လန်ဒန်မြို့လယ်အကြမ်းဖက်ခံရပြန်
လမ်းသွားလမ်းလာလူအုပ်ကြား ကားဖြင့် ဒလကြမ်းဝင်တိုက်ခံရခြင်းကြောင့် လူ ၁-ဦးသေဆုံးပြီး အများအပြားဒါဏ်ရရှိ။ ဗြိတိန်နိုင်ငံတွင် အကြမ်းဖက်ခံရခြင်းများဆက်တိုက်ဖြစ်ပွား။ ကောလိပ်၊ဆေးရုံနှင့် လူအများသွားလာရာနေရာများတွင် အကြမ်းဖက်ခြောက်လှန့်ခြင်းများဖြစ်ခဲ့။ မန်ချက်စတာ ဂီတဖျော်ဖြေပွဲ အသေခံဗုံးခွဲသမားတွင် ကွင်းဆက်အကြမ်းဖက်အစီအစဉ်များရှိနေဟုဆို။
( ဇွန်- ၄၊ ၂၀၁၇ ) အင်္ဂလန်နိုင်ငံ လန်ဒန်တံတား ( London Bridge ) အနီး လမ်းသွားလမ်းလာလူအုပ်ကြား ကားဖြင့်ဒလကြမ်းဝင်တိုက်ခြင်းကြောင့် လူအများအပြားဒါဏ်ရာရရှိသည်ဟု ရဲတပ်ဖွဲ့ကအတည်ပြုပြောကြား ကြောင်း ယနေ့နိုင်ငံတကာသတင်းမီဒီယာများတွင် အရေးကြီးစက်ရပ်သတင်းအဖြစ်ဖော်ပြသည်။
မျက်မြင်သက်သေများပြောကြားချက်အရ ဒေသစံတော်ချိန် စနေနေ့ညပိုင်းတွင် သိမ်းမြစ်ကမ်းဘေး သွားလာနေသူများကြား အဖြူရောင်ဗင်ကားတစ်စီးက အရှိန်ပြင်းစွာဝင်တိုက်သဖြင့် လူ ၁-ဦးသေဆုံးပြီး ၅-ဦးထက်မနည်း ဒါဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။
ယခုဖြစ်ရပ်မှာ မန်ချက်စတာဂီတဖျော်ဖြေပွဲ ဗုံးပေါက်ကွဲမှု့ကြောင့် လူ (၂၂ ) ဦးသေဆုံးခဲ့ရပြီး ရက်သတ္တ ၂-ပတ် မပြည့်မီဖြစ်ပွားရခြင်းဖြစ်သည်။ လွန်ခဲ့သော ( ၃ ) လကလည်း ၀က်စ်မင်နစ်စတာတံတားပေါ်တွင် လူ ၄-ဦး ကားဖြင့်တိုက်သတ်ခံရပြီး ပါလီမန်အဆောက်အအုံဝင်ပေါက် ဂိတ်ဝအနီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒါးဖြင့်ထိုးသတ် ခြင်းခံခဲ့ရပြီးဖြစ်သည်။
မန်ချက်စတာအသေခံဗုံးခွဲသမား ဆယ်လမန် အဘက်ဒီနှင့်ဆက်စပ်၍ ၄င်း၏ဖခင်နှင့် ညီတို့ကို ပြည်တွင်းစစ် ဖြစ်ပွားနေသော လစ်ဗျားနိုင်ငံတွင် ဖမ်းဆီးနိုင်ခဲ့သည်။ အသက် (၂၂)နှစ်အရွယ်ရှိ အသေခံဗုံးခွဲသမားသည် မန်ချက်စတာလူသတ်ပွဲမတိုင်မီ လစ်ဗျားသို့ပြန်ရောက်လာပြီး ဘာသာရေးအစွန်းရောက်တို့ထံတွင် သဘောတရားရေးများသင်ယူခြင်း၊ ဗုံးထောင် ဗုံးခွဲခြင်းများအပြင် ဗြိတိန်နိုင်ငံတွင် အကြမ်းဖက်မှု့များကျူးလွန်ရန် စီစဉ်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။
နောက်ဆုံးရရှိသောသတင်းများအရ မန်ချက်စတာဂီတဖျော်ဖြေပွဲအသေခံဗုံးခွဲခြင်းနှင့်စပ်လျှဉ်း၍ ဆက်နွယ်ပတ်သက်သူများအား ရဲတပ်ဖွဲ့က ဖော်ထုတ်လျှက်ရှိရာ ( ၁၇ ) ယောက်မြောက်မသင်္ကာသူအား ယမန်နေ့တွင် သက်ဆိုင်ရာက ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။
ထိုစဉ်အတောအတွင်း ကောလိပ်၊ဆေးရုံနှင့် လူအများသွားလာရာနေရာများတွင် အကြမ်းဖက်ခြောက်လှန့်ခြင်းများဖြစ်ခဲ့ပွားခဲ့ရာ ရဲတပ်ဖွဲ့က ရှင်းလင်းရေးဆောင်ရွက်ခဲ့ရသည်ဆို၏။
Htay Oung
Subscribe to:
Post Comments (Atom)
No comments:
Post a Comment