Latest News

Monday, June 5, 2017

၂၀၂၀ ပြည့်နှစ်တွင် အင်အားမလျော့ပါးရန် မွန်ပြည်နယ်ကို လာရောက်ခြင်းဖြစ်သည်ဟု ဦးဝင်းထိန် ပြောကြား

၂၀၂၀ ပြည့်နှစ်တွင် အင်အားမလျော့ပါးရန် မွန်ပြည်နယ်ကို
လာရောက်ခြင်းဖြစ်သည်ဟု ဦးဝင်းထိန် ပြောကြား

၂၀၂၀ ပြည့်နှစ်တွင် အင်အားမလျော့ပါးရန် မွန်ပြည်နယ်ကို လာရောက်ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဇွန် ၅ ရက်တွင် မော်လမြိုင်မြို့ တော်ဝင်ဟင်္သာဟိုတယ်၌ မီဒီယာနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

“မနက်ကတော့ အစိုးရရယ်၊ ပါတီရယ်၊ လွှတ်တော်ရယ်၊ သုံးဦးသုံးဖလှယ်ကို သဟဇာတဖြစ်စေမယ့် ပြည်နယ်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ ဆက်လက်ဆောင်ရွက်တဲ့ အခါမှာ အစိုးရကလည်း လွှတ်တော်နဲ့ ဂိုဏ်းမကွဲဘူး။ နောက်တစ်ခု အစိုးရလည်း ပါတီဝင်ပေါ့။ ကိုယ့်မြို့နယ်အသီးသီးက ပါတီဝင်နဲ့ မကင်းကွာဖို့၊ ကင်းကွာတာနဲ့ ကိုယ်တို့လူထုက သူတို့ကို အထင်မှား၊ အမြင်မှားဖြစ်ပြီးတော့ ၂၀၂၀ အတွက် သွားတဲ့အခါမှာ အနှောင့်အယှက်တွေဖြစ်မယ်။ အားအင်တွေ လျော့ပါးမယ်။ အဲဒါတွေကို ထိန်းသိမ်းတဲ့အနေနဲ့ လုပ်ဖို့ပေါ့” ဟု ဦးဝင်းထိန်က ပြောကြားသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နှစ်တာ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဦးဝင်းထိန်က ဆက်လက် ပြောကြားရာတွင် တစ်နှစ်ကျော် ကာလအတွင်း မွန်ပြည်နယ်တွင် ၀န်ကြီးချုပ် အပြောင်းအလဲ ပြုလုပ်ရသည့် အနေအထားသို့ ရောက်ရှိခဲ့ကြောင်း၊ ၀န်ကြီးချုပ်သစ် အနေနှင့် ပြည်ထောင်စုအစိုးရက ချမှတ်သည့်လမ်းစဉ်အတိုင်း ညီညီညွတ်ညွတ် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ ပြည်နယ်တစ်ခု အနေနှင့် ပြော၍ မရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နာယကဦးတင်ဦးတို့က MRTV တွင် ပြောကြား၍ သတင်းစာတွင် ဖော်ပြပြီးဖြစ်ကြောင်း၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍများ ဖြောင့်ဖြောင့်သွားရန်လိုကြောင်း၊ တိုင်းပြည်စီးပွားရေး တိုးတက်၍ ပြည်သူလူထု အလုပ်အကိုင် ဖန်တီးရန်လိုကြောင်း၊ ယင်းသည် တစ်တိုင်းပြည်လုံး အနေအထားဖြစ်ပြီး ပြည်နယ်အစိုးရ အောင်မြင်မှ ဗဟိုအစိုးရ ကြိုးပမ်းနေသည့် နိုင်ငံရေးလမ်းစဉ် အောင်မြင်မည်ဖြစ်ကြောင်း၊ ယခုငါးနှစ်တွင် ဒီမိုကရေစီအပင် ရှင်သန်ရန် လိုအပ်ကြောင်း ဦးဝင်းထိန်က ပြောကြားသည်။


မောင်မောင်ရွှေမြိုင်

Eleven Media Group

No comments:

Post a Comment