Latest News

Tuesday, June 13, 2017

ဝမှာ မကြောက်ပါနဲ့မလှမပ ဖြစ်မှာကိုပဲ စိုးရိမ်ပါ

ဝမှာ မကြောက်ပါနဲ့မလှမပ ဖြစ်မှာကိုပဲ စိုးရိမ်ပါ

ကျွန်မတို့ အမျိုးသမီးတွေရဲ့ စိုးရိမ်စိတ်မှာ ၀မှာ၊ ၀တာကို မထိန်းချုပ်နိုင်မှာကို စိုးရွံ့ကြတာများတယ်။ ဒါကလည်း လှတယ်ဆိုတဲ့ သူတွေအများစုက ကိုယ်လုံးကိုယ်ပေါက် ပိန်ပိန်ပါးပါးနဲ့ဆိုသူတွေကို ပုံဖော်ကြတော့ ၀တဲ့သူဆိုရင် စိတ်ထဲကနေ သိပ်မလှသလို မြင်ကြတာလည်း ပါပါတယ်။

ပိန်ချင်လို့ညစာ လုံးဝ မစားဘဲနဲ့အငတ်ခံတဲ့ အမျိုးသမီးတွေ ရှိတာကို ကြားရတော့စိတ်မသက်မသာဖြစ်မိပါတယ်။ ပိန်မှ လှတယ်လို့ ဘာကြောင့်ထင်သလဲ လို့လည်း စဉ်းစားမိပါတယ်။

အလုပ်လည်း လုပ်နေသေးတယ် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစာအဟာရကိုလည်း တစ်နေ့သုံးကြိမ် ပြည့်အောင် မဖြည့်ပေးနိုင်ဘူးဆိုရင် ညစာ လျော့စားနေတဲ့ ထမင်းတစ်နပ် လျော့စားနေတဲ့ အမျိုးသမီးဟာ သိပ်မကြာခင်မှာ ကျန်းမာရေးကို ထိခိုက်လာတော့မှာပါ။

ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကတော့ ပိန်ချင်တာတွေ ၀ချင်တာတွေ မသိပါဘူး။ သူ့အချိန်နဲ့သူ အလုပ်လုပ်နေကြတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လုပ်ဆောင်ချက်ဟာ ခန္ဓာကိုယ်ကို သွားပြီး သက်ရောက်မှာပါပဲ။ ဒါကြောင့် စားသင့်တာ မစားဘူးဆိုရင် နပ်မှန်အောင် မစားဘူး ဆိုရင် အရင်ဆုံး ထိခိုက်မှာက ကျန်းမာရေးကိုပါ။

တကယ်လှတဲ့ သူဆိုတာ ကျန်းမာမှ လှတာပါ။ ဒီနေ့ခေတ်မှာ PQ  လို့ခေါ်တဲ့ Physical Intelligence က အရေးပါတဲ့ကဏ္ဍာမှာ ရှိနေပါတယ်။ လူတိုင်း ကျန်းမာမှ အလုပ်လုပ်ပြီး ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ဘ၀ကို ရရှိနိုင်တာပါ။ မကျန်းမာရင် ဘာမှ မလုပ်နိုင်၊ မခံစားနိုင်တဲ့အတွက် ကျန်းမာအောင် ပြုစုပျိုးထောင်လေ့ကျင့်ရမယ်၊ ကျန်းမာရေး အသိရှိရပါတယ်။

ကျွန်မအနေနဲ့ ပိန်ချင်လို့ညစာ မစားဘူး ဆိုတဲ့နေ့ တစ်နေ့မှမရှိခဲ့ပါဘူး။
ဥပုဒ်ယူလို့သာ ညစာ မစားဘဲနေပါတယ်။ ပိန်ချင်လို့ ညစာ မစားတာမျိုး၊ ပိန်ချင်လို့ထမင်းတစ်နပ်လျော့စားတာမျိုးတော့ မလုပ်ပါဘူး။

ညဘက်မှာ အစာချေဖျက်နိုင်မှုအားနည်းတဲ့အတွက် အမာစာတွေ ချဘက်မစားတာမျိုးပဲ ထိန်းသိမ်းပါတယ်။

အသက် ၄၀ကျော်လာလို့ အဆီပိုတွေ အထိုင်များလို့ အဆီတွေ စုလာပေမဲ့ ပိန်ဆေးလည်း မစားဘူးပါဖူးသလို ပိန်ပို့လည်း မကြိုးစားပါဘူး။ဒါပေမဲ့အဆီပိုတွေ မရှိဖို့ကိုတော့ ကြိုးစားပါတယ်။

ကျွန်မကတော့ပိန်မှ လှတယ်လို့ ယူဆတဲ့သူ မဟုတ်ပါဘူး။ ၀၀လေးနဲ့ စိုစိုပြေပြေလေး ဖြစ်နေရင်လည်း ကျန်းမာလှပတယ်ဆိုတဲ့ အမြင်ကို ရရှိစေတဲ့အတွက် သဘောကျနှစ်ခြိုက်ပါတယ်။

ကျွန်မကတော့အမျိုးသမီးတစ်ယောက်ဟာ သူရှိသင့်တဲ့ ခန္ဓာကိုယ်အချိုးကျနေရင် လှတယ်လို့မြင်တဲ့သူပါ။

ပိန်တဲ့ အမျိုးသမီးထက် ကျစ်ကျစ်လစ်လစ်နဲ့သန်မာတဲ့အမျိုးသမီးကို ပိုသဘောကျပါတယ်။
ပြားကပ်ကပ်ထက် သင့်တင့်လျောက်ပတ်တဲ့ကိုယ်အလေးချိန်နဲ့ ကျန်းမာနေတဲ့ အမျိုးသမီးကို ပိုသဘောကျပါတယ်။

တကယ်ပဲ အပေါ်ယံကြည့်ကောင်းတဲ့အလှအပထက် ခန္ဓာကိုယ်တွင်းမှာ တကယ်ကောင်းမွန်စေတဲ့လုပ်ရပ်တွေကိုပဲ  ကျွန်မ အားပေးပါတယ်။

ကျွန်မတို့က လှချင်လို့မိတ်ကပ်တွေ လိမ်းပေမဲ့တကယ်တမ်း ခန္ဓာကိုယ်က မကျန်းမာလို့အသားအရည်ခြောက်သွေ့နေရင်လည်း မိတ်ကပ်က ခြောက်သွေ့မှုကို မဖုံးထားနိုင်ပါဘူး။

ကျွန်မနေ့စဉ်လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာကလည်း အဓိက ရည်ရွယ်ချက်က ကျန်းမာဖို့ပါ။ ကျန်းမာဖို့အတွက်  ရေမချိုးခင်မှာ လေ့ကျင့်ခန်းလုပ်ပါတယ်။ အသက် ၄၀ကျော်လာတဲ့အတွက် အစာခြေဖျက်ဖို့ ခက်ခဲတဲ့ အဆီအဆိမ့်တွေ လျော့စားတာလည်း ကျန်းမာဖို့အတွက်ပါပဲ။ အဲဒီလို Attitude နဲ့ ပဲ လက်ခံထားပါတယ်ရှင်။

တစ်နေ့တာအတွက် လိုအပ်တဲ့ ရေ များများ သောက်ပေးတာ၊ အစာအာဟာရ ဖြစ်အောင် စနစ်တကျ စားသောက်တာ၊ အိပ်ရေးဝအောင် ဂရုတစိုက်နဲ့ အိပ်တာ၊  တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်တာ၊ အလုပ်များနေချိန်မှာတောင် ၁၀ မိနစ်လောက် အားလပ်ချိန်ယူပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်တာ၊ နေ့စဉ်မှန်မှန် လေ့ကျင့်ခန်းလုပ်တာ၊ နေ့စဉ်မှန်မှန် သမထ လုပ်တာ၊ စိတ်ကောင်းစေတနာကောင်းထားတာ၊ အပြုသဘောဆောင်တဲ့ အတွေးတွေကိုပဲ လက်ခံ ကျင့်သုံးတာတွေက ကျွန်မတို့တွေကို  ကျန်းမာစေသလို စိတ်ခွန်အားတစ်ရပ်လည်း ဖြစ်စေတဲ့အတွက် ဘ၀တွေကို လှပစေတဲ့ အရာတွေလို့ယုံကြည်လက်ခံထားပါတယ်ရှင်။

မကျန်းမာရင် မလှပနိုင်ပါဘူး။ မကျန်းမာရင် စိတ်ခွန်အားလည်း နည်းသွားတတ်ပါတယ်။ ဒါကြောင့်လှပဖို့ဆိုရင် ကျန်းမာဖို့က ပိုပြီး အဓိက ကျပါတယ်။ ဒါကြောင့် စိတ်ရော ကိုယ်ပါ ကျန်းမာနေမှသာလျှင် တကယ်လှတဲ့အလှနဲ့ လှပတဲ့ ဘ၀ကို ဖြစ်စေတာပါ။

မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment