Tuesday, June 27, 2017
ချောင်းသာကမ်းခြေရှိ အခွန်ကင်းလွတ်နေသည့် တည်းခိုခန်းများအား အခွန်ကောက်ခံနိုင်ရေး တိုင်းအစိုးရမှ စီမံဆောင်ရွက်သွားမည်ဟု စည်ပင်သာယာရေးဝန်ကြီးပြောကြား
ချောင်းသာကမ်းခြေရှိ အခွန်ကင်းလွတ်နေသည့် တည်းခိုခန်းများအား အခွန်ကောက်ခံနိုင်ရေး တိုင်းအစိုးရမှ စီမံဆောင်ရွက်သွားမည်ဟု စည်ပင်သာယာရေးဝန်ကြီးပြောကြား
ဟင်္သာတ ဇွန် ၂၆
ချောင်းသာကမ်းခြေရှိ အခွန်ကင်းလွတ်နေသည့် တည်းခိုခန်းများအား အခွန်ကောက်ခံနိုင်ရေး တိုင်းအစိုးရမှ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ၀န်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
ချောင်းသာကမ်းခြေရှိ တရားမ၀င်တည်းခိုခန်းများကို တိုင်းအစိုးရမှ စီမံကြီးကြပ်မည့် အခြေ အနေနှင့်ပတ်သက်၍ သိလိုကြောင်း The Daily Eleven သတင်းစာ၏ မေးမြန်းချက်အား ၀န်ကြီးက တိုင်းအစိုးရအဖွဲ့ရုံး၌
ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ချောင်းသာမှာ အုန်းတောဆိုတာ ယခင်က န.တ.ခ ကနေ သိမ်းထားတဲ့လယ်မြေဖြစ်တယ်။ အခုကျတော့ န.တ.ခ ကနေ ပြန်လည်စွန့်လွှတ်ပါမယ်လို့လည်း သတင်းထွက်တယ်။ အဲဒီ့အုန်းတော ထဲမှာ တည်းခိုခန်းလေးတွေ ၂၀ ကျော်ဆောက်ထားတယ်။ အဲဒီ့ဆောက်ထားတဲ့ ၂၀ ကျော်ကို စည်ပင် ကလည်း ခွင့်ပြုထားတာမဟုတ်ဘူး။ ဟိုတယ်/ခရီးကလည်း ခွင့်ပြုထားတာမဟုတ်ဘူး။ သူတို့ဟာ သူတို့ပဲ ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတဲ့တည်းခိုခန်းတွေဖြစ်နေတဲ့အတွက် ဟိုတယ်/ခရီးကလည်း အခွန်ကောက်မရဘူး။ စည်ပင်သာယာကလည်းပဲ အခွန်ကောက်မရဘဲနဲ့ အခွန်ဆုံးရှူံးနေတဲ့လုပ်ငန်း တွေဖြစ်နေတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြား သည်။
ငွေဆောင်နှင့် ချောင်းသာသို့ ဟိုတယ်/ခရီး ပြည်ထောင်စုဝန်ကြီး ယခုနှစ်အတွင်း လာရောက်ခဲ့ စဉ်က အခွန်ကင်းလွတ်နေသည့် တည်းခိုခန်းများကို အခွန်ရရှိသည့် တည်းခိုခန်းများအဖြစ် တရားဝင်ဖြစ်လာအောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားမှုရှိခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်အနေဖြင့်လည်း ပြည်ထောင်စုအဆင့်အစည်းအဝေး၌ တင်ပြထားမှုလည်းရှိကြောင်း ၀န်ကြီးက ပြောကြားသည်။
“ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ရော၊ ဟိုတယ်/ခရီးနဲ့ပတ်သက်တဲ့ ၀န်ကြီးဌာန အနေနဲ့ရော ဒီတရားမ၀င်ဖြစ်နေတဲ့တည်းခိုခန်းတွေကို တရားဝင်တည်းခိုခန်းများဖြစ်အောင် သူတို့ရဲ့ မြေပိုင်ဆိုင်မှုကို အရင်ဆုံး တရားဝင်ပိုင်ဆိုင်မှုဖြစ်အောင် ဆောင်ရွက်ပေးရမယ်။ အဲလို ဆောင်ရွက် ပေးရမယ့်နေရာမှာ ဘာတွေလိုလာလဲဆိုတော့ န.တ.ခကနေပြီးတော့ န.တ.ခပိုင်မြေအဖြစ်ကနေ စွန့်လွှတ်ပြီးတော့ မူလပိုင်ရှင်တွေရဲ့ လက်ထဲကို ပြန်လည်လွှဲပြောင်းပေးတဲ့ လွှဲပြောင်းမှုတွေ တရားဝင် ဖြစ်အောင် အရင်ဆုံးလုပ်ရမယ်”ဟု ၀န်ကြီး ဦးကျော်မြင့်က ဆက်လက်ပြောကြားသည်။
အဆိုပါမြေများကို နတ.ခမှ စွန့်လွှတ်ပြီး မူလပိုင်ရှင်များလက်ဝယ် တရားဝင်ပြန်လည်ရရှိသည့် အခါမှ တရားဝင်မြေပိုင်ဆိုင်မှုများဖြင့် တည်းခိုခန်းမှတ်ပုံတင်နိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာဌာနမှလည်း အခွန်အကောက်များ ရရှိမည်ဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။
“တရားဝင်ဖြစ်အောင်လုပ်မယ်ဆိုရင် သက်ဆိုင်ရာဌာနတွေဖြစ်တဲ့ နယ်စပ်ဒေသနှင့် လုံခြုံရေး ၀န်ကြီးဌာနရယ်၊ စွန့်လွှတ်မယ်ဆိုတဲ့ န.တ.ဆရယ်၊ မူလပိုင်ဆိုင်ရှင်တွေနဲ့ပါချိတ်ဆက်ပြီးတော့ မြေစာရင်းဦးစီးဌာနပါ ချိတ်ဆက်ရဦးမယ်၊ လယ်စီအင်းပေါ့ အခုတော့။ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန။ အဲဒီ့ဌာနတွေနဲ့ချိတ်ဆက်ပြီး ညှိနှိုင်းဆောင်ရွက်လိုက်တော့မှ တရားဝင် ဟိုတယ်တွေ၊ တည်းခိုခန်းတွေဖြစ်လာပြီး တရားဝင်အခွန်အကောက်တွေရလာမှာဖြစ်ပါတယ်”ဟု ၀န်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးရှိ အပန်းဖြေကမ်းခြေတို့၌ တရားမ၀င် တည်းခိုခန်းများ ရှိနေခြင်းကြောင့် ပြည်တွင်းပြည်ပခရီးသွားများ ၀င်ရောက်မှု စာရင်းမှန်ပြုစုနိုင်ရေး အခက်အခဲများ လည်းရှိနေသဖြင့် ဧရာဝတီတိုင်းအစိုးရမှ လိုအပ်သည့်လမ်းညွှန်ချက်များချမှတ်ကာ စီမံကြီးကြပ်နိုင်ရန် တိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှလည်း တင်ပြထားမှုရှိကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)
ချောင်းသာကမ်းခြေရှိ အခွန်ကင်းလွတ်နေသည့် တည်းခိုခန်းများအား အခွန်ကောက်ခံနိုင်ရေး တိုင်းအစိုးရမှ စီမံဆောင်ရွက်သွားမည်ဟု စည်ပင်သာယာရေးဝန်ကြီးပြောကြား
Reviewed by timeayeyar
on
12:54 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment