Latest News

Tuesday, June 13, 2017

စင်ကာပူရောက် မြန်မာအိမ်အကူ မိန်းကလေး တစ်ဦး ၁၉ ထပ်မှ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်



စင်ကာပူ 180 Depot Road လမ်းမှာရှိတဲ့ Interlace Condo မှာ အလုပ်လုပ်နေတဲ့ မြန်မာအိမ်အကူမလေးတစ်ဦးဟာ ဇွန် ၁၂ ရက် ည ၇ နာရီခန့်မှာ ၁၉ လွှာကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ သူ့ရဲ့ နာရေးကိစ္စကို ကူညီဆောင်ရွက်ပေးနေတဲ့ စင်္ကာပူရောက် မြန်မာတစ်ယောက်က အတည်ပြုပြောဆိုပါတယ်။

 အဲဒီအမျိုးသမီးဟာ ဒေသစံတော်ချိန် ညနေ (၅)နာရီခန့်ကတည်းက ကွန်ဒို(၁၉)လွှာရဲ့ ဝရန်တာမှာ ခုန်ချဖို့ကြံရွယ်နေတာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာအချို့က မခုန်ချဖို့ ဖျောင်းဖျပြောဆိုခဲ့သေးပေမယ့်လည်း ည(၇)နာရီခန့်မှာတော့ ခုန်ချအဆုံးစီရင်သွားတာဖြစ်တယ်လို့ သိရပါတယ်။ 


အဲဒီ အမျိုးသမီးငယ်က မခုန်ချမီမှာ အိမ်ရှင်က သူ့ကို ထမင်းမှန်မှန်မကျွေးကြောင်း ပြောကြားခဲ့တယ်လို့ စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ မြန်မာကလပ်မှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးတင်မောင်ဝင်းက ပြောပါတယ်။ စင်ကာပူနိုင်ငံရဲ့ ဥပဒေအရ အိမ်အကူအလုပ်ကို အသက်(၂၃)နှစ် ပြည့်ပြီးသူတွေကိုသာ လုပ်ကိုင်ခွင့်ပြုထားပေမယ့်လည်း အခုအမျိုးသမီးငယ်ဟာ အသက်(၂၃)နှစ်မရှိနိုင်သေးကြောင်း ဦးတင်မောင်ဝင်းရဲ့ သုံးသပ်ပြောကြားချက်အရ သိရပါတယ်။

 လက်ရှိအချိန်မှာ စင်ကာပူနိုင်ငံက ရဲတပ်ဖွဲ့နဲ့ မြန်မာသံရုံးတို့ပူးပေါင်းပြီး အဲဒီအမျိုးသမီးငယ်ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို စုံစမ်းမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ အမျိုးသမီးငယ်ရဲ့ ကိုယ်ရေးအချက်အလက်သိရှိတာနဲ့ အလောင်းကို မြန်မာနိုင်ငံကို ပြန်ပို့မှာဖြစ်တယ်လို့ ဦးတင်မောင်ဝင်းက ပြောပါတယ်။

 ပြီးခဲ့တဲ့ (၂)ပတ်ကျော်ခန့်ကလည်း စင်ကာပူနိုင်ငံမှာ မြန်မာအိမ်အကူအမျိုးသမီးတစ်ဦး တိုက်ပေါ်က ခုန်ချသေကြောင်းကြံခဲ့မှုတစ်ခု ဖြစ်ပွားခဲ့သေးပေမယ့်လည်း အသက်သေဆုံးမှုမရှိဘဲ လက်ရှိမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၁၁ ခုနှစ်တုန်းက ကျောင်းသွားတက်တဲ့ မြန်မာ မိန်းကလေး တစ်ယောက်ဟာ ချစ်သူနဲ့အဆင်မပြေတာတွှေရှိတဲ့အတွက် စင်ကာပူနိုင်ငံက ခုံးကျော်တံတားပေါ်ကနေ ကိုယ့်ကိုကိုယ် အဆုံးစီရင်တာမျိုး ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်တုန်းလည်း စင်ကာပူက အိမ်ရှင် နဲ့ အိမ်ရှင် ယောက္ခမဟာ မြန်မာနိုင်ငံသား အိမ်အကူ မိန်းကလေးကို လူသတ်မှုကျူးလွန်တာလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒီသတင်းကို Central News Bureau က သီဟစိုးလွင် ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

No comments:

Post a Comment