Latest News

Thursday, June 1, 2017

မိုးထဲရေထဲက ဘ၀တွေ

မိုးထဲရေထဲက ဘ၀တွေ

အခုရက်ပိုင်း မိုးက ခပ်စိပ်စိပ်လေး ရွာနေသည်။ တစ်နွေလုံး ကျောကော့အောင် အပူဒဏ်ခံခဲ့ရသမျှ အခုမှ အနည်းငယ် နေသာထိုင်သာ ရှိသွားသည်။ သို့သော် အခုမိုးက ခဏတာရွာသည့်မိုး။ မိုးလေ၀သသတင်းများအရ မုန်တိုင်းကြောင့် ရွာသည့်မိုးဟု သိရပါသည်။ သတင်းစာတွေထဲမှာလည်း ဖတ်ရသည်။ ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် မုန်တိုင်းဖြစ်ပေါ်ကာ မိုးရွာခြင်းဖြစ်သည်တဲ့။ မိတ်ဆွေတစ်ယောက်က ပြောသည်။ ‘မုန်တိုင်းကိုပဲ မျှော်ရမလိုဖြစ်နေပြီ’ တဲ့။ ‘ဘာလို့လဲ’ လို့မေးတော့ ‘မုန်တိုင်းရှိမှ မိုးရွာမယ်။ မိုးရွာမှ အပူသက်သာမယ်လေ’ တဲ့။ သြော်ဒါက ကိုယ်တွေက မုန်တိုင်းရဲ့ အဖျားသားနား လောက်မှာရှိလို့ မိုးရွာရုံသက်သက်ပဲ ခံစားရတာကိုး။ မုန်တိုင်းနှင့် အနီးဆုံးမှာရှိတဲ့သူတွေ။ ဥပမာ - ပင်လယ်ကမ်းစပ်နှင့် အနီးဆုံးလူတွေ ဘယ်လိုလုပ်ကြမလဲ။ သူတို့ခမျာ မိုးဒဏ်အပြင် လေဒဏ်ရေဒဏ်ပါ ပြင်းပြင်းထန်ထန် ခံစားနေကြရမှာ။ အချို့နေရာတွေ အမိုးတွေလန် အဆောက်အအုံတွေ ပြိုကျမိုးကြိုးပစ် ဒီကြားထဲ မီးပါလောင်လိုက်သေး။ ဆိုးလိုက်တဲ့ဘ၀တွေ။

ကျွန်တော်ကတော့ မိမိနေရာလေး မိုးစိုရုံမျှသက်သက်နှင့်တော့ သူများတွေ ဒုက္ခရောက်စေမည့် မုန်တိုင်းကို မမျှော်ချင်ပါ။ မုန်တိုင်းကြောင့်မဟုတ်ဘဲ သဘာဝကြောင့် ရွာသည့်မိုးကိုသာ မျှော်လင့်စောင့်စားချင်ပါသည်။ ရွာသည့်အခါမှာလည်း လျှပ်စီးတွေ လျှပ်မိုးကြိုးတွေပစ် လေပြင်းတွေရိုက်ခတ်သည့် ပုံစံမျိုးနှင့် ရွာသွန်းမဖြိုးစေချင်ပါ။ ကမ္ဘာမြေကို အေးမြစိမ်းလန်းစေရုံမျှသာ ရွာသွန်းစေချင်လှပါသည်။ ကျွန်တော်စိတ်ကူးယဉ်များ ဆန်သွားလေသလား။ ‘လူ့အလို နတ်မလိုက်နိုင်’ တဲ့။ ကျွန်တော့်အလိုကို မိုးမင်းကြီးက လိုက်လျောနိုင်ပါ့မလား။ မည်သို့ဆိုစေ မိုးနတ်မင်းကိုတော့ ၀ပ်တွားခယ တောင်းပန်စကား ဆိုပါရစေ။ သို့သော် ကျွန်တော့်ထက်ဦးစွာ တောင်းပန်ထားသူက ရှိနှင့်နေချေပြီ။

သူက ဂီတပညာရှင် စန္ဒရားလှထွဋ်ပင် ဖြစ်ပါသည်။ သူက မိုးနတ်မင်းကို သီချင်းလေးတစ်ပုဒ်နှင့် တောင်းပန်ထားပါသည်။ အဆိုပါသီချင်းကို တော်တော်များများ ကြားဖူးမည်ဟု ကျွန်တော်ထင်ပါသည်။ သီချင်းရဲ့ အစပိုဒ်လေးကို နားထောင်ကြည့်ရအောင်လား။ ဘာတဲ့ ...
မှိုင်းမှုန်ပြာဝေ ... တိမ်မည်းညိုရိပ်တွေ တောင်ပျံဝေ ... တပ်လှန့်နှိုး နိုးကြွလာပြီလေ ... တဖြည်းဖြည်း လာချေပြီလေ ... ပင်လယ်တွေ ဖြတ်သန်း ရိုးမပေါ်လွှားကျော်ကာလေ ... သို့ချစ်မိတ်ဆွေတို့ မြန်မာနိုင်ငံပြည် ... လက်ဆောင်ပါးတဲ့ မိုးပုလဲပန်းတွေရွာပါစေ ... အေးအေးချမ်းချမ်းရွာပါစေ ... ဆည်မြောင်းချောင်းကန် ပြည့်လျှံတိုးအောင် မိုးလုံးသည်းတမျှ ... မရွာစေချင်ပါပေ ... ဆည်မြောင်းချောင်းကန် အသင့်မှန်ဖြိုးအောင် ... မိုးလုံးပုလဲအလှ ရွာစေချင်ပါပေ ...

သြော် ဆည်မြောင်းချောင်းကန် ပြည့်လျှံတိုးအောင် မိုးလုံးသည်းတမျှ မရွာစေချင်ပါပေ ... တဲ့။ ကျွန်တော်ခုလို မိုးတွေ သဲသဲမဲမဲ ရွာလာသည့် အချိန်မျိုးဆိုလျှင် ‘မိုးထဲရေထဲ’ ဟူသည့် စကားလုံးကို သတိရလိုက်မိသည်။ မြန်မာလူမျိုးတွေ အဆိုပါ စကားလုံးကို မည်သည့်အချိန်အခါ အခြေအနေမျိုးတွင် သုံးစွဲလေ့ရှိပါသနည်း။ အခက်အခဲ အကျပ်အတည်း (သို့မဟုတ်) ပြဿနာတစ်ခုခု ကြုံနေရသည့်အခါမျိုး၊ အင်တိုက်အားတိုက် ကျားကုပ်ကျားခဲ ကြိုးစားရုန်းကန်နေရသည့် အချိန်မျိုးတွင် ‘မိုးထဲရေထဲတော့ ရောက်နေပြီဟေ့’ ဟု ပြောဆိုလေ့ရှိကြသည် မဟုတ်ပါလား။ အထူးသဖြင့် ဘောလုံးပွဲများတွင် အပြိုင်အဆိုင် သူတင်ကိုယ်တင် ယှဉ်ပြိုင်နေရသည့် အခါမျိုးတွင် ထိုစကားလုံးကို တင်စားသည့် သဘောမျိုး သုံးစွဲတတ်ကြပါသည်။ ‘မိုးထဲရေထဲ’ ဟူသည့် စကားလုံး၏နောက်ကွယ်မှာ အခက်အခဲတွေ၊ ပြဿနာတွေ၊ ပင်ပန်းဆင်းရဲခြင်းတွေ ကြိုးစားရုန်းကန်ရခြင်း အနက်အဓိပ္ပာယ်တွေ ဖြာထွက်နေသည်ဟု ထင်ပါသည်။

တကယ်တော့ ဆင်းရဲသူဆင်းရဲသားတွေ၏ ဘ၀က ‘မိုးထဲရေထဲ’ ကျရောက်နေသည့် ဘ၀တွေပါပဲ။ သူတို့အဖြစ်က မိုးရွာပြီဆိုသည်နှင့် ရေပါပူးတွဲလိုက်ပါလာသည့်အဖြစ်။ မိုးသဲသဲမဲမဲ ရွာနေချိန်မှာ ရေတွေလျှံတက်နေသည့် လမ်းပေါ်၌ ခရီးသည်ပါလာသည့် ဆိုက်ကားကို မနင်းနိုင်တော့လို့ ရေထဲဆင်းကာ ခက်ခက်ခဲခဲတွန်းနေရသည့် ဆိုက်ကားဆရာတစ်ယောက်၏ ရုပ်ပုံလွှာကို မျက်လုံးထဲ မြင်ယောင်ကြည့်လိုက်မည်ဆိုလျှင် ‘မိုးထဲရေထဲ’ ဟူသည့်စကားလုံးကို ပို၍အဓိပ္ပာယ် ပေါက်လာနိုင်ပါသည်။ အဆိုပါ ဆိုက်ကားဆရာအတွက် ‘မိုးထဲရေထဲ’ သည် လောကဓံ။ ဘ၀တိုက်ပွဲ။ ခါးသီးသော အတွေ့အကြုံ။ ရက်စက်သည့် ကံကြမ္မာ။

တစ်ခါတစ်ရံ မိုးတွေသည်းထန်စွာရွာနေသည့် ညဦးပိုင်းအချိန်။ အိပ်ရာထဲမှာ စာအုပ်တစ်အုပ်နှင့် ကျွန်တော် တွေးနေသည့် အချိန်။ ထိုအချိန်မျိုးမှာ မိုးသံတွေနှင့် ရောနှောကာ ‘မုန့်ဖက်ထုပ်’ ဟူသည့်အသံလေးကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ ‘မုန့်ဖက်ထုပ်’ ဟူသည့်အသံက မိုးရေတွေနှင့်စိုနေသလို မုန့်ဖက်ထုပ်သည်လည်း မိုးရေတွေနှင့်ရွှဲစိုနေမှာ သေချာပါသည်။ သူ့တောင်းထဲက မုန့်ဖက်ထုပ်လေးတွေ လုံလုံခြုံခြုံ ထားနိုင်ခဲ့သော်လည်း သူ့တစ်ကိုယ်လုံးကိုတော့ မိုးမစိုအောင် လုံလုံခြုံခြုံမထားနိုင်ရှာပါ။ သူ့တစ်ဘ၀လုံးလည်း ရွှဲရွှဲစိုလို့ ... ။ ထိုမြင်ကွင်းကို စိတ်ကူးနှင့် ပုံဖော်ကြည့်မိသည့် အခါမျိုးမှာလည်း ‘မိုးထဲရေထဲ’ ဟူသည့်စကားလုံးကို သတိရသွားပြန်ပါသည်။ သြော် မိုးထဲရေထဲက ဘ၀တွေပါလား။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မိုးထဲရေထဲက ဘ၀တွေ တော်တော်များပါသည်။ ပြောရလျှင် ကျွန်တော်တို့ ပတ်ဝန်းကျင်ကိုယ်၌က မိုးထဲရေထဲကျရောက်နေသည့် ပတ်ဝန်းကျင် မဟုတ်ပါလား။ အဆိုပါပတ်ဝန်းကျင်မှ လူများသည် မိုးထဲရေထဲမှ ပြန်တက်နိုင်ဖို့ မိုးထဲရေထဲမှာ ရုန်းကန်နေကြဆဲ။ သူတို့၏ မျှော်လင့်ချက်က မိုးထဲရေထဲမှ ရုန်းထွက်နိုင်ဖို့ ဖြစ်သည်။ တစ်ခါတုန်းက ရေးဖော်စာရေး ဆရာတစ်ဦးပြောဖူးတာ မှတ်မိသေးသည်။ ‘ကျွန်တော်ရေးတဲ့ ဆောင်းပါးတွေကို ကျွန်တော့်သားက ဝေဖန်တယ်။ ဖေကြီးရေးလိုက်ရင် မျှော်လင့်ချက်ထဲကကို မထွက်တော့ဘူး’ တဲ့။ ထိုစဉ်ကတော့ မိတ်ဆွေရေးဖော်၏ စကားကို သဘောကျကာ ရယ်မောလိုက်မိပါသည်။ ပြီးမှပြန်စဉ်းစားကြည့်သည်။

ဟုတ်ပါသည်။ ကျွန်တော်တို့အားလုံး မျှော်လင့်ချက်ထဲမှ ရုန်းမထွက်နိုင်ကြသေးပါ။ မျှော်လင့်ချက်ထဲမှ ရုန်းထွက်နိုင်သောနေ့သည် မျှော်လင့်နေသည့်အတိုင်း တကယ်လက်တွေ့ဖြစ်လာမည့် နေ့ပါပဲ။ မျှော်လင့်သည့်အတိုင်း ဖြစ်မလာသရွေ့ မျှော်လင့်နေရဦးမည် မဟုတ်ပါလား
မျှော်လင့်သည်ဆိုသည့် နေရာမှာလည်း သက်သောင့်သက်သာ မျှော်နေရတာလား၊ မသက်မသာ မျှော်နေရတာလားဆိုသည့် ကိစ္စကလည်း ရှိသေးသည်။ သက်သောင့်သက် သာမျှော်နေရသူအဖို့ မျှော်သလိုဖြစ်မလာသေးလည်း ကိစ္စမရှိ။ သို့သော် မသက်မသာ မျှော်နေရသူအဖို့တော့ မျှော်သည့်အတိုင်း မြန်မြန်ဖြစ်လာဖို့ အရေးကြီးပါသည်။ သူ့ခမျာ မသက်မသာ စောင့်မျှော်နေရရှာတာကိုး။ အခုဖြစ်နေပုံကလည်း ထို့အတူပါပဲ။ ကျွန်တော်တို့သည် ‘မိုးထဲရေထဲ’ မှနေ၍ တစ်စုံတစ်ခုကို မျှော်လင့်စောင့်စားနေရခြင်း ဖြစ်သည်။ ကြည့်လေ မိုးကလည်း ရွာနေသည်။ ရေကလည်း တက်လာပြီ။ ဒီကြားထဲလေက ပါတိုက်လိုက်သေးသည်။ ထိုကဲ့သို့သော အခြေအနေတွေကြားထဲမှာ မျက်ကလဲဆန်ပြာ ချွေးတလုံးလုံးနှင့် အသည်းအသန် ရုန်းကန်နေကြရသည်။ တစ်ခါတစ်ခါ လျှပ်စီးတွေက ၀င်းခနဲ လက်လာလိုက်၊ မိုးကြိုးကလည်း ဒိုင်းခနဲပစ်လိုက်သေးသည်။

ဤနေရာတွင် အကြောင်းတိုက်ဆိုင်လာသောကြောင့် ဗုဒ္ဓမြတ်စွာဟောကြားသည့် ‘ဥပမာစကားတစ်ခွန်း’ ကို ပြန်ပြောပြချင်ပါသည်။ ‘ဥပမာ ရင်ဝမှာ မြားစိုက်နေတဲ့ လူတစ်ယောက်ကို တွေ့ပြီဆိုပါတော့။ အဲဒီအခါမျိုးမှာ စိုက်ဝင်နေတဲ့မြားကို မြန်မြန်ဆွဲထုတ်လိုက်ဖို့က အရေးကြီးဆုံးအလုပ်လား။ ဒါမှမဟုတ် မြားကို ဆွဲမထုတ်သေးဘဲ ဒီမြားက ဘာနဲ့လုပ်ထားတာလဲ။ ဒီမြားမှာ ဘာအဆိပ်လူးထားတာလဲ။ ဘယ်သူက ပစ်လိုက်တာလဲ။ အဲဒီပစ်လိုက်သူက ယောက်ျားလား၊ မိန်းမလား။ သူဌေးသူကြွယ်လား။ ဆင်းရဲသားလား စသည်ဖြင့် မေးခွန်းတွေမေးပြီး စုံစမ်းစစ်ဆေးဖို့က အရေးကြီးဆုံးအလုပ်လား။ ဘယ်အလုပ်ကို အရင်ဆုံးလုပ်သင့်လဲ’ ... တဲ့။ ဗုဒ္ဓကတော့ မြားပစ်သူနှင့် မြားအကြောင်းထက်မြားကို အမြန်ဆုံးဆွဲထုတ်ဖို့က အရေးကြီးဆုံးဟု ဟောကြားတော်မူခဲ့ပါသည်။

အခုလည်း ကျွန်တော်တို့ဆင်းရဲသူ ဆင်းရဲသားတွေ ‘မိုးထဲရေထဲ’ မှာ နစ်မြုပ်နေတာ ကြာပါပြီ။ ထိုအချိန်မျိုးမှာ ‘မိုးထဲရေထဲ’ မှ မြန်မြန်ရုန်းထွက်နိုင်အောင် ကူညီဆောင်ရွက်ပေးဖို့က အရေးကြီးဆုံးပါပဲ။ ကြည့်လေ အချို့များ ‘မိုးထဲရေထဲ’ ဘယ်လောက်ကြာနေသလဲဆို နှုတ်ခမ်းလေးတွေပြာ၊ မေးတဆတ်ဆတ်ရိုက် ခိုက်ခိုက်တုန်အောင် ချမ်းရှာလွန်းလို့ ခမျာများမှာ မျက်လုံးလေး ကလယ်ကလယ်နှင့်။ သြော် မိုးထဲရေထဲက ဘ၀တွေ။

Eleven Media Group

No comments:

Post a Comment