သတင်းမီဒီယာများ ယခုကဲ့သို့ ရပ်တည်နိုင်ရေးအတွက် ၄င်းတို့ က အရင်ဆုံး ထောင်ကျခံပေးခဲ့ရကြောင်း ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား
သတင်းမီဒီယာကဏ္ဍ စတုတ္ထမဏ္ဍိုင်ကြီး တည်တံ့ခိုင်မြဲရေး၊ သတင်းမီဒီယာများ ယခုကဲ့သို့ ရပ်တည်နိုင်ရေးအတွက် ၄င်းတို့ က အရင်ဆုံး ထောင်ကျခံပေးခဲ့ရကြောင်း ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး၌ ဇွန်လ ၅ ရက်က ကျင်းပသော တိုင်းအစိုးရအဖွဲ့ ၏ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း သတင်းထုတ်ပြန်ပွဲ အခမ်းအနားတွင် မီဒီယာများအား ပြောကြားလိုက်ခြင်း ဖြစ်သည်။
” စိတ်မပူနဲ့ ကျွန်တော် ဖြေမှာပါ “ ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မီဒီယာသမားများ၏ အလုအယက်သတင်းမေးမြန်းမှုကို ကနဦးပြောကြားသည်။ ယင်းနောက်တွင် အပြောင်းအလဲကို မစိုးရိမ်ကြဘဲ ရဲရဲဝံ့ဝံ့ပြောင်းလဲကြရန်လိုကြောင်း၊ အပြောင်းအလဲကို လိုချင်သောကြောင့် NLD ကို မဲပေးခဲ့ခြင်း ဖြစ်ကြကြောင်း ဆက်လက်ပြောကြားသည်။
” ကျွန်တော်က အပြောင်းအလဲကို ရဲရဲဝံ့ဝံ့နဲ့ ဆက်လုပ်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်ဟာ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စနစ်အောက်မှာ ဒုက္ခသုက္ခတွေ ကြုံခဲ့ရတယ်။ အဲဒီအခြေအနေကနေ အပြောင်းအလဲကို ဆောင်ရွက်တဲ့နေရာမှာ သတင်းမီဒီယာတွေက ဘယ်လိုလိုက်ပါမလဲဆိုတဲ့ အခြေအနေကိုသာ ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့် အနေနဲ့ အနည်းငယ်ပြောပြချင်တဲ့အရာတစ်ခုကတော့ မီဒီယာဆိုတာ ဒေါသသိပ်ကြီးနေလို့ မရပါဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ အမှန်တရားအတွက် လူထုကိုလမ်းပြပေးဖို့ ပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ စတုတ္ထမဏ္ဍိုင်ကြီး တည်တံ့ခိုင်မြဲဆိုတာ၊ သတင်းမီဒီယာလောကကြီး အခုလိုရပ်တည်နိုင်ဖို့ အတွက် ကျွန်တော်တို့ က အရင်ဆုံး ထောင်ကျခံပြီး ဒီသတင်းမီဒီယာလမ်းကြောင်းလေးကို ပေါ်အောင်လုပ်ပေးခဲ့တာပါ။ အဲဒီအချိန်ကာလတုန်းက ဂျာနယ်တွေ၊ စာစောင်တွေဆိုတာမှာ နိုင်ငံရေးဆိုတာ မရှိသေးပါဘူး။ အဲဒီအတွက် အလကားရလာခဲ့တဲ့ အခွင့်အရေးတွေ မဟုတ်ဘူး။ ပေးဆပ်မှုအကြီးကြီးတွေနဲ့ အားလုံးထောင်နှုတ်ခမ်းပေါ်မှာ ဖြတ်ပြီးမှ ရခဲ့တဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ် “ ဟု ၀န်ကြီးချုပ်က ပြောသည်။
မီဒီယာများအား သတင်းမေးခွင့်ပေးမှုတွင်လည်း အားလုံးကို တစ်ကြိမ်တည်းစုပေါင်းမေးစေပြီးမှ အတိုချုံ့ ၍ ပြန်လည်ဖြေဆိုခြင်းမျိုး ပြုလုပ်ခဲ့ပြီး မေးထားသည့် မေးခွန်းများကို တည့်တည့် မဖြေသွားမှုအပေါ် မီဒီယာများက ၀ိုင်းဝန်း၍ တစ်ခွန်းပြီးတစ်ခွန်း ဆက်တိုက်မေးမြန်းမှုများလည်း ရှိခဲ့သည်။ သို့ သော်လည်း ၀န်ကြီးချုပ်က ၄င်း၏ဖြေကြားမှု မပြီးခင်ကတည်းက ဥရောပဧည့်သည်တစ်ဦးနှင့်တွေ့ ဆုံရန် ရှိသည်ဟု ပြောကြားခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲကို ရုတ်သိမ်းခဲ့သည်။ ယင်းကိုလည်း မီဒီယာများက မကျေမနပ်ဖြစ်နေကြကြောင်းလည်း သတင်းစာရှင်းလင်းပွဲအတွင်း၌ ပြောကြားကြသော စကားသံများအရ သိရသည်။
အေ၀ိုင်အီး၊ သီဟ
AkonThi
Friday, June 9, 2017
သတင်းမီဒီယာများ ယခုကဲ့သို့ ရပ်တည်နိုင်ရေးအတွက် ၄င်းတို့ က အရင်ဆုံး ထောင်ကျခံပေးခဲ့ရကြောင်း ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား
သတင်းမီဒီယာများ ယခုကဲ့သို့ ရပ်တည်နိုင်ရေးအတွက် ၄င်းတို့ က အရင်ဆုံး ထောင်ကျခံပေးခဲ့ရကြောင်း ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား
Reviewed by Ar Ti
on
10:04 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment