပြန်ပြောင်းလိုက်တဲ့ နေရာက မော်လမြိုင် - မုဒုံ ကားလမ်းဘေးလည်း ဖြစ်တယ်။ မြေအနေအထားက ချက်ချင်း ဆောက်လို့လည်း ရတယ်။ လမ်းပန်း ဆက်သွယ် သွားလာရာမှာလည်း လွယ်ကူတယ်။ ဒါကြောင့် ပြောင်းလဲလိုက်တာပါ'' ဟု ဝန်ကြီး ဦးဝဏ္ဏကျော် က ပြောသည်။

မွန်ပြည်နယ် အစိုးရ အနေဖြင့် အဆင့်မီ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းကို ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း အပြီး တည်ဆောက်မည် ဖြစ်ပြီး အိမ်ရာ မရှိသူများအား ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီနှစ်ထဲမှာ အပြီး တည်ဆောက်မှာပါ။ ဘယ်နှထပ် ဘယ်နှခန်း၊ အခန်းအကျယ် စတာတွေ မလုပ်ရသေးပါဘူး။ အခန်းအကျယ် ကိုတော့ စတုရန်းပေ ၆ဝဝ၊ စတုရန်းပေ ၆၅ဝ လို့ မှန်းထားပါတယ်။ ကျွန်တော်တို့ ပြည်သူကို ပွင့်ပွင့်လင်းလင်း ရှင်းလင်း ပြောကြားသွားပါမယ်'' ဟု ဝန်ကြီး ဦးဝဏ္ဏကျော် က ပြောကြားသည်။

AHO
Democracytoday

No comments:

Post a Comment