Latest News

Saturday, June 3, 2017

ကျန်းမာဖို့ မိုးရာသီမှာ ကြိုတင်ကာကွယ်ထားရမယ့် အချက် ခုနစ်ချက်

ကျန်းမာဖို့ မိုးရာသီမှာ ကြိုတင်ကာကွယ်ထားရမယ့် အချက် ခုနစ်ချက်

နွေနေပူပူကနေ မုတ်သုံဝင်ပြီဆိုတာနဲ့ ရာသီအပြောင်းအလဲမှာ ဖျားနာတတ်ပါတယ်။ မိုးရာသီကို ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်ဖို့ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ထားရမယ့် အရေးကြီးတဲ့အချက် ခုနစ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

သန့်ရှင်းတဲ့ အစားအစာစားပါ

မိုးရာသီဟာ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်ကို ဒုက္ခပေးတဲ့ရာသီပဲ ဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရဖို့ လွယ်ကူတဲ့ ရာသီလည်း ဖြစ်ပါတယ်။ ရေကိုကျိုချက်သောက်ပါ။ ဝမ်းလျှောလွယ်တဲ့ ရာသီလည်းဖြစ်တာကြောင့် သစ်သီးဖျော်ရည် သောက်မယ်ဆိုရင်လည်း အမှည့်လွန်တဲ့ အသီးတွေကို မဖျော်ပါနဲ့။ အထူးသဖြင့် ချက်ပြုတ်မထားတဲ့ အသီးအနှံတွေကို အစိမ်းစားတာ၊ သုပ်စားတာ (လက်သုပ်စာ)ရှောင်ပါ။

ရေသောက်ပါ

ရာသီဥတု အေးတာကြောင့် ရေသောက်နည်းနိုင်ပါတယ်။ ရေသောက်တဲ့အခါ တစ်နေ့တာ သောက်ရမယ့် ရေပမာဏကို လုံလုံလောက်လောက် သောက်ပါ။ အာစွတ်ရုံမသောက်ပါနဲ့။ ရေလို့ဆိုတဲ့အထဲမှာ အချိုရည်၊ ကော်ဖီ၊ အရက်၊ ဘီယာစတာ တွေ မပါပါဘူး။ ရေနွေးကြမ်း သောက်တတ်ရင်လည်း သောက်နိုင်ပါတယ်။

မိုးရေထဲ လမ်းမလျှောက်ပါနဲ့

မိုးရေထဲမှာ လမ်းလျှောက်တာက စိတ်ကူးယဉ်ဆန်ပေမယ့် ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ခြေသည်းနဲ့ ခြေချောင်းလေးတွေကြား မှိုဖြစ်နိုင်ပြီး ခြေဝဲစားတာ၊ သဲဝဲစားတာ ဖြစ်စေနိုင်ပါတယ်။ မိုးရာသီမှာ ခြေအိတ်နဲ့ ရှုးဖိနပ်(ဖိနပ် အပိတ်)တွေက စိုနေတယ်ဆိုရင်လည်း ဒီအတိုင်း မနေပါနဲ့။ ခြေအေးဝမ်းရောင် ဆိုတဲ့အတိုင်း ဝမ်းလျှောတတ်တဲ့အတွက် နွေးနွေးထွေးထွေးမရှိတဲ့ ကြမ်းခင်းတွေမှာ နေထိုင်တာကိုလည်း သတိထားရပါမယ်။ ဆီးချိုရောဂါရှိတဲ့သူ အနေနဲ့လည်း အေးစက်တဲ့ ပတ်ဝန်းကျင် အနေအထားကို သတိထားရပါမယ်။ အဝတ်စိုနေခဲ့ရင်လည်း ချက်ချင်းလဲပါ။ လေအေးပေး စက်အောက်မှာ အဝတ်စိုနဲ့ မထိုင်ပါနဲ့။ မိုးတွင်းမှာ အပြင်သွားမယ်ဆိုရင် အဝတ်အပို တစ်စုံနဲ့ ခြေအိတ်တစ်စုံကို ဆောင်ထားသင့်သလို အလုပ်လုပ်သူတွေ အနေနဲ့လည်း ရုံးမှာ အပိုတစ်စုံထားထားသင့်ပါတယ်။

အိမ်တွင်းက အစိုပြန်တဲ့ နံရံတွေကို သန့်ရှင်းပါ

မိုးရာသီမှာ စိုစွတ်ပြီး အစိုပြန်တဲ့ နံရံတွေကို သန့်ရှင်းရေး လုပ်ပေးပါ။ အစိုပြန်ပြီး မှိုပေါက်တတ်တာကြောင့် ပန်းနာ ရပ်ကျပ်ရောဂါရှိသူနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့သူတဲ့သူတွေအတွက် အခက်အခဲ ဖြစ်စေနိုင်ပါတယ်။

ခြင်ဆေးဖျန်းပါ

မိုးရာသီမှာ မိုးရေဝပ်တတ်တဲ့နေရာတွေမှာ ခြင်ပေါက်နိုင်တာကြောင့် ခြင်ကြောင့်ဖြစ်တတ်တဲ့ရောဂါတွေရဲ့ အန္တရာယ်ကို သတိထားရပါမယ်။ နေ့လယ်နေ့ခင်း အိပ်ရင်တောင် ခြင်ထောင်နဲ့အိပ်ပါ။ ခြင်မကိုက်အောင် လူးဆေးလူးတာ၊ ခြင်ဆေးဖျန်းတာမျိုး လုပ်ထားသင့်ပါတယ်။

တစ်နေ့နှစ်ကြိမ်ရေချိုးပါ

ရာသီဥတုအေးလို့ဆိုပြီး ရေမချိုးတာမျိုးကို ရှောင်ပါ။ တစ်နေ့တာထွက်တဲ့ ချွေးတွေအပြင် စိုစွတ်ထားတာကြောင့် ခန္ဓာကိုယ်မှာ ပိုးမွှားတွေလည်း ကပ်ငြိနေနိုင်တာကြောင့် မနက်အပြင်မထွက်ခင် ရေချိုးသလို အပြင်က ပြန်လာတဲ့အခါမှာလည်း ရေချိုးပါ။ ကိုယ်ခံစွမ်းအား ပိုကောင်းအောင် ဗီတာမင်စီပါတဲ့ အားဆေး၊ အသီးဖျော်ရည်သောက်ပါ။

မျက်စိကိုမပွတ်ပါနဲ့

မိုးရာသီမှာ မျက်စိက ခြောက်သွေ့ယားယံပြီး အနာဖြစ်တတ်ပါတယ်။ ဂရုမစိုက်ဘဲ ပစ်ထားရင် မျက်စိကွယ်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ဖုန်း၊ ကွန်ပျူတာတို့ကို အချိန်ကြာကြာ ကြည့်တတ်သူအတွက် မျက်စိနီမြန်းတာ၊ ယားတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေအတွက် သက်ဆိုင်ရာ ဆရာဝန်နဲ့ပြသပါ။ အချိန်မဆွဲပါနဲ့။ ညစ်ပတ်နေတဲ့လက်နဲ့ မျက်စိကို ကိုင်တွယ်တာ ရှောင်ပါ။

Ref: https://www.rewardme.in
The Voice

No comments:

Post a Comment