မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင် လူသတ်မှုမှ ကျူးလွန်သူအား ကိုးလကျော် ကြာမြင့်သည် အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း၊ ဖိအားပေး ဖော်ထုတ်ခိုင်းပါက အပြစ်မရှိသူကို စွပ်စွဲခြင်းမျိုး ဖြစ်လာမည်ကို စိုးရိမ်သည်ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဇွန်လ ၂ ရက်တွင် The Ladies သို့ပြောသည်။
“လေးလောင်းပြိုင်က ဘာမှမထူးဘူး။ ကျွန်တော်တို့ကိုလည်း ဘာမှ ထပ်ပြီး အကြောင်းကြားတာလည်း မရှိဘူး၊ အရင်ကလည်း ကျွန်တော်ပြောပါတယ်၊ ဒီဟာစပြီး စုံစမ်းစစ်ဆေး ကတည်းက ရဲတပ်ဖွဲ့က အမှားအယွင်းတွေ အများကြီး လုပ်တော့ အခုအချိန်ကျမှ ပေါ်ဖို့က သိပ်မလွယ်တော့ဘူး ပေါ့။ ကျွန်တော်တို့ကတော့ ဖိအားပေးပြီးတော့ ဒါကြီးကို စစ်ဆေးပါ မစစ်ဆေးရင် ဘယ်လိုဆိုရင် အပြစ်မရှိတဲ့သူကို သူတို့က စွပ်စွဲတာမျိုးတွေ ဖြစ်လာမှာကို စိုးရိမ်တယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ကလည်း ဘာမှ ဖိအားပေးတာမျိုး မလုပ်တာ” ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ် ၂၀ ရက် နံနက် ၆ နာရီတွင် မင်္ဂလာဒုံမြို့ နယ် ထောက်ကြန့်၊ ပတ္တမြားမြို့သစ်၊ မြအေးချမ်းလမ်းသွယ် (၂)၊ န၀ရတ် လမ်းထောင့် နေအိမ်တွင် ရဲအရာရှိဟောင်း ကိုစိုးနောင် အပါအ၀င် မိသားစု ၀င်လေးဦး ဓားထိုးဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါလေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ) ၅၀၃/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“ဒီဟာမျိုးနောက် ဒါမျိုးမဖြစ်အောင်သာပေါ့။ သာကေတ ကိစ္စမျိုးမှာလည်း မဖြစ်နိုင်တာချည်းကို ကောက်ချက် ဆွဲတာလို့ လူတွေက ပြောနေကြတယ်။ အဲ့ဒါက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတာ။ ကျွန်တော်တစ်မြို့နယ် ထဲ ဖြစ်နေတာ မဟုတ်ဘူးလေ။ ရဲတပ်ဖွဲ့တွေရဲ့ မပြည့်စုံတဲ့ အင်အား အခြေအနေပေါ့” ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။
သာကေတမြို့နယ်တွင် ဇွန်လ ၁ ရက်က ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍လည်း ရဲတပ်ဖွဲ့က သေဆုံးသူ VICTOR RAJ သည် ဇနီးဖြစ်သူအား သတ်ပြီးနောက် ၎င်းကိုယ်တိုင်လည်း မိမိကိုယ်မိမိ သတ်သေခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဇော်မင်းထွန်း
The Ladies News
No comments:
Post a Comment