Latest News

Tuesday, June 27, 2017

သတင်းထောက်တွေကို လွှတ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ တောင်းဆို

သတင်းထောက်တွေကို လွှတ်ပေးဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ
ခွင့်အဖွဲ့ တောင်းဆို

ဒီမိုကရက်တစ်မြန်မာ့အသံ DVB နဲ့ ဧရာဝတီ သတင်းဌာနတွေက သတင်းထောက် ၃ဦး အပါအ၀င် ၇ ဦးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး TNLA အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးအရေးယူ ထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

တနင်္လာနေ့ မွန်းလွဲပိုင်းက နမ့်ဆန်ကနေ သီပေါဘက်ကို မောင်းနှင်လာတဲ့ လိုင်စင်မဲ့ ကားနှစ်စီးကို တပ်မတော် စစ်ကြောင်းက ရပ်တန့်စစ်ဆေးရာမှာ၊ ကားပေါ်မှာလိုက်ပါလာတဲ့ DVB သတင်းဌာနက အကြီးတန်း သတင်းထောက် ဦးအေးနိုင်နဲ့ ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီ သတင်းဌာနက သတင်းထောက် ဦးသိန်းဇော်တို့ အပါအဝင် အမျိုးသား ၇ ဦးတို့ဟာ TNLA အဖွဲ့နဲ့ ဆက်သွယ်ပြီး ပြန်လည်ထွက်ခွာလာတယ်လို့ စုံစမ်းသိရှိ ရတဲ့အတွက် တရားဥပဒေ နဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ လားရှိုးမြို့နယ်ရဲစခန်းကို စနစ်တကျလွှဲပြောင်း အပ်နှံ ထားပြီး ၊လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
 
TNLA အဖွဲ့ဟာ အစိုးရနဲ့ NCA တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ လက်မှတ်မရေးထိုး ရသေးတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်သလို ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေ ပါတယ်။

ဒီဗွီဘီသတင်းဌာနက သတင်းထောက် ဦးအေးနိုင်နဲ့ ဦးပြည့်ဘုန်းနိုင်တို့ဟာ TNLA က ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကို သွားရောက်သတင်းယူတာ ဖြစ်ကြောင်း ဒီဗွီဘီသတင်းက ဖေါ်ပြပါတယ်။

သတင်းထောက်တွေဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဒီဗွီဘီသတင်းဌာန အယ်ဒီတာချုပ် ဦးအေးချမ်းနိုင် က
ကမ္ဘာတဝှမ်း ဘယ်နိုင်ငံမှာမဆို သတင်းထောက်တွေဟာ ပဋိပက္ခရှိတဲ့နေရာက နှစ်ဘက်လုံးဆီကနေ သတင်းယူကြရတာပါ၊ ကျနော် တို့ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပါ၊ အမှားလုပ်တာမဟုတ်ပါဘူး လို့ပြောဆိုကြောင်း ရိုက်တာသတင်း က ဖေါ်ပြပါတယ်။

ဖမ်းဆိးခံထားရသူ ၇ ဦးထဲက ကျန် ၄ ဦးနဲ့ ပတ်သက်လို့တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြမထားပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က အခုဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးပြီး၊ သူတို့လုပ်ငန်းတွေကို စိုးရိမ်ထိတ်လန့်စရာမလိုဘဲ၊ လွတ်လွတ်လပ်လပ် ပြန်လည်လုပ်ကိုင်ခွင့်ပြုဖို့ တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ် ။

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘုတ်

RFA

No comments:

Post a Comment