Latest News

Sunday, June 25, 2017

တောင်ပေါ်ဒေသမှ ဟင်္သာတမြို့သို့ လာရောက်ပညာသင်ကြားသူ တိုင်းရင်းသားကလေးငယ်ဦးရေ ယခင်နှစ်ကထက် ပိုမိုများပြားလာ

တောင်ပေါ်ဒေသမှ ဟင်္သာတမြို့သို့ လာရောက်ပညာသင်ကြားသူ တိုင်းရင်းသားကလေးငယ်ဦးရေ                                        ယခင်နှစ်ကထက် ပိုမိုများပြားလာ

ဟင်္သာတ ဇွန် ၂၄
တောင်ပေါ်ဒေသမှ ဟင်္သာတမြို့သို့ လာရောက်ပညာသင်ကြားသူ တိုင်းရင်းသားကလေးငယ် ဦးရေ ယခင်နှစ်ကထက် ပိုမိုများပြားလာကြောင်း သိရသည်။
တောင်ပေါ်ဒေသမှ လာရောက်သူ တိုင်းရင်းသားကလေးငယ်များမှာ ဟင်္သာတမြို့ရှိ သီလရှင် ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင်နေထိုင်ကာ ပညာသင်ယူရန် လာရောက်မှုများရှိနေခြင်း ဖြစ် သည်။
“သူတို့ဒေသမှာက မငြိမ်းချမ်းဘူး။ ပညာသင်ကြားဖို့ အခက်အခဲရှိတယ်။ ကျောင်းဝေးတယ်။ အဲဒါကြောင့် ဆရာကြီးဆီလာမှီခိုပြီး ပညာသင်ကြားကြတယ်။ ဒီကို ရောက်လာတဲ့အခါ ယောက်ျားလေး တွေကျတော့ ကိုရင်ဝတ်ပေးပြီး ဘုန်းကြီးကျောင်းကို ပို့တယ်၊ မိန်းကလေးတွေကျတော့ သီလရှင်ဝတ် ပေး၊ သီလရှင်ကျောင်းမှာပဲထားပြီး စောင့်ရှောက်တယ်။ သူတို့ရဲ့ စာရေး၊ သောက်ရေး၊ ပညာရေး၊ ကျန်းမာရေး အားလုံးကို ဆရာကြီးက တာဝန်ယူပြီး ဆောင်ရွက်ပေးတယ်။ ဒီနှစ်ရောက်လာတဲ့ တိုင်းရင်းသားကလေးငယ်ဦးရေက ပြီးခဲ့တဲ့နှစ်ကထက် ပိုများလာတယ်“ဟု သုခ၀တီသီလရှင်သင် ပညာရေး မူလွန်ကျောင်းအုပ် သီလရှင်ဆရာကြီး ဒေါ်သုပညာက မိန့်ကြားသည်။
ဟင်္သာတမြို့တွင် ပညာသင်ကြားရန်ရောက်ရှိနေသည့် တိုင်းရင်းသားကလေးငယ်များတွင် ပအိုဝ့် တိုင်းရင်းသားဦးရေ ၁၀၀ ကျော်ရှိပြီး ရှမ်း၊ ကရင်၊ ပလောင် စသည့် တိုင်းရင်းသားများလည်း ပါဝင်ကြောင်း သိရသည်။
“မနှစ်က တစ်နှစ်လုံးမှာမှ ကျောင်းသားဦးရေ ၁၄၉ ယောက်ပဲရှိတယ်။ ဒီနှစ်မှာကျတော့ စစချင်းမှာပဲ ၁၉၀ ကျော်တယ်။ အခုနောက်ထပ် ထပ်လာလို့ ခေါ်ရတာနဲ့ဆိုရင် ၂၀၀ ကျော်သွားပြီ။ KG တန်းကနေ ၈ တန်းအထိ သင်ပေးပါတယ်။ ၉ တန်းကို နီးစပ်ရာကျောင်းနဲ့ချိတ်ဆက်ပြီး ဆရာမတွေ ခေါ်ပြီး သင်တယ်။ ၁၀ တန်းကိုတော့ အထက်တန်းကျောင်းမှာထားပေးတယ်။ အခုလက်ရှိမှာ ကျောင်းသားဦးရေက များပြီး ဆရာမက နည်းနေတယ်။ အစိုးရပေးတဲ့လစာငွေက နည်းတော့ ဆရာကြီး မှာ ဆရာမတွေကို လစာပေးဖို့ အခက်အခဲရှိတယ်။ ကျောင်းသားက များတော့ ဆရာမလည်း အခက်အခဲရှိတယ်”ဟု သီလရှင်ဆရာကြီး ဒေါ်သုပညာက မိန့်ကြား သည်။
“သီလရှင်နဲ့ ကိုရင်လေးတွေကို ခွဲပြီးစာသင်ပေးရတော့ ကျောင်းဆောင်က မလုံလောက်သေး ဘူး။ ကျောင်းဆောင်ကလည်း လိုအပ်ပါတယ်။ နောက်ပြီးတော့ စားရေးသောက်ရေးကျတော့လည်း
တစ်နေ့ကို အနည်းဆုံး ဆန်တစ်အိတ် ချက်ရတယ်။ များသောအားဖြင့် အဆင်ပြေရုံ အရည်ဟင်းလေး ပဲ၊ အသီးအရွက်လေးတွေပဲ ချက်ကျွေးနိုင်တယ်။ အလှူရှင်လာမှ ကောင်းကောင်းမွန်မွန် ကျွေးရတာ ပေါ့။ အဲဒါကြောင့် စားရေးသောက်ရေးမှာလည်း အခက်အခဲရှိပါတယ်” ဟု သီလရှင်ဆရာကြီး ဒေါ်သုပညာက ဆက်လက်မိန့်ကြားသည်။
သုခ၀တီသီလရှင်သင်ပညာရေးကျောင်းကို  ဟင်္သာတမြို့၌ ၂၀၀၆ ခုနှစ်ကတည်းက စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၁၁ နှစ် သက်တမ်းရှိပြီဖြစ်ကာ နှစ်စဉ် တိုင်းရင်းသားဒေသများမှ လာရောက်ပညာသင်ကြားသည့် ကျောင်းသားကလေးငယ်များကို စောင့်ရှောက်မှုပေးနေသည့်နေရာ တစ်ခုဖြစ်သည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment