Latest News

Friday, June 30, 2017

ရခိုင်မှာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ တရားခံပြေး ၁၃၀၀ ကျော်ရှိ

ရခိုင်မှာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ တရားခံပြေး ၁၃၀၀ ကျော်ရှိ

ရခိုင်ပြည်နယ် မောင်တောခရိုင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နယ်ခြားစောင့် ရဲကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး လူကြီးတရားခံ ၅၁၆ ဦးနဲ့ ကလေးတရားခံ ၅ ဦးကို တရားစွဲဆိုခဲ့ပြီး တရားခံပြေးကတော့ လူပေါင်း ၁၃၀၀ ကျော်အထိရှိတယ်လို့ ရခိုင်ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်က ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

နိုင်ငံတော်ဒုတိယသမ္မတရဲ့ လမ်းညွှန်မှုနဲ့ အမှုတွေကို ဘူးသီးတောင်မြို့ပေါ်မှာ မောင်တောခရိုင်တရားရုံးအဖြစ် သီးသန့်ဖွင့်လှစ်ပြီး စစ်ဆေးနေတယ်လို့လည်း ပြည်နယ်တရားသူကြီးချုပ်က ပြောပါတယ်။

ရခိုင်ပြည်နယ်တရားလွှတ်တော်နဲ့ လက်အောက်တရားရုံးအဆင့်ဆင့်တို့ရဲ့ တရားစီရင်ရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်က တင်သွင်းခဲ့ရာမှာ ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

တရားစွဲဆိုထားတဲ့ ကလေးတရားခံတစ်ဦးက သေဆုံးခဲ့ပြီး အဲဒီအထဲက တချို့အမှုတွေက ပြီးပြတ်ပြီဖြစ်သလို တချို့အမှုတွေကိုတော့ ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ပြည်နယ်တရားသူကြီးချုပ် ဦးကျောက် ကပြောပါတယ်။

ဒါ့အပြင် အဲဒီအကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ တရားခံတချို့ကို မောင်တောခရိုင်၊ မောင်တောမြို့နယ်နဲ့ စစ်တွေခရိုင်၊ စစ်တွေမြို့နယ် တရားရုံးတွေမှာလည်း စစ်ဆေးနေတယ်လို့သိရပါတယ်။

Photo: Min Thein Aung/RFA

YBS နှင့် ပြဿနာ ဖြစ်ခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ မင်းမော်ကွန်း ပြော

YBS နှင့် ပြဿနာ ဖြစ်ခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ မင်းမော်ကွန်း ပြော

သရုပ်ဆောင်  မင်းမော်ကွန်း သည် ‘လျှာနဲ့ သွား’ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကား ကို ချောင်းသာ ကမ်းခြေ၌ သွားရောက်ရိုက်ကူး ပြီးနောက် ရန်ကုန် သို့ပြန်လာစဉ် ကားပိတ်ဆို့မှုကြောင့် ၎င်း၏ ကား နှင့် YBS ဘတ်စ်ကား တို့ ပြဿနာ ဖြစ်ခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ ၎င်း၏လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။ မင်းမော်ကွန်း က သည်းခံရ ပေါင်းများနေ၍ စည်းကမ်းရှိကြ ရန် ၎င်း၏လူမှုကွန်ရက်စာမျက် နှာတွင် ဇွန်လ ၂၄ ရက်က ရေးသားခဲ့သည်။

‘‘အဲဒါကတော့ဗျာ။ ကား တွေလည်း ပိတ်နေတာ တွေ့ရဲ့ သားနဲ့ နောက်ကနေ ဟွန်း တွေ အတင်းတီးတဲ့အခါကျတော့ ရှေ့ ကားက လူတွေကို တိုက်ရိုက်စော် ကားသလိုမျိုးဖြစ်တာပေါ့ဗျာ။ သူ ကလည်း ဆက်တိုက်ကြီးတောက် လျှောက်တီးနေတယ်။ ကား က လည်း ဖယ်ပေးလို့မရတဲ့အခြေအ နေမျိုးမှာ ဘယ်လိုမှလည်း လုပ်လို့ မရဘူး။ ကလေး တွေကလည်း ပါ တော့ သူ့ ဟွန်းသံ ကလည်း နောက်ကနေ ကပ်တီးတဲ့အတွက် နည်း နည်းနောနောအကျယ်ကြီးမှမ ဟုတ်တာ။ တော်တော်သည်းခံရ ပါတယ်’’ဟု ၎င်းက 7Day Daily သတင်းစာအား ပြောသည်။

အထူးသဖြင့် တစ်ဦး တည်းသွားရသော ခရီး ကိုလည်း ကိုယ်ပိုင်ကား ဖြင့်သာ သွားနေရ၍ လမ်းများကျပ်နေခြင်းဖြစ်ပြီး မြို့ ကြီးများဖြစ်သဖြင့် ဆိုင်ကယ် များ ပေးစီးသင့်ကြောင်းနှင့် ယာဉ်အန္တ ရာယ် ကို ထိန်းချုပ်လိုပါက ယာဉ် စည်းကမ်းကို ပြင်းပြင်းထန်ထန် တင်းကျပ်သင့်ကြောင်း မင်းမော်ကွန်း က အကြံပြုသည်။ အသက်(၃၈)နှစ်ရှိပြီဖြစ် သည့် မင်းမော်ကွန်းသည် သား၊ သမီးသုံးဦးနှင့်အတူ ပျော်ရွှင် စရာကောင်းသည့် မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသလို ယနေ့လက်ရှိအချိန်အတိုင်းအ တာအထိ ပရိသတ်များက အရွယ်တင်သည်ဟု ပြောသည့်အပေါ် စိတ်ခံစားချက်ကို ပြောကြား သည်။ ‘‘ကျွန်တော်ဘာမှကို မပြင် ဆင်ဖြစ်ဘူး။ ကျွန်တော့် လောက် ဘာမှ မလုပ်တဲ့သူ ကျွန်တော် ပဲရှိ မယ်ထင်တယ်။ ဆေးလိပ် လည်း သောက်တယ်။ ရှောင်တာမျိုး လည်းမရှိဘူး။ ပရိသတ်တွေက တော့ ဘယ်လိုကြောင့် ပြောကြလဲတော့ မပြောတတ်ပါဘူးဗျာ’’ဟု ၎င်းက ဆိုသည်။ Credit – 7Day Daily

မိဘမဲ့ တစ်ဦး တည်ထောင်ခဲ့တဲ့ Rolex နာရီ ကုမ္ပဏီ နောက်ကြောင်း

မိဘမဲ့ တစ်ဦး တည်ထောင်ခဲ့တဲ့ Rolex နာရီ ကုမ္ပဏီ နောက်ကြောင်


နာရီ အမှတ်တံဆိပ် Rolex ဟာ မသိသူ မရှိလောက်တဲ့ ကမ္ဘာ့အကျော်ကြားဆုံး နာရီ Luxury Brand တွေထဲက တစ်ခုဆိုတာ အံ့သြစရာ မဟုတ်သလို ယုံမှားသံသယဝင်စရာလည်း မရှိပါဘူး။ ဒါပေမဲ့ အဲဒီ အမှတ်တံဆိပ် နာမည် ဘယ်လိုဖြစ်လာတယ်၊ ဘယ်လိုလူမျိုးက ဒီလိုအမှတ်တံဆိပ်ကို စတင်ခဲ့တယ် ဆိုတာနဲ့ ကုမ္ပဏီဟာ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ရှေ့ဆက်သွားနေလဲဆိုတဲ့ နောက်ကြောင်းကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Rolex နာရီကုမ္ပဏီ တည်ထောင်သူဟာ မိဘတွေတောင် စုံစုံလင်လင် မရှိခဲ့တဲ့ မိဘမဲ့တစ်ယောက်ဖြစ်သူ Hans Wilsdorf ဖြစ်နေလို့ပါ။ သူဟာ ၁၈၈၁ ခုနှစ်၊ မတ် ၂၈ ရက်မှာ မွေးဖွားခဲ့ပြီး အမှန်တကယ်တော့ ဂျာမနီနိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ၊ Kulmbach မှာ မွေးဖွားခဲ့တဲ့ Hans Wilsdorf ဟာ ငယ်ရွယ်စဉ်ကတည်းက မိဘမဲ့တစ်ဦး ဖြစ်ခဲ့ရပြီး Swiss နာရီထုတ်လုပ်ရေး La Chaux-de-Fonds မှာ သာမန်လုပ်သားတစ်ဦးအနေနဲ့ အလုပ် ဝင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သာမန်လုပ်သားဘဝကို ရောင့်ရဲတင်းတိမ်မနေဘဲ ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသက် ၂၄ နှစ်အရွယ် ၁၉ဝ၅ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကြီးဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အရည်အသွေးရှိတဲ့ နာရီကို သင့်တင့်တဲ့ဈေးနှုန်းအတိုင်းအတာနဲ့ စောင့်မျှော်သူတွေအဖို့ ၁၉ဝ၈ ခုနှစ်မှာပဲ Rolex အမှတ်တံဆိပ်ကို ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ ပထမကမ္ဘာစစ်ကြီး ဖြစ်လာတော့ မြင့်မားတဲ့ အခွန်ငွေ ပေးဆောင်နေရတဲ့ ပြဿနာကို ရှောင်လွဲဖို့အတွက် အင်္ဂလန်ကနေ ဆွစ်ဇာလန်နိုင်ငံဆီ ပြောင်းရွှေ့ဖို့ ဖြစ်လာပြန်ပါတယ်။

ဒီလိုနဲ့ ၁၉၁၉ ခုနှစ်မှာတော့ Hans Wilsdorf ဟာ ကုမ္ပဏီကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ဆီ ရွှေ့ခဲ့ပြီး ဆက်လက်လည်ပတ်ခဲ့ပါတယ်။ Rolex ဆိုတဲ့ နာမည် ပေးဖြစ်ခဲ့ပုံကတော့ တခြား ဘာသာစကားတွေ တော်တော်များများနဲ့လည်း အသံထွက်ဖို့ လွယ်ကူတာက တစ်ကြောင်း၊ နောက်တစ်ခုကတော့ နာရီ ဒိုင်ခွက်မှာ ရေးသားဖော်ပြဖို့ စာလုံး တိုတာက တစ်ကြောင်း ဖြစ်တယ်လို့သိရပါတယ်။ Hans Wilsdorf ဟာ ဈေးနှုန်းသက်သာပြီး အရည်အသွေးမြင့်မားတဲ့ Tudor ဆိုတဲ့နာရီအမှတ်တံဆိပ် တစ်မျိုးကိုလည်း Rolex ကုမ္ပဏီရဲ့ လက်ခွဲအမှတ်တံဆိပ်အဖြစ် ၁၉၄၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြန်ပါတယ်။ ၁၉၄၄ ခုနှစ်မှာ ဇနီးသည် Florence Frances May Crotty သေဆုံးပြီးနောက်မှာတော့ Hans Wilsdorf ဟာ နာမည်နဲ့ ဖောင်ဒေးရှင်း တစ်ခု တည်ထောင်ပြီး ပိုင်ဆိုင်မှုရှယ်ယာအကုန်လုံးကို ထည့်ဝင်ခဲ့ပါတယ်။ သူ့နာမည်နဲ့ ဖောင်ဒေးရှင်းဟာ အခုချိန်အထိ ကျန်နေသေးပြီး သူကတော့ အသက် ၇၉ နှစ်အရွယ် ၁၉၆ဝ ပြည့်နှစ်၊ ဇူလိုင် ၆ ရက်မှာ ကွယ်လွယ်ခဲ့ပါတယ်။

Ref: Wikipedia

ကျော်လင်းအောင်
Credit - momolay

ဒေါ်နယ်ထရမ့် ၏ မွတ်စလင် ခြောက်နိုင်ငံအား ခရီးသွားပိတ်ပင်မိန့် စတင် အသက်ဝင်

ဒေါ်နယ်ထရမ့် ၏ မွတ်စလင် ခြောက်နိုင်ငံအား ခရီးသွားပိတ်ပင်မိန့် စတင် အသက်ဝင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အဓိကမွတ်စလင်နိုင်ငံကြီး ခြောက်နိုင်ငံမှ ဒုက္ခသည်များနှင့် ခရီးသွားများကို ယာယီပိတ်ပင်မိန့်သည် ဇွန် ၂၉ ရက်နှောင်းပိုင်းအချိန်ကစကာ အသက်ဝင်ပြီဖြစ်သည်။

တရားရုံးချုပ်က လူ့အခွင့်အရေးအုပ်စုများနှင့် ငါးလကြာ အခြေအတင်ဖြစ်ပြီးနောက် ထရမ့်၏ အမိန့်ကို ခွင့်ပြုချက်ချခဲ့ခြင်းဖြစ်သည်။

နိုင်ငံတွင်းသို့ အစွန်းရောက်များ ဝင်ရောက်ခြင်းကို တားဆီးရန် ယခုပိတ်ပင်မိန့်က လိုအပ်ကြောင်း ထရမ့်အစိုးရက ပြောသော်လည်း ပြည်ပမှ ဝင်ရောက်သူများအရေး ဆောင်ရွက်သူများက မွတ်စလင်များကို သက်သက်ထိခိုက်မှုဖြစ်စေကြောင်း ပြောသည်။

ယခုပိတ်ပင်မိန့်သည် အီရန်၊ လစ်ဗျား၊ ဆိုမာလီ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံသားများ အမေရိကန်သို့ ဝင်ရောက်ခြင်းကို ရက် ၉၀ ပိတ်ပင်သည်။ အဆိုပါနိုင်ငံသားများအနေဖြင့် အမေရိကန်နိုင်ငံအတွင်း သွေးသားရင်း ဆွေမျိုးသားချင်းများ ရှိပါက ချွင်းချက်ထားကာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။

Mizzima

လူဝင်မှုကြီးကြပ်ရေး ဥပဒေကြမ်း ၂ ရပ် အမေရိကန်အောက်လွှတ်တော် အတည်ပြု

လူဝင်မှုကြီးကြပ်ရေး ဥပဒေကြမ်း ၂ ရပ် အမေရိကန်အောက်လွှတ်တော် အတည်ပြု

အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေမူကြမ်းနှစ်ရပ်ကို အမေရိကန်အောက် လွှတ်တော်က ကြာသပတေးနေ့မှာ အတည် ပြု ပြဌာန်းလိုက်ပါတယ်။ တခုကတော့ နိုင်ငံရင်းကို ပြန်ပို့ခံရပြီးတဲ့နောက် အမေရိကန်ကိုပြန်ဝင်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်သူတွေအပေါ် ပိုပြီးပြင်းထန်တဲ့ပြစ်ဒဏ် ချမှတ်မယ့်ဥပဒေဖြစ်ပြီး နောက်တခုကတော့ အဲဒီလိုလူတွေကို အရေးမယူ ဘဲ နေထိုင်ခွင့်ပေးထားတဲ့ မြို့တွေကို ဖက်ဒရယ်အစိုးရရန်ပုံငွေ ဖြတ်တောက်မယ့်ဥပဒေဖြစ်ပါတယ်။

Kate ဥပဒေလို့ အမည်ပေးထားတဲ့ဥပဒေကို အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၅၇ မဲ၊ ကန့်ကွက်မဲ ၁၆၇ မဲနဲ့ အတည်ပြုလိုက် တာပါ။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လက ဆန်ဖရန်ဆစ္စကိုမြို့မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ အသက် ၃၂ နှစ်အရွယ် Kate Steinle ရဲ့ နာမည်ကိုယူပြီး ဥပဒေကို အမည်ပေးထားတာဖြစ်ပါတယ်။ Kate ကိုသတ်ခဲ့ တာကတော့ ငါးကြိမ်ထိ ပြန်ပို့ခံခဲ့ရဖူးတဲ့ Juan Francisco Lopez-Sanchez ဖြစ်ပြီး လူသတ်မှု၊ သေနတ်ပစ်မှုနဲ့ဆက်စပ်တဲ့ တခြားစွဲချက်တွေနဲ့ တရားရင်ဆိုင်နေရပါတယ်။

ဒီ Kate ဥပဒေအရ မူရင်းနိုင်ငံကို ပြန်ပို့ခံရပြီးတဲ့နောက် အမေရိကန်ကို နောက်တကြိမ်ပြန် ၀င်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်သူတွေအပေါ် ထောင်ဒဏ်ကို တိုးမြှင့်ချမှတ်မှာဖြစ်ပါတယ်။

ဒါ့အပြင် ရာဇ၀တ်လုပ်ရပ်အတွက် ဘေးကင်းခိုလှုံခွင့်မပြုရေးဥပဒေလို့ဆိုရမယ့် No Sanctuary for Criminals Act ဆိုတဲ့ ဥပဒေ ကိုလဲ ထောက်ခံမဲ ၂၂၈ မဲ၊ ကန့်ကွက်မဲ ၁၉၅ မဲနဲ့ အောက်လွှတ်တော်က အတည်ပြုခဲ့ပါသေးတယ်။ အထောက်အထားမဲ့ ရွှေ့ ပြောင်းဝင်သူတွေကို အရေးမယူဘဲ နေထိုင်ခွင့်ပေးထားတဲ့မြို့တွေကို ဖက်ဒရယ်အစိုးရ ရန်ပုံငွေမပေးဖို့ ဒီဥပဒေအရ ကန့်သတ် ထားသလို လူဝင်မှုကြီးကြပ်ရေး လုပ်ဆောင်ချက်တွေကို လိုက်နာစေဖို့ ဖက်ဒရယ်အစိုးရ လုပ်ပိုင်ခွင့်ကိုလဲ တိုးချဲ့ပေးထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ထိုင်ဝမ်ကို လက်နက်ရောင်းမယ့် အမေရိကန်အစီအစဉ် တရုတ်ကန့်ကွက်

ထိုင်ဝမ်ကို လက်နက်ရောင်းမယ့် အမေရိကန်အစီအစဉ် တရုတ်ကန့်ကွက်

အမေရိကန်က တိုင်ဝမ်ကို ဒေါ်လာ ၁.၄ ဘီလီယံဖိုး လက်နက်ခဲယမ်းတွေ ရောင်းမယ့်ကိစ္စ အပေါ် မကျေနပ်တဲ့အကြောင်း တရုတ်ကပြောပါတယ်။ ဒီလုပ်ရပ်ဟာ မှားယွင်းတယ်လို့ ခေါ်ဆိုပြီး အရောင်းအ၀ယ်ကိစ္စ ပြန်ရုပ်သိမ်းဖို့ တရုတ်က လိုလားပါတယ်။

အမေရိကန်ဘက်ခြမ်းက ဒီ မှားယွင်းတဲ့လုပ်ရပ်ဟာ သမ္မတနှစ်ဦးကြား Mar-a-Lago မှာရခဲ့တဲ့ တူညီတဲ့သဘောထား၊ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အပေါင်း လက္ခဏာဆောင် တိုးတက်မှုအရှိန်အဟုန်တို့နဲ့ ဆန့်ကျင်နေတယ်လို့ ၀ါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ တရုတ်သံရုံးကပြောပါတယ်။

လက်နက်ခဲယမ်းအရောင်းအ၀ယ်ကိစ္စကို ထရမ့်ပ်အစိုးရက ကြာသပတေးနေ့မှာ ကွန်ဂရက်လွှတ်တော်ကို အသိပေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Heather Nauert ကပြောပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့နေတဲ့ တိုင်ဝမ်ကျွန်းကို သူ့ရဲ့ပိုင်နက်အဖြစ် တရုတ်က သတ်မှတ်ထားတာပါ။ တိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပြီး တိုင်ဝမ်ကို လက်နက်ခဲယမ်း ရောင်းတဲ့ ဒီကိစ္စကို အပြင်းအထန် ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Lu Kang က ဘေဂျင်းမြို့တော်မှာပြော ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအန္တရာယ်ကို တားဆီးကာကွယ်ဖို့ အမေရိကန်နဲ့ တရုတ်တို့ ကြိုးပမ်းနေကြတဲ့ အကဲ ဆတ်တဲ့ ဆက်ဆံရေးကာလတခုကို ရောက်နေချိန်မှာပဲ ဒီ လက်နက်ခဲယမ်း ရောင်းတဲ့ကိစ္စဖြစ်လာတာပါ။ ဒီလက်နက်အရောင်းကိစ္စဟာ တိုင်ဝမ်ကျွန်းနဲ့ အမေရိကန်ကြား ဆက်ဆံရေးဆိုင်ရာအတွက် ပြဌာန်းထားတဲ့ တိုင်ဝမ်ဆက်ဆံရေး ဥပဒေကို မချိုးဖောက်ဘူးလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Nauert ကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရတဲ့ တောင်ကိုရီးယားအဆိုတော် T.O.P

ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရတဲ့ တောင်ကိုရီးယားအဆိုတော် T.O.P

တောင်ကိုရီးယား၏ အ မြင့်ဆုံး အစိုးရရှေ့နေရုံးက အဆို တော် T.O.P (အမည်ရင်း ချွိုင်ဆီ ဟွန်)အားဆေးခြောက်အသုံးပြု ခြင်းကြောင့် ဆိုင်းငံ့ထောင်ဒဏ် ၁၀ လနှင့် စောင့်ကြည့်ကာလ ၂ နှစ် ချမှတ်လိုက် သည်။

ယင်းမှာ T.O.P ကို ၂ နှစ်အ တွင်း စောင့်ကြည့်မည်ဖြစ်ပြီး ထို ကာလအတွင်း ၎င်းအနေဖြင့် ပြစ်မှုတစ်စုံတစ်ရာ မကျူးလွန်ပါ က ထောင်ကျခံရမည်မဟုတ်ဘဲ ပြစ်မှုကျူးလွန်ပါက ထောင်ဒဏ် ၁၀ လ ကျခံရမည်ဖြစ်သည်။

‘‘ကျွန်တော် အချိန်အကြာ ကြီး စိတ်ဓာတ်ကျနေခဲ့ပါတယ်။ ကျွန်တော်မှားယွင်းတဲ့ ဆုံးဖြတ် ချက်လုပ်ခဲ့တယ်။ ပြန်ပြင်လို့မရ တဲ့ အမှားတစ်ခု ကျူးလွန်ခဲ့မိ တယ်။ ဒါတွေအကုန်လုံးက တစ် ပတ်အတွင်း ဖြစ်သွားတာပါ။ အဲဒီကာလဟာ ကျွန်တော့်ဘ၀မှာ အဆိုးရွားဆုံးအချိန် ပါပဲ။ ကျွန် တော်နောင်တရမိပါတယ်။ ရှက် လည်း ရှက်မိပါတယ်’’ဟု တရား​ရုံးသို့ အမှုကြားနာရန် ရောက်ရှိ လာသော T.O.P က ပြောသည်။
-Ref:koreaboo
7Day News Journal

မဟာဗန္ဓုလ အငှားအိမ်ရာတိုက်ခန်းမဲပေါက်သူများ သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိပါက ငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်မည်

မဟာဗန္ဓုလ အငှားအိမ်ရာတိုက်ခန်းမဲပေါက်သူများ သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိပါက ငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်မည်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မဟာဗန္ဓုလ အငှားအိမ်ရာတိုက်ခန်းမဲပေါက် သူများအနေဖြင့် သတ်မှတ်ရက်အတွင်း လာရောက်ဆက်သွယ်ခြင်းမရှိပါက အိမ်ငှားရမ်းနေထိုင်ရန် စိတ်မ၀င်းစားဟု သတ်မှတ်ကာ ငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း အငှား အိမ်ရာအိမ်ခန်းနေရာချထားရေးနှင့် ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

''စိတ်မ၀င်စားဖူးလို့ သတ်မှတ်ပြီးတော့မှ သူတို့ကို စာရင်းပယ်ဖျက်မယ်။ ပယ်ဖျက်ပြီးတာနဲ့ နဂိုတုန်းက စောင့်ဆိုင်းစာရင်းဆိုပြီးလုပ်ထားတာရှိတယ်။ လျှောက်ထားတဲ့သူတွေထဲက မဲနှိုက်ပြီးတော့မှ အရံအနေနဲ့က ရာနဲ့ချီပြီး စာရင်းလုပ်ထားတာ ရှိတယ်။ အဲဒါက အရင်အစိုးရအဖွဲ့က လုပ်ထားခဲ့တာ။ အဲဒီလူတွေကိုပဲ ပေးမလား၊ လက်ရှိအစိုးရဆီမှ ညွှန်ကြားချက်တောင်းရမှာပေါ့။ ဒီအခန်းတွေကို စိတ်ဝင်စားတဲ့သူတွေ ဘယ်နှယောက်ရှိတယ်ဆိုတာ ပြန်ပြီးအစီရင်ခံစာတင်ရမှာပေါ့''ဟု မြို့ပြနှင့် အိုးအိမ်ဦးစီးဌာနညွှန်ကြားရေးမှူး ဦးယုခိုင်က News Watch သို့ ပြောသည်။

အဆိုပါအငှားအိမ်ရာစီမံကိန်းကို ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ငှားရမ်းနေထိုင် ခွင့်လျှောက်လွှာခေါ်ယူရာတွင် ရန်ကုန်အိမ်ထောင်စုစာရင်း ၆၆/၆ ရှိသူဖြစ်၍ အိမ်ပိုင်မရှိကြောင်း သက်ဆိုင် ရာရပ်ကွက် အုပ်ချုပ်ရေးမှူးထောက်ခံချက်များ ပါဝင်ရမည်ဟူ၍ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအိမ်ရာတွင် နေထိုင်ခွင့်ရရှိသူက လစဉ်အစိုးရသို့ ကျပ်သုံးသောင်းပေးသွင်း၍ နှစ်အကန့်အသတ်မရှိ ငှားရမ်းနေထိုင်ခွင့်ရရှိ မည်ဖြစ်ပြီး ပိုင်ဆိုင်မှုပေးမည်မဟုတ်ဘဲ အခြားသူအား လွှဲပြောင်းရောင်းချခွင့်မရှိဟု သတ်မှတ်ထားကြောင်း သိရသည်။ ယင်းအိမ်ရာငှားရမ်းနေထိုင်ခွင့်လျှောက်ထားသူများကို ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် မတ်လအတွင်းက မဲနှိုက်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မဟာဗန္ဓုလ အငှားအိမ်ရာ ဒုတိယအဆင့်တိုက် ၂၂ လုံးရှိ တိုက်ခန်း မဲပေါက်သူများကို အိမ်ခန်းပေါ် တက်ရောက်နေထိုင်နိုင်ရေးအတွက် ဆက်သွယ်ကြပါရန် ၂၀၁၇ ခုနှစ် မေလ ၂၁၊ ၂၂ ရက်တို့တွင် နိုင်ငံပိုင်သတင်းစာများမှတဆင့် ကြော်ငြာခဲ့ရာ အိမ်ခန်းပေါင်း ၅၂၈ ခန်းရှိသည့်အနက် အခန်းပေါင်း ၄၂၈ ခန်း သာ လာရောက်ဆက်သွယ်ခဲ့ပြီး အခန်း ပေါင်း ၁၀၀ မှ ဇွန် ၂၆ ရက်အထိ ဆက်သွယ်လာခြင်းမရှိသေးကြောင်း မဟာဗန္ဓုလ အငှားအိမ်ရာအိမ်ခန်းနေရာချထားရေးနှင့် ကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားသည်။

ယင်းသို့ လာရောက်ဆက်သွယ်ခြင်းမရှိသေးသည့်အတွက် ဇူလိုင် ၇ ရက် နောက်ဆုံးလာရောက် ဆက်သွယ်ကြရန် အကြောင်းကြားထားပြီး လာရောက်ဆက်သွယ်လာခြင်းမရှိပါက အိမ်ငှားရမ်းနေထိုင်ရန် စိတ်ဝင်စားခြင်းမရှိဟုသတ်မှတ်၍ ငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်ပြီး အခြားနေထိုင်လိုသူများအား စိစစ် နေရာချထားပေးသွားမည်ဖြစ်ကြောင်း ယင်းကော်မတီက အသိပေးထားသည်။

ထို့ပြင် မဟာဗန္ဓုလအငှားအိမ်ရာ ပထမအဆင့် တိုက် ၁၈ လုံးတွင် တိုက် ခန်းမဲပေါက်သူများကို အိမ်ခန်း ပေါ်တက် ရောက်နေထိုင်နိုင်ရေးအတွက် ဆက်သွယ်ကြရန် ၂၀၁၇ ခုနှစ် ဧပြီ ၂၊ ၃ ရက်၊ မေလ ၂၁၊ ၂၂ တို့တွင် နိုင်ငံပိုင်သတင်းစာများမှတဆင့် ကြော်ငြာခဲ့သော်လည်း အိမ်ခန်းပေါင်း ၂၅ ခန်းတို့မှ လာရောက်ဆက် သွယ်ခြင်းမရှိသေးသည့်အတွက် ဇွန် ၃၀ ရက် နောက်ဆုံးလာရောက်ဆက်သွယ်ကြ ရန်နှင့် ဆက်သွယ်လာခြင်းမရှိပါက အိမ်ငှားရမ်းနေထိုင်ရန် စိတ်ဝင်စားခြင်းမရှိဟု သတ်မှတ်၍ ငှားရမ်းနေထိုင်ခွင့်ကို ပယ်ဖျက်ပြီး အခြားနေထိုင်လိုသူများအား စိစစ်နေရာချထားပေးသွားမည်ဖြစ်ကြောင်း မဟာဗန္ဓုလ အငှားအိမ်ရာအိမ်ခန်းနေရာချ ထားရေးနှင့် ကြီးကြပ်မှုကော်မတီက အသိပေးထားသည်။
လင်းလင်းအောင်
News Watch

မြိုင်ကြီးငူဆရာတော် လမ်းညွှန်မှုဖြင့် လမ်းချဲ့ရာတွင် ဘက်ဟိုးဖြင့်ဖယ်ရှားခံရသည့် အိမ်တစ်လုံးလျှင် ကျပ်သိန်းတစ်ရာစီပေးအပ်ဟု ဆို

မြိုင်ကြီးငူဆရာတော် လမ်းညွှန်မှုဖြင့် လမ်းချဲ့ရာတွင် ဘက်ဟိုးဖြင့်ဖယ်ရှားခံရသည့် အိမ်တစ်လုံးလျှင် ကျပ်သိန်းတစ်ရာစီပေးအပ်ဟု ဆို

ဘားအံမြို့နယ် ထီဖိုးက လုံးကျေးရွာတွင် မြိုင်ကြီးငူဆရာ တော်၏ လမ်းညွှန်မှုဖြင့် လမ်းချဲ့ ရာတွင် နေရာမလွတ်သော အိမ်အချို့ကို ဘက်ဟိုးယာဉ်ဖြင့် ဖယ်ရှားခဲ့ပြီး ဖယ်ရှားခံရသောအိမ်တစ်လုံးလျှင် ကျပ်သိန်းတစ်ရာပေးအပ်ကြောင်း ဒေသခံများက ပြောသည်။

ထီဖိုးကလုံးရွာမှ မြိုင်ကြီးငူ အထူးဒေသရှိ မြိုင်ကြီးငူဆရာ တော်သီတင်းသုံးနေသော မြတ် ပန်းဝတ်မှုံကျောင်းသို့ လမ်းကို အကျယ် ၅၂၈ ပေ အထိချဲ့မည်ဟု သတင်းများထွက်ပေါ်နေစဉ် လမ်းနှင့်မလွတ်ဟုဆိုသော ထီဖိုးကလုံးရွာထိပ်ရှိ နေအိမ်လေးလုံးကို ဇွန်လ ၂၄ ရက်က ဘက်ဟိုးဖြင့် ဖယ်ရှားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မိုင် ၃၀ခန့်ရှိသော အဆိုပါ လမ်းသည်လက်ရှိတွင် ခြောက်လမ်းသွားလမ်းမကြီးဖြစ်ပြီး မြိုင်ကြီးငူအထူးဒေသသို့ ၀င်ပေါက်လမ်း၏ ညာဘက် အိမ်သုံးလုံး၊ ဘယ်ဘက်ရှိ အိမ်တစ်လုံးဖယ်ရှားခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

‘‘ကျွန်တော်တို့ကို ဘာမှ မ ပြောထားဘူး။ ဒါပေမဲ့ ဟိုးအရင် တုန်းကတော့ ပြောထားတာပေါ့။ လမ်းချဲ့ဦးမယ်တဲ့။ ဒီနေရာတွေက လမ်းမလွတ်ဘူးပေါ့။ ကျွန်တော် တို့က မထင်ဘူးပေါ့လေ။ ဖယ်တဲ့ ရက်မှာတော့ ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရဘူး။ ဒီတိုင်းပဲ ခံ နေရတယ်’’ဟု ထီဖိုးကလုံးကျေး ရွာပါဝင်သော မှိုင်းကံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအကျော်က ပြောသည်။

ဖျက်ဆီးခံရသော အိမ်လေး လုံးအတွက် အိမ်တစ်လုံးလျှင် ကျပ်သိန်းတစ်ရာကို မြိုင်ကြီးငူ ဆ  ရာတော်က ပေးအပ်သော်လည်း နေအိမ်များသည် ကျပ်သိန်းတစ်ရာမက တန်ကြေးရှိကြောင်း ယင်းဖြစ်စဉ်ကို သတင်းယူသည့် ဒေသခံ သတင်းထောက်က ပြောသည်။

‘‘အခုက အိမ်လေးလုံးပါ သွားပြီ။ အဲဒီနားမှာ အိမ်အလုံး ၂၀ လောက်နဲ့ မူလတန်းကျောင်းတစ် ကျောင်းရှိတယ်။ အိမ်လေးလုံးက တော့ ဘက်ဟိုးနဲ့  ရိုက်ဖြိုသွားတာ။ကျန်တဲ့အိမ်တွေက သူ့ဟာနဲ့သူ ဖျက်နေကြပြီ’’ဟု အဆိုပါသတင်း ထောက်က ပြောသည်။

နေအိမ်ကို ဘက်ဟိုးဖြင့်ဖြိုဖျက်ခံရပါက ဆုံးရှုံးမှုပိုများမည်ကို စိုးရိမ်၍ လမ်းချဲ့မည့်အထဲပါ ၀င်သောအိမ်များကို ကိုယ့်အစီအစဉ်ဖြင့် ကိုယ်ဖြိုချနေကြောင်း ဒေသခံများက ပြောသည်။

မြိုင်ကြီးငူဆရာတော်က နေအိမ်များကို  ဖယ်ရှားခြင်းနှင့် ပတ်သက်၍ ကရင်ပြည်နယ်ပို့ ဆောင်ဆက်သွယ်ရေးဦးစီးဌာန အားမေးမြန်းရာ မသိရှိသေး ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဘားအံမြို့နယ်အ ထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုး မင်းထွန်းက ထီဖိုးကလုံးရွာမှ နေ အိမ်များကို ဆက်လက်မဖြိုဖျက် ရန် မေတ္တာရပ်ခံထား၍ ဘက်ဟိုး များကို ပြန်လည်သိမ်းဆည်းခဲ့ ကြောင်း ဇွန်လ ၂၇ ရက်တွင် ပြောသည်။

ထီဖိုးကလုံးရွာသည် အစိုးရ က တရားဝင်သတ်မှတ်ထားသော ရွာဖြစ်ပြီး အခြားအိမ်များ ထပ်မံဖြိုဖျက်ခံရခြင်းမရှိစေရန် ကရင်ပြည်နယ်အစိုးရနှင့် မြိုင်ကြီးငူဆရာတော်ထံ အသနားခံစာတင်ရန် စီစဉ်နေကြောင်း ဦးအကျော်က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြိုင်ကြီးငူဆရာတော်နှင့် ၎င်း၏ ဒကာ၊ ဒါယိကာမများထံ ဇွန်လ ၂၈ ရက်က မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ မြိုင်ကြီးငူဆရာတော်သည် ၂၀၁၆ ကလည်း ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ခရစ်ယာန် နှင့် အစ္စလာမ်ဘာသာရေးအဆောက်အအုံအနီးတွင် စေတီငယ်များတည်ခဲ့သည်။

7Day News Journal

ရင်ခွင်ပိုက်ကလေးငယ်များနားခိုရာ အလိုရှိသည်

ရင်ခွင်ပိုက်ကလေးငယ်များနားခိုရာ အလိုရှိသည်

 မစန္ဒာတစ်ယောက်လကုန်တော့မည့်အချိန်ကို ရင်ခုန်ပျော်ရွှင်ရင်း တစ်ဖက်၊ စိုးရိမ်ကြောင့်ကြမှုတစ် ဖက်လွန်ဆွဲရင်း မျှော်လင့်နေရပါ ပြီ။

မီးဖွားရန် Due Date တစ် ပတ်ခန့်အလိုကျမှ ခွင့်စယူရမည့် မစန္ဒာအတွက် ယခုဇွန်လကုန် တွင် ခွင့်ရက်စတင်မည်ဖြစ်၍ အ နားလည်းယူရင်း၊ မွေးဖွားတော့ မည့် ရင်သွေးကိုလည်း စောင့်မျှော်ကြိုဆိုရင်း အတွေ့အကြုံသစ်၌ ရင်ခုန်ပျော်ရွှင်ရသလောက် တစ် ဖက်တွင်လည်း ရောက်လာတော့ မည့် ရင်သွေးလေးကြောင့်ပင် ရှေ့ဆက်တစ်ဆစ်ချိုးပြောင်းလဲသွား မည့် ဘဝခရီးအတွက် စိုးရိမ် ကြောင့်ကြမှုပိုလာနေခြင်းဖြစ်ပါ သည်။

ရန်ကုန်မြို့ဇာတိဖြစ်ပြီး မိ သားစုအစုံအလင်လည်း ရှိကာ ဝင်ငွေရှာဖွေနိုင်သော ခင်ပွန်း သည်နှင့်အတူ ကိုယ်တိုင်လည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရှာ နိုင်သည့် ကုမ္ပဏီဝန်ထမ်းဖြစ် သော မစန္ဒာအတွက် လက်ရှိ စိုးရိမ်ကြောင့်ကြမှုကတော့ ကလေးသုံး လပြည့်ပြီးပါက ကလေးကို လုံခြုံ စိတ်ချရသည့် ပတ်ဝန်းကျင်တွင် ထား၍ လုပ်ငန်းခွင်ပြန်ဝင်နိုင်ရေး ပင်ဖြစ်ပါသည်။

‘‘မိဘတွေကလည်း အသက် ကြီးပြီ။ ကလေးလေးတစ်ယောက် ကို ထိန်းဖို့အတွက် အဆင်မပြေ ဘူး။ အပြင် ဆရာမခေါ်ထိန်းဖို့ကျ တော့လည်း ကိုယ့်လစာနဲ့ လက် လှမ်းမမီဘူး။ အလုပ်ထွက်ဆိုရင် လည်း ကျွန်မလစာနဲ့၊ အမျိုးသား လစာနဲ့၊ အိမ်ငှားနေတဲ့စရိတ်နဲ့၊ နှစ်ဖက်မိဘ ထောက်ပံ့ရတာနဲ့ ဘယ်လိုမှ ထွက်လို့ မရဘူး။ ကလေးထိန်းကျောင်းတွေ၊ မူကြိုတွေကျတော့လည်း အနည်းဆုံး ၂ နှစ်လောက်မှ စပြီးထားလို့ ရမယ်ဆိုတော့ ကလေးမွေးပြီးလို့ မီးဖွား ခွင့်ပြည့်ရင် ကျွန်မဘယ်လိုလုပ်ရ မလဲ စဉ်းစားလို့တောင်မရဘူး’’ဟု မစန္ဒာက ပြောသည်။

မစန္ဒာကဲ့သို့ပင် ကလေးမီး ဖွားပြီးနောက် လုပ်ငန်းခွင်ပြန်ဝင် နိုင်ဖို့အရေး တွက်ချက်တိုင်းတာ ပူပင်နေရသော မိခင်လောင်းများ၊ အိမ်ထောင်ရှင်မများ များစွာရှိနေ ပါသည်။ အချို့ဆိုလျှင် မစန္ဒာကဲ့ သို့ပင် ရန်ကုန်မြို့ခံမဟုတ်၊ မိသားစုလည်း မစုံလင်ကြပေ။ ထိုသို့ သော အိမ်ထောင်ရှင်မများအ တွက်မူ လုပ်ငန်းခွင်ကို ကျောခိုင်း လိုက်၍ ကလေးကို ပြုစုစောင့် ရှောက်ရမည့် နည်းလမ်းကိုသာ ရွေးချယ်လိုက်စရာရှိနေပါသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အစိုးရက ဖွင့်လှစ်သော နေ့က လေးထိန်းကျောင်းများ၊ ပုဂ္ဂလိက မှ ဖွင့်လှစ်သော မူလတန်းကြို ကျောင်းများရှိပြီး မွေးကင်းစသုံး လမှ ခြောက်လအတွင်း ရင်ခွင် ပိုက် ကလေးငယ်များကို ထိန်း သိမ်းစောင့်ရှောက်ပေးနိုင်သော နေရာမှာမူ အစိုးရတွင်ရော ပုဂ္ဂလိကပိုင်းတွင်ပါ နည်းပါးလှသည်။ ထို့ပြင် ရှိနေသည့် အနည်းစုသော ပုဂ္ဂလိကပိုင်းမှ ဖွင့်လှစ်ထားသော ရင်ခွင်ပိုက်ကလေးထိန်းစင်တာ များ၏တစ်ရက်တာ ဝန်ဆောင်မှု စရိတ်မှာလည်း အခြေခံလူတန်း စားများ လက်လှမ်းမမီသော ဈေး နှုန်းများဖြစ်နေသည်။

ရန်ကုန်တွင် ရင်ခွင်ပိုက် ကလေးထိန်းဝန်ဆောင်မှုဟု သီး သန့်အငှားလိုက်သည့် လုပ်ငန်းအ ချို့ရှိသော်လည်း ဈေးနှုန်းက တစ် ရက်လျှင် နာရီဖြင့်တွက်၍ ကျပ် သောင်းဂဏန်းက စတင်ကာ ဝန်ဆောင်မှုစရိတ်ကျခံရခြင်း ဖြစ် သည်။ သူနာပြုအကူသင်တန်း ကျောင်းအများစုတွင် တစ်ရက် ကျပ် ငါးထောင်မှ ခုနစ်ထောင်ကြားရှိ  သူနာပြုအကူများကို ကလေးထိန်းအဖြစ် သုံးစွဲကြခြင်း၊ အလုံကရင်ခြံမှ တစ်လကျပ် နှစ်သိန်းခွဲခန့် နှင့် ကျွမ်းကျင်ကလေးထိန်းအကူ ငှားရမ်းခြင်းဖြင့်သာ ဖြေရှင်းနေရ သည်။ သို့သော် အဆိုပါဖြေရှင်း နည်းသည် ဝင်ငွေ ထွက်ငွေကို တိုင်းထွာသုံးစွဲနေရသော အလုပ်တစ်ဖက်နှင့် အိမ်ထောင်စုများအ တွက် အဆင်မပြေနိုင်ပါ။

လတ်တလောတွင် အစိုးရ ဝန်ကြီးဌာနအချို့နှင့် ပုဂ္ဂလိက လုပ်ငန်းကြီးအနည်းငယ်တို့တွင် ၎င်းတို့ဝန်ထမ်းများ၏  ရင်ခွင်ပိုက် ကလေးငယ်များအတွက် နေ့က လေးထိန်းစင်တာများကို ဖွင့်လှစ်ပေးထားရာ အလွန်အဆင်ပြေနေ ကြပြီး သာမန်ပြည်သူများအတွက် လည်း ယင်းကဲ့သို့ စင်တာများ ပေါ်ပေါက်လာရန် မစန္ဒာအပါ အဝင် အလုပ်တစ်ဖက်နှင့် ဝင်ငွေ ရှာဖွေရသော မိခင်အများစု လို လားမည်မှာ အမှန်ပင် ဖြစ်သည်။

‘‘ကျွန်တော်တို့ဝန်ကြီးဌာန မှာတော့ ဝန်ထမ်းတွေ၊ အမှုထမ်း တွေအတွက် အဆင်ပြေအောင် နေ့ကလေးထိန်းကျောင်းလေး လုပ်ပေးထားတယ်။ တခြားဌာန တွေကလည်း လာအပ်ကြတယ်။ ကျန်တဲ့ဝန်ကြီးဌာနတွေမှာလည်း အလားတူ စင်တာလေးဖွင့်ပေးဖို့ ကျွန်တော်တို့ညှိနှိုင်းဆောင်ရွက် နေတာတွေရှိတယ်။ နောက် တိုင်းနဲ့ပြည်နယ်က ဌာနတွေအလိုက် ပေါ့။ ချက်ချင်းကြီးတော့ မဖြစ်နိုင် သေးဘူး။ ကလေးငယ်ငယ်လေး တွေ စောင့်ရှောက်ရတာဆိုတော့။ ပြည်သူတွေအတွက်လည်း ကျွန် တော်တို့အခုလို ရင်ခွင်ပိုက်က လေးတွေကို ထိန်းသိမ်းစောင့် ရှောက်ပေးနိုင်မယ့် စင်တာလေး တွေ လုပ်ပါမယ်။ အဲဒါကတော့ ကျွန်တော်တို့ ၂၀၁၆ ဧပြီလ အစိုးရတာဝန်စယူစဉ်ကတည်းက စိတ် ရှိခဲ့တယ်။ အခု ၁၉၉၃ ကလေးသူ ငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ဆိုတာ ကျွန်တော်တို့ ဒီတစ်လအ တွင်း လွှတ်တော်တင်ဖို့ရှိတယ်။ အဲဒီဥပဒေပေါ်ပေါက်လာရင် အဲဒီလိုစင်တာတွေက အမြန်အကောင် အထည်ပေါ်လာမှာပါ’’ဟု လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးက ပြောသည်။

လက်ရှိ လူမှုဝန်ထမ်းဦးစီး ဌာနအောက်တွင် အသက်(၃)နှစ် မှ (၅)နှစ်အထိ စံပြမူကြိုကျောင်း ၈၀ ခန့်ရှိပြီး မွေးကင်းစကလေးပြု စုစောင့်ရှောက်ရေးဌာန ခြောက် ခုခန့်သာရှိသည်။ အစိုးရ၏နေ့ ကလေးထိန်းဌာနသည် စွန့်ပစ်ခံ မိဘမဲ့ကလေးများကိုသာ လက်ခံ ပြုစုခြင်းဖြစ်ပြီး ပြင်ပ ပုဂ္ဂလိက ဝန်ဆောင်မှုအဖြစ် ကလေးထိန်း များကို သီးသန့်လေ့ကျင့်စေလွှတ် ခြင်းမျိုးမရှိပေ။

‘‘လုပ်ငန်းခွင်က အချိန်ပြည့် လုပ်ရတဲ့အခါကျတော့ ရင်ခွင် ပိုက်ကလေးကို ရုံးခေါ်လာပြီး အ လုပ်လုပ်လို့လည်း အဆင်မပြေ ဘူး။ အဲဒီတော့ ကျွန်မက ရုံးနဲ့ညှိ လိုက်တယ်။ အရေးကြီးအလုပ်ရှိ တဲ့ရက်ကို ဖြစ်အောင် ရုံးတက် လုပ်ပြီးတော့ ကျန်တဲ့ရက်ကို အိမ် မှာ ကလေးထိန်းရင်းတစ်ဖက်နဲ့ လုပ်လိုက်တယ်။ ရုံးတက်တဲ့ရက် အတွက်ပဲ လစာရမယ်။ မတက် တဲ့ရက်တွေကတော့ လစာမဲ့ပေါ့’’ ဟု ပုဂ္ဂလိကကုမ္ပဏီတစ်ခုတွင် (၈)လအရွယ် သမီးတစ်ဦးမိခင် မသီတာက ပြောသည်။

ထို့ကြောင့် ရင်ခွင်ပိုက်က လေးငယ်များကို ထိန်းသိမ်းစောင့် ရှောက်ပေးမည့်စင်တာများအား ဈေးသက်သက်သာသာဖြင့် အစိုး ရက စီစဉ်ဖွင့်လှစ်ပေးစေရန် မသီ တာက ယခုကဲ့သို့ ပြောသည်။

‘‘နောက်ခံအင်အားမပြည့်စုံ တဲ့မိသားစုက ကလေးအမေတွေ က အရမ်းပင်ပန်းကြတယ်။ ကြီး မြင့်လာတဲ့ လူနေမှုစရိတ်တွေကို ကာမိဖို့အတွက် ကလေးအမေ အလုပ်ထွက်ပြီး ကလေးကို ပြုစုဖို့ ဆိုတာ မလွယ်ကူပါဘူး။ ကလေး ထိန်းခေါ်ဖို့အတွက်ကလည်း ပေး ရမယ့်ငွေကြေးက ရှိသေးတယ်။ ကလေးထိန်းက တစ်လကို သိန်း ချီပေးရတယ်။ ကျွန်မလိုချင်တဲ့ ပုံစံကတော့ ကလေးထိန်းစင်တာ တွေကို သုံးလသားကနေ စပြီး လက်ခံတယ်။ ဈေးကလည်း ကျပ် သုံးသောင်းလောက်စတင်တာ။ အဲဒီလိုဆို စရိတ်နည်းနည်းလေး နဲ့ အဆင်ပြေနိုင်တယ်။ အစိုးရ အနေနဲ့ ဒီလိုပုံစံမျိုးလုပ်မယ်ဆိုရင် ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေနဲ့ စစေချင်တယ်’’ဟု ပြောသည်။

7Day News Journal

ယာဉ်မတော်တဆမှု အဖြစ်များသည့်နေရာများတွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူ

ယာဉ်မတော်တဆမှု အဖြစ်များသည့်နေရာများတွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူ

မန္တလေးတိုင်းဒေသကြီးအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု အဖြစ်များသည့် နေရာများတွင် ယာဉ်မောင်းသူများ သတိပြုမောင်းနှင်ရန် သတိပေးဆိုင်းဘုတ်များအား ဇွန်လ လဆန်းပိုင်းမှ စတင်၍ စိုက်ထူလျက်ရှိကြောင်း သိရသည်။

'' အများမြင်သာတဲ့ နေရာတွေမှာ ယာဉ်မတော်တဆ မကြာခဏဖြစ်ပွားတတ်တဲ့နေရာ၊ သတိထားရမယ့်နေရာတွေမှာ သတိပြုမောင်းနှင်နိုင်ဖို့ ဆိုင်းဘုတ်ထောင်နေပါတယ်၊ မိုးရာသီဖြစ်တော့ သတိပေးဆိုင်းဘုတ်တွေကို သတိပြုမောင်းစေချင်ပါတယ် '' ဟု အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကံသိန်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေး-ပြင်ဦးလွင် အတက်/အဆင်းလမ်း၊ မိုးကုတ်လမ်း စသည့် မကြာခဏ ယာဉ်မတော်တဆမှုဖြစ်တတ်သော လမ်းပိုင်းများတွင် အရှိန်လျော့မောင်းနှင်ရန် နှင့် လမ်းအခြေအနေ သတိပြုရန် အသိပေးဆိုင်းဘုတ်များကို နယ်မြေ ယာဉ်ထိန်းရဲတပ်ဖွဲ့စုများက လိုက်လံစိုက်ထူပေးလျက်ရှိသည်။

'' အခုအချိန်က ကလေးတွေ ကျောင်းဖွင့်ချိန်ဖြစ်သလို ရာသီဥတုကလည်း မိုးရာသီဖြစ်တော့ သတိထားမောင်းစေချင်တယ်၊ ရာသီဥတုမကောင်းတဲ့အချိန် ယာဉ်မောင်းက အဓိက ဖြစ်တဲ့အတွက် သတိထားစေချင်တယ်၊ ယာဉ်အန္တရာယ်ကင်းရှင်းဖို့ ပြည်သူလူထုအနေနဲ့ သတိပေးဆိုင်းဘုတ်တွေကို သတိပြုပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို စနစ်တကျ ဆင်ဆင်ခြင်ခြင် မောင်းနှင်စေချင်တယ် '' ဟု အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကံသိန်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ မှ မေလထိ ယာဉ်မတော်တဆမှု (၉၅၉)မှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာရ ရှိသူ (၁၅၈၂)ဦး၊ သေဆုံးသူ (၃၃၉)ဦး ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၁၃၉ ၂၀၈ ၅၀၀)ကျပ်ရှိ ကြောင်း သိရသည်။

Mizzima

စစ်တွေ-မြောက်ဦး ရထားလမ်းပိုင်းအတွင်းမှ ကျန်မြေများကို လျော်ကြေးငွေပေးအပ်မည်

စစ်တွေ-မြောက်ဦး ရထားလမ်းပိုင်းအတွင်းမှ ကျန်မြေများကို လျော်ကြေးငွေပေးအပ်မည်

ရခိုင်ပြည်နယ်အတွင်း ၂၀၁၀ ခုနှစ်က စတင်ဖောက်လုပ်ခဲ့သည့် စစ်တွေ-မင်းဘူး ရထားလမ်းရှိ စစ်တွေ-မြောက်ဦး လမ်းပိုင်းအတွင်းမှ မြေတချို့ကို ပြန်လည်ပေးအပ်ပြီး ကျန်မြေများ အားလုံးအတွက်   လျော်ကြေးငွေများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းအတွင်းမှ ရထားလမ်းဖောက်လုပ်ရန်အတွက် သိမ်းဆည်းထားသည့်မြေများနှင့် လမ်းဖောက်လုပ် လျှက်ရှိသည့် မြေများအား စွန့်လွှတ်ရခြင်းမှာ ကျောက်တော်နှင့် မြောက်ဦးမြို့နယ် အတွင်းရှိ ဓညဝတီ၊ ဝေသာလီ၊ မြောက်ဦး ရှေးဟောင်းနယ်မြေများနှင့် မလွတ်ကင်းသည့် နေရာများကိုသာ စွန့်လွှတ်သွားမည်ဖြစ်ပြီး ကျန်မြေများအတွက် လျော်ကြေားငွေများ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

“ရထားလမ်းအတွက် သိမ်းဆည်းထားတဲ့ မြေနေရာတွေအတွက် တချို့ကိုလျော်ကြေးငွေပေးသွားမယ်။ ပြီးတော့ ဓညဝတီနယ်မြေအတွင်းက မြေတွေနဲ့ ဝေသာလီ၊ မြောက်ဦးနယ်အတွင်းက ယဉ်ကျေးမှုဇုန်တွေကို ဖြတ်ထားတာ တွေအတွက် ပြန်လည်စွန့်လွှတ်ပေးတယ်လို့ တရားဝင်ပြောကြားခဲ့တာပါ။ လျော်ကြေးကိုတော့ ဘယ်လောက်သတ်မှတ်ပေးမှာလဲ ဆိုတာကိုမသိရသေးဘူး။”ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ CEC အဖွဲ့ဝင် ဦးကျော်ထွီးက ပြောသည်။

ယင်းသို့ ရထားလမ်းဖောက်လုပ်ရန်အတွက် သိမ်းဆည်းထားသည့်မြေများနှင့် ပါတ်သက်ပြီး ပြန်လည်စွန့်လွှတ်ခြင်းနှင့် လျော်ကြေးငွေများ ပေးဆောင်မည့် ကိစ္စများအတွက် ဇွန်လ ၂၈ ရက်နေ့က   မြောက်ဦးမြို့တွင် တောင်သူများနှင့် သက်ဆိုင်ရာ ဌာနအသီးသီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ရထားလမ်းအတွက် လျော်ကြေးငွေပေးမှာနဲ့ ပြန်လည်စွန့်လွှတ်ပေးမယ့်အတွက် မြောက်ဦးခရိုင်မှာ တောင်သူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဘယ်လိုဆောင်ရွက်မယ်ဆိုတာတော့ ခရိုင်အုပ်ချုပ်ရေးမှူးကပဲ ပြောခဲ့တာပါ။ ကျွန်တော်တို့ အနေနဲ့တော့ လမ်းပိုင်းအတွင်းမှာ မြေဘယ်လောက်က ပြန်ပေးမယ်။ ဘယ်လောက်က စွန့််လွှတ်မယ်ဆိုတာကို တိုင်းတာနေဆဲ ဖြစ်ပါတယ်”ဟု ရထားလမ်းစီမံကိန်းမန်နေဂျာ ဦးဝင်းထွဋ်က ပြောသည်။

အဆိုပါလမ်းပိုင်းမှာ စစ်တွေမှ မင်းဘူးသို့ ဖောက်လုပ်နေသည့် ရထားလမ်းပိုင်းဖြစ်ပြီး ၂၉၃ မိုင်ခန့်ရှည်ကာ စစ်တွေ ဘက်တွင် ၁၁ ဒသမ ၄၅ မိုင်နှင့် မင်းဘူးဘက်တွင် ၄၃ မိုင်ထိ ဖောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း ပြန်လည်စွန့်လွှတ် ပေးမည့် လမ်းပိုင်းနေရာများအတွက် လမ်းသစ်ဖောက်လုပ်မည့် စီမံကိန်းကို မည်သည့်အချိန်တွင် စတည်မည်ကို မသိရသေးကြောင်း ဆက်လက်ပြောကြားသည်။

“သူတို့ပြောသွားတာက မြောက်ဦးမြို့နယ်အတွင်းမှာ ဝေသာလီကနေ ဘုရားအုပ်အထိကို ပြန်ပေးမယ်။ ကျန်တဲ့နေရာ တွေအတွက် လျော်ကြေးငွေပေးမယ်ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိကို လုပ်ကိုင်ခွင့်မရရှိခဲ့တဲ့အတွက် သီးနှံလျော်ကြေးတွေပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါတွေအတွက် အစိုးရဆီကို တင်ပြပေးမယ်လို့တော့ ပြောသွားပါတယ်”ဟု ထမ္မရာဇ်ကျေးရွာမှ တောင်သူဦးသိန်းမောင်က ပြောသည်။

အဆိုပါရထားလမ်းမှာ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဖြတ်သန်းဖောက်လုပ်ထားသည့်အတွက် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ဆက်လက်ဖောက်လုပ်ခြင်းမပြုဘဲ ရပ်တန့်ထားခဲ့ခြင်းဖြစ်ကာ ယင်းမြေများအား ပြန်လည်စွန့်လွှတ်ပြီး လမ်းသစ်စီမံကိန်းတစ်ခုအဖြစ် ဆက်လက်ဖောက်လုပ်မည်ဖြစ်ကြောင်း နှင့် ယင်းရထားလမ်းမှာ ကျောက်ဖြူ-ကူမင်းရထားလမ်းနှင့် ဆက်သွယ်ဖောက်လုပ်မည့် လမ်းပိုင်းတစ်ခု ဖြစ်ကြောင်း လေ့လာသိရှိရသည်။

Mizzima

ဟောင်ကောင်၏ လွတ်လပ်မှုကို လေးစားဖို့ အမေရိကန်က တရုတ်ကို သတိပေး

ဟောင်ကောင်၏ လွတ်လပ်မှုကို လေးစားဖို့ အမေရိကန်က တရုတ်ကို သတိပေး

ဟောင်ကောင်ဒေသ၏ ပြည်သူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များအပေါ် လေးစားလိုက်နာပေးရန် အမေရိကန်က တရုတ်ကို တိုက်တွန်းလိုက်သည်။

လက်ရှိကာလတွင် အဆိုပါကျွန်းဒေသကို ဗြိတိန်တို့က တရုတ်လက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် အနှစ် ၂၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး တရုတ်တို့အနေဖြင့် ယင်းကျွန်းဒေသ၏ လွတ်လပ်မှုအပေါ် လေးစားရန်လိုကြောင်း အမေရိကန်က သတိပေးပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ဟောင်ကောင်၏ လက်ရှိအောင်မြင်မှုများမှာလည်း ယင်း၏ ထူးခြားသည့် ရပ်တည်မှုကြောင့်ပင် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

"အမေရိကန်ဘက်ကတော့ ဒီဟောင်ကောင်ရဲ့ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုတွေကို တန်ဖိုးထားပါတယ်၊ ဒါဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေချိန်မြင့်မားခြင်းရဲ့ ရလဒ်ကောင်းတစ်ခုဖြစ်ပါတယ်၊ ဒီဒေသရဲ့ စီးပွားရေးနဲ့ ပုဂ္ဂိုလ်ရေးရာ လွတ်လပ်မှုတွေနဲ့ တရားဥပဒေစိုးမိုးမှုအပေါ် လေးစားလိုက်နာမှုတို့ကနေ ရရှိလာတဲ့ အသီးအပွင့်တွေဖြစ်ပါတယ်" လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန   ပြောခွင့်ရပုဂ္ဂိုလ် ဟယ်သာ နော်အာ့တ်က ပြောသွားသည်။

ယခုအခါ ၀ါရှင်တန်ဘက်က ဟောင်ကောင်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းအပေါ် တန်ဖိုးထားနေလျက်ရှိပေမယ့်လည်း တစ်ချိန်တည်းမှာလည်း ယင်းဒေသ၏ ပြည်သူ့ရပိုင်ခွင့် အခွင့်အရေးများ ထိပါးခံရမှာ၊ သတင်းမီဒီယာလွတ်လပ်ခွင့်အပါအ၀င် စွက်ဖက်နှောက်ယှက်ခံရမည့်အပေါ် များစွာ စိုးရိမ်နေမိသည်ဟုလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်ကာလများက တရုတ်အစိုးရအပေါ် ဝေဖန်သည့်အကြောင်းအရာများ ဖော်ပြခဲ့သော ဟောင်ကောင် ထုတ်ဝေသူ ငါးဦး ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည့်   ဖြစ်စဉ်များက   ပေကျင်းအစိုးရဘက်က ယင်းမြို့၏ လွတ်လပ်ခွင့်အပေါ် ဖိနှိပ်ထိပါးနေသည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့ရသည်။

အလားတူ ယမန်နှစ်ကလည်း ဒီမိုကရေစီနည်းကျ ရွေးချယ်ခံအနိုင်ရလာသူ ဟောင်ကောင် ဥပဒေပြုအမတ်နှစ်ဦးကို အရည်အချင်းမပြည့်မီကြောင်း အထက်တရားရုံးက ပယ်ဖျက်ခဲ့သည့်   ဖြစ်စဉ်ကြောင့်လည်း ယင်းဒေသ၏ လွတ်လပ်ခွင့်အပေါ် ပိုမိုစိုးရိမ်မှုများ ရှိလာခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်မှစ၍ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း သမိုင်းဝင် ခရီးအဖြစ် ဟောင်ကောင်သို့ ရောက်ရှိလာခဲ့ချိန်တွင် ယခုကဲ့သို့ အမေရိကန်ဘက်က ထုတ်ဖော်သတိပေးမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

Mizzima

မြောက်ကိုရီးယားနှင့် တရားမ၀င်ပက်သက်မှုများအတွက် တရုတ်ဘဏ်များကို အမေရိကန်ဘဏ္ဍာရေးဌာနမှ အရေးယူဒဏ်ခတ်

မြောက်ကိုရီးယားနှင့် တရားမ၀င်ပက်သက်မှုများအတွက် တရုတ်ဘဏ်များကို အမေရိကန်ဘဏ္ဍာရေးဌာနမှ အရေးယူဒဏ်ခတ်

တရုတ်ဘဏ်များသည် မြောက်ကိုရီးယားနိုင်ငံတွင် ဖျက်အားပြင်းလက်နက်ထုတ်လုပ်မှုများ အပါအ၀င် တရားမ၀င်သောလုပ်ငန်းများတွင် ပါဝင်ပက်သက်နေသောကြောင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြာသာပတေးနေ့က ထိုဘဏ်များအား အရေးယူဒဏ်ခတ်ခဲ့သည်။

ဒန်ဒေါင်ဘဏ်သည် မြောက်ကိုရီးယား၏ ငွေကြေးကိစ္စများတွင် ကြားမှပေါင်းကူးဆောင်ရွက်ပေးနေပြီး ထိုဘဏ်သည် ငွေကြေးခ၀ါချသည့်ကိစ္စများတွင် အရေးပါသောနေရာမှ ပါဝင်ပက်သက်   နေသောကြောင့် အမေရိကန် ဘဏ္ဍာရေးစနစ်ထဲမှ ဖယ်ထုတ်တော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးဖြစ်သူ စတီဗင်မြူချင်က ယခုလိုဆောင်ရွက်မှုသည် တရုတ်အစိုးရကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမဟုတ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

“ယခုလို ဆောင်ရွက်ချက်ဟာ တရုတ်နိုင်ငံကို ဦးတည်တိုက်ခိုက်တာမဟုတ်ပါဘူး။ ဘဏ်တွေကိုပဲ အဓိက ဦးတည်တာပါ” ဟု သူက သတင်းထောက်များကို ပြောခဲ့သည်။

Mizzima

မြောက်ကိုရီးယားပေါ်လစီနှင့်ပက်သက်၍ အမေရိကန်ခေါင်းဆောင်များကို တောင်ကိုရီးယားသမ္မတစည်းရုံး

မြောက်ကိုရီးယားပေါ်လစီနှင့်ပက်သက်၍ အမေရိကန်ခေါင်းဆောင်များကို တောင်ကိုရီးယားသမ္မတစည်းရုံး

ထရမ့်၏အစိုးရအဖွဲ့က နျူကလီးယားလက်နက်စမ်းသပ်မှုများ ပြုလုပ်နေသော ပြုံယမ်းအပေါ် ဖိအားများ တိုးမြှင့်ပေးသွားရန်စီစဉ်နေချိန်တွင် တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်က အမေရိကန်ခေါင်းဆောင်များနှင့် ကြာသာပတေးနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားနှင့် စေ့စပ်ညှိုနှိုင်းမည့် သူ၏ပေါ်လစီအပေါ် ထောက်ခံအားပေးကြရန် စည်းရုံးခဲ့သည်။

ရွေးကောက်ပွဲ၌ အပြတ်အသတ်အနိုင်ရပြီးနောက် တောင်ကိုရီးယား၏ သမ္မတအသစ်ဖြစ်လာသော မွန်းဂျေးအင်သည် ပထမဦးဆုံးအနေဖြင့် နိုင်ငံရပ်ခြားခရီးထွက်ခွာလာခဲ့ပြီး အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်နှင့် ညစာစားပွဲ မပြုလုပ်မီတွင် ကွန်ဂရက်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ထရမ့်၏အစိုးရအဖွဲ့သည် တရုတ်အစိုးရအဖွဲ့ကိုပါစည်းရုံးပြီး ဒုံးကျည်စမ်းသပ်မှုများပြုလုပ်နေသော မြောက်ကိုရီးယားအစိုးရကို အဆက်အသွယ်ဖြတ်တောက်ရန် ကြိုးပမ်းနေသည်။

သို့သော်လည်း မွန်းက “၄င်းတို့ရဲ့ ဆိုးရွားတဲ့လုပ်ဆောင်ချက်တွေအတွက် မြောက်ကိုရီးယားကို ချီးမွမ်းခြင်း မပြုပဲနေရပါမယ်။ ပြီးတော့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ နျူကလီးယားစမ်းသပ်မှုတွေ ရပ်တန့်သွား စေဖို့ မြောက်ပိုင်းသားတွေကို ဘာတွေပြန်ပေးသင့်သလဲဆိုတာကို သေချာဆွေးနွေးသင့်ပါတယ်” ဟု ပြောခဲ့ သည်။

မွန်းသည် ကြာသာပတေးနေ့တွင် အမေရိကန်အောက်လွှတ်တော်အဖွဲ့မှ ပေါလ်ရိုင်ယန်နှင့် ဒီမိုကရက်မှ နန်စီ ပယ်လိုစီတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရိုင်ယန်က နှစ်နိုင်ငံကြားရှိ ခိုင်မာသောဆက်ဆံရေးကို ကြိုဆိုဂုဏ်ပြုခဲ့ သော်လည်း ကိုရီးယားကျွန်းဆွယ်မှ လုံခြုံရေးကိစ္စနှင့်ပက်သက်၍ အကျဉ်းချုံးပြောကြားခဲ့သည်။

“ကျနော်တို့နှစ်နိုင်ငံလုံးအပေါ် ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားရဲ့ လုပ်ဆောင်မှုတွေနဲ့ ပက်သက်လို့ ကျနော်တို့အားလုံး စိုးရိမ်ရတာချင်းအတူတူပါပဲ” ဟု ရိုင်ယန်က မွန်းကို ပြောခဲ့သည်။

ထိုပြောဆိုချက်နှင့် ပက်သက်၍ မွန်းက လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စများနှင့် ကြုံတွေ့လာသောအချိန်တွင် ကျနော်တို့အားလုံး စည်းမျဉ်းဘောင်များကို ချိုးဖျက်ပြီး အတူတကွရပ်တည်ကာ တစ်ပေါင်းတစ်စည်းထဲဖြစ်ပြီး ညီညွတ်ရမည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

မွန်းသည် အမေရိကန် အထက်လွှတ်တော်အမတ်များဖြစ်ကြသော မစ်ခ်ျမက်ကော်နယ်၊ ဂျွန်မက်ကိန်း၊ ဘော့ဘ် ကော်ကာတို့နှင့်လည်း တွေ့ဆုံးဆွေးနွေးခဲ့သည်။

Mizzima

လာမည့်သီတင်းပတ်အတွင်း ထရမ့်နှင့်ပူတင် တွေ့ဆုံမည်ဟု အိမ်ဖြူတော် အတည်ပြု

လာမည့်သီတင်းပတ်အတွင်း ထရမ့်နှင့်ပူတင် တွေ့ဆုံမည်ဟု
အိမ်ဖြူတော် အတည်ပြု

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ လာမည့် သီတင်းပတ်တွေ လူချင်းတွေ့ဖြစ်မည်ဟု သိရှိရသည်။

အိမ်ဖြူတော်က ထရမ့်သည် ဂျာမနီနိုင်ငံတွင် ကျင်းပမည့် G20 ညီလာခံ၏ သီးခြား အစီအစဉ် တစ်ရပ်အနေဖြင့် ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း အတည်ပြုခဲ့သည်။ ယင်းသည် အမေရိကန် သမ္မတ ရာထူးကို ထရမ့်ရရှိခဲ့သည့်နောက်ပိုင်း ပူတင်နှင့် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှု အနေဖြင့် မှတ်တမ်းဝင်မည် ဖြစ်သည်။

အမေရိကန် အစိုးရ၏ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ အိတ်ခ်ျအာရ် မက်မာစတာက ထရမ့်၏ လာမည့် ဥရောပ ခရီးစဉ်တွင် ပူတင်နှင့် တွေ့ဆုံမည့်ကိစ္စ ထည့်သွင်း စီစဉ်ထားကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ထရမ့်သည် အဆိုပါ ခရီးစဉ်အတွင်း ပိုလန်နိုင်ငံသို့ပါ သွားရောက်မည် ဖြစ်သည်။

ထရမ့်၏ အစိုးရအဖွဲ့ဝင် အရာရှိ အချို့သည် ရုရှားနှင့် မူမှန်မဟုတ်သော ဆက်ဆံရေးမျိုး ရှိနေကြောင်း အတိုက်အခံ ဒီမိုကရက်များက စွပ်စွဲဝေဖန်နေချိန်တွင် ပူတင်နှင့်ထရမ့် လူချင်းတွေ့မည့် ကိစ္စမှာ ပိုမို စိတ်ဝင်စားစရာ ဖြစ်လာသည်။ ထို့အပြင် ရွေးကောက်ပွဲတွင် ထရမ့် အနိုင်ရစေရန်အတွက် ရုရှားဟက်ကာများက နောက်ကွယ်မှ လှုပ်ရှား ကူညီခဲ့ကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်နေသည်။

ထရမ့်ကိုယ်တိုင်ကမူ ပူတင်ကို ရွေးကောက်ပွဲကြို ကာလများကတည်းက ချီးကျူးခဲ့ဖူးသော်လည်း ရုရှားဟက်ကာများ၏ အကူအညီဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည် ဆိုခြင်းမှာမူ လုံးဝ အခြေအမြစ် မရှိကြောင်း ငြင်းဆန်ထားသည်။

7Day News Journal

လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွင် အသင်းများ ရမှတ်တူနေပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်

လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွင် အသင်းများ ရမှတ်တူနေပါက
ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို KBZ Bank Cup လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွင် အသင်းများ ရမှတ်တူနေပါက ဂိုးကွာခြားချက်ဖြင့် ဦးစားပေး ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

MFF သည် အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က ကျင်းပလျက်ရှိသည့် ပြိုင်ပွဲစည်းမျဉ်းများအတိုင်း ကျင်းပခြင်းဖြစ်ပြီး အုပ်စုပွဲစဉ်များအပြီးတွင် အသင်းများရမှတ်တူပါက ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြိုင်ပွဲစည်းမျဉ်းတွင် ထည့်သွင်းရေးဆွဲထားသည်။ ယခုပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အသင်းနှင့်အတူ ဟောင်ကောင် ယူ-၂၂ အသင်း၊ ကမ္ဘောဒီးယား ယူ-၂၂ အသင်း၊ ဂျပန်တက္ကသိုလ်အသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပတ်လည်စနစ်ဖြင့် ကျင်းပကာ အမှတ်အများဆုံးအသင်း ဗိုလ်စွဲမည်ဖြစ်သည်။ ထို့ကြောင့် အိမ်ရှင်မြန်မာအသင်းသည် ချန်ပီယံဆုရရှိရန်အတွက် နိုင်ပွဲရယူနိုင်ရန် အပြင် ဂိုးများစွာ သွင်းယူနိုင်ရန်လည်း လိုအပ်နေသည်။ ဇွန် ၂၈ ရက်က ကျင်းပခဲ့သည့် အုပ်စု ပထမနေ့တွင် မြန်မာ ယူ-၂၂ အသင်းက ကမ္ဘောဒီးယား ယူ-၂၂ အသင်းကို (၄-၁) ဂိုး၊ ဂျပန်တက္ကသိုလ်အသင်းက ဟောင်ကောင် ယူ-၂၂ အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။ အုပ်စု ပထမနေ့အပြီးတွင် မြန်မာအသင်းက ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံး မှ ဦးဆောင်လျက်ရှိပြီး ယနေ့ ကျင်းပမည့် ဒုတိယပွဲတွင် မြန်မာနှင့် ဂျပန်တက္ကသိုလ်  အသင်းတို့ နိုင်ပွဲ ထပ်မံရယူနိုင်ပါက ဇူလိုင် ၂ ရက်တွင် ကစားမည့် အုပ်စု နောက်ဆုံးပွဲမှာ ချန်ပီယံဆုအတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဇွန် ၃၀ ရက် (ယနေ့) ညနေ ၆ နာရီတွင် ဟောင်ကောင် ယူ-၂၂ အသင်း နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ မြန်မာ အသင်း၏ပွဲကို ရုပ်သံလိုင်းများမှ တိုက်ရိုက် ထုတ်လွှင့် ပြသမည်ဖြစ်သည်။

Eleven Media Group

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ကုန်တင်ယာဉ်တစ်စီး လမ်းမ ဘေးရေမြောင်းထဲ ထိုးကျတိမ်းမှောက်ရာမှ အမျိုးသမီး သုံးဦးသေဆုံး

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ကုန်တင်ယာဉ်တစ်စီး လမ်းမ
ဘေးရေမြောင်းထဲ ထိုးကျတိမ်းမှောက်ရာမှ အမျိုးသမီး သုံးဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရင်းတိုက်ကုန်း ကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ ဇွန် ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်ဘက်မှ တောင်ကြီးဘက်သို့ လာသော နေကြာဖက်အိတ်တင် ကုန်တင်ယာဉ်တစ်စီးမှာလမ်းမဘေးသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားရာမှ ယာဉ်ပေါ်လိုက်ပါသူ အမျိုးသမီး သုံးဦးသေဆုံးပြီး အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ကျောက်တံခါးမြို့မ ရဲစခန်းမှ သိရသည်။

“ဖြစ်စဉ်ကတော့ ရန်ကုန်ဘက်ကနေပြီးတော့ မန္တလေးဘက်ကိုသွားတဲ့ယာဉ် နေကြာဖက်အိတ်တွေ သယ်လာတာ နေကြာဖက်အိတ်တွေ သယ်လာတဲ့ကားက ဒီလမ်းအကွေ့ သံလမ်းကွေ့ ရင်းတိုက်ကုန်းနားမှာ ရထားသံလမ်းရှိတယ်။ အဲ့ဒီရထားသံလမ်းကို ရောက်တဲ့အချိန်မှာ အရှိန်မထိန်းနိုင်ပဲနဲ့ လမ်းဘေးချောက်ထဲကို ထိုးကျတာ၊ ရေမြောင်းထဲ ထိုးကျတာ၊ လောလောဆယ် သုံးယောက်သေပေါ့၊ သုံးယောက် ဒဏ်ရာရပေါ့၊ ဒဏ်ရာရတဲ့လူတွေ အခြေအနေက မစိုးရိမ်ရပါဘူး။ ကောင်းပါတယ်။ ပြင်ပလူနာပဲရှိတယ် ဆေးရုံတက်စရာ မလိုဘူး။ အမှုဖွင့်တာကတော့ ၃၀၄-က၊ ၃၃၇ နဲ့ဖွင့်မယ်ဗျ” ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကူညီ ဆောင်ရွက်ပေးသည့် ကျောက်တံခါးမြို့မ ရဲစခန်းမှ တာဝန်မှူး ရဲအုပ်ကျော်သူထက်က ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၃၀ ရက် နံနက် ၆ နာရီခန့်က ကျောက်တံခါး မြို့မရဲစခန်းအပိုင် စခန်းမှ တောင်ဘက် ၃ မိုင် ၄ ဖာလုံခန့်အကွာ ရင်းတိုက်ကုန်း ကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ကျောက်တံခါး မြို့မရဲစခန်းမှ ရဲအုပ်ကျော်သူထက်နှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ကျောက်တံခါးမြို့နယ် ရင်းတိုက်ကုန်းရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်ပေါ်၌ နေကြာဖက်အိတ် ၁၀၀ ခန့်နှင့် ယာဉ်၏ခေါင်းခန်း အတွင်း၌ လူ ၆ ဦးခန့် တင်ဆောင်လိုက်ပါ၍ ယာဉ်မောင်းမောင်ဖြိုး ၂၁ နှစ် (ဘ) ဦးကြည်ကို အေးသာယာမြို့၊ တောင်ကြီးမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် SHN--------NISSAN DIESEL CD45 အမျိုးအစား အပြာရောင် ၁၀ ဘီးယာဉ်မှာ အရှိန်ရင်းတိုက်ကုန်းရွာ သံလမ်းကွေ့အနီး မိုင်တိုင်အမှတ် ၁၁၇ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြားသို့အရောက် အရှိန်မထိန်းနိုင်ပဲ ကားလမ်းမ၏ ၀ဲဘက်ခြမ်း လမ်းဘေးရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရာမှ ယာဉ်မောင်း မောင်ဖြိုးတွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိသော်လည်း ယာဉ်ခေါင်းခန်းတွင် အတူလိုက်ပါသူ မအေးသီတာထွန်း ၂၅ နှစ်(ဘ) (စုံစမ်းဆဲ) ရပ်ဆောက်မြို့၊ တောင်ကြီးမြို့နယ် နေသူတွင် နှာခေါင်းသွေးထွက် ၀ဲဘက်ခြေခုံ ပြတ်ရှဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံး၊ မချောချော ၂၅ နှစ်(ဘ)(စုံစမ်းဆဲ) ရပ်ဆောက်မြို့၊ တောင်ကြီးမြို့နယ်နေသူတွင် ၀ဲဘက်မျက်ခုံး ပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ၀ဲဘက်ခြေခုံပြတ်ရှ ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးနှင့် ဒေါ်ခင်မြင့်ကြည် (အသက်/အမည်/လိပ်စာစုံစမ်းဆဲ)မှာ နေကြာဖက် အိတ်များကြားတွင်ပိ၍ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သဖြင့် အမျိုးသမီးသုံးဦး သေဆုံး၍ ကျန်အမျိုးသား သုံးဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်နှင့် မစိုးရိမ်ရ အခြေအနေများ ရရှိသွားခဲ့ကြောင်း သိရသည်။

"ဘယ်လိုဖြစ်ပြီး မှောက်လည်းတော့ မသိဘူး ကားကတော့ ရထားလမ်းနဲ့ ကားလမ်းကြားက ရေအိုင်ထဲကို ထိုးကျသွားတာ၊ ကားပေါ်ပါတဲ့လူတွေက တောင်ကြီးဘက်က လူတွေများတယ်၊ တောင်ကြီးကို ခရီးကြုံ လိုက်လာတာလို့ ပြောတယ်၊ အမျိုးသမီးအလောင်း နှစ်လောင်းက အလွယ်တကူတွေ့တယ်၊ ကျန်တဲ့အမျိုးသမီး အလောင်းကိုကတော့ ကျောက်တံခါးက ရဲတပ်ဖွဲ့တွေဝိုင်းပြီး ရှာတော့မှ မနက်ကိုးနာရီ ကျော်လောက်မှ တွေ့တာ၊ အဲနေရာက ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်တတ်တယ်” ဟု အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သူ ကျောက်တံခါးမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ထားခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သည့် ယာဉ်မောင်း မောင်ဖြိုးအပေါ် ဥပဒေအရ အရေးယူပေးရန် ရဲအုပ်ကျော်သူထက်မှ တရားလိုလုပ် တိုင်တန်းခဲ့သောကြောင့် ကျောက်တံခါး မြို့မရဲစခန်းမှ ယာဉ်(ပ) ၃၀/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၀၃-က/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Eleven Media Group

ဒုတိယအကြိမ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တဲ့ Facebook ရဲ့ Aquila ဒရုန်း

ဒုတိယအကြိမ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တဲ့ Facebook ရဲ့ Aquila ဒရုန်း

လူလိုက်ပါခြင်းမရှိတဲ့ နေစွမ်းအင်သုံး Aquila ဒရုန်းကို ကမ္ဘာအင်တာနက်လိုင်း မမိတဲ့ ဒေသများအတွက် ကောင်းကင်ကနေ အင်တာနက်လိုင်း ဖြန့် ပေးဖို့ Facebook ဟာ အရီဇိုးနားသဲကန္တာရထဲမှာ ဒုတိယအကြိမ် စမ်းသပ်ပျံသန်းခဲ့ပါတယ်။


ပြီးခဲ့တဲ့ နှစ်က ဇွန်လက ပထမအကြိမ် ပျံသန်းခဲ့တဲ့ Facebook ရဲ့ ဒရုန်းဟာ ၁ နာရီနဲ့ ၃၆ မိနစ်ကြာ ပျံသန်းပြီး ရာသီဥတု ဆိုးရွားမှုကြောင့် မြေပြင်ပေါ် ဆင်းသက်ခါနီးမှာ တောင်ပံပျက်စီးသွားခဲ့ပါတယ်။ ယခုနှစ် မေလ၂၂ ရက် စတင် စမ်းသပ်ပျံသန်းခဲ့ရာမှာတော့ Aquila ဒရုန်းယာဉ်ဟာ ၁ နာရီ ၄၆ မိနစ်ကြာအောင် ပျံသန်းနိုင်ခဲ့ပြီး အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


Facebook ဟာ ဒရုန်းများနဲ့ အင်တာနက်လွှင့်ဖို့ ပြီးခဲ့တဲ့ ၂၀၁၄ လောက်ကတည်းက ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ နေစွမ်းအင်သုံး ဒရုန်းနဲ့  အင်တာနက် မရတဲ့ ဒေသမှ လူများအတွက် ကောင်းကင်ကနေ အင်တာနက်ဖြန့် ဖြူးဖို့ ဆိုတာ မတ်ခ်ဇူကာဘတ်ခ်ရဲ့ စိတ်ကူးဖြစ်ပြီး Aquila ကို ပထမဆုံး ပုံဖော်ခဲ့တာပါ။ Aquila ဒရုန်းယာဉ်ဟာ အပြင်မှာ တွေ့ နေကျ ဒရုန်းတွေနဲ့ ပုံစံအားဖြင့် ကွာခြားပြီး ကြီးမား ရှည်လျားလှတဲ့ တောင်ပံကြီးများနဲ့ အာရုံခံ sensors ရာပေါင်းများစွာတပ်ဆင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။


ယခုတစ်ကြိမ်မှာ Aquila ဒရုန်းဟာ အောင်အောင်မြင်မြင် ပျံသန်းနိုင်ခဲ့တယ် ဆိုပေမယ့် မဆိုစလောက် ပျက်စီးမှုလေးတွေတော့ ရှိထားတယ်လို့ ဆိုပါတယ်။ Facebook ဟာ ကောင်းကင်မှာ လနဲ့ ချီကြာအောင် ပျံသန်းနိုင်တဲ့ အင်တာနက်ဖြန့် ဖြူးရေး ဒရုန်းယာဉ်ကြီးများကို ထုတ်လုပ်ဖို့ စီစဉ်နေတာပါ။ အနာဂါတ်မှာ Aquila နွယ်ဝင် ဒရုန်းကြီးများကို ကောင်းကင်မှာ လပေါင်းများစွာ ကြာအောင် လွှင့်တင်သွားဖို့ နီးစပ်လာနေပြီ ဖြစ်ပါတယ်။

Duwun

စည်ပင်နယ်နမိတ်အတွင်း ဆိုင်ကယ်စီးတာတွေကို ဇူလိုင် ၁ ရက်က စပြီး အရေးယူမယ်

စည်ပင်နယ်နမိတ်အတွင်း ဆိုင်ကယ်စီးတာတွေကို ဇူလိုင် ၁ ရက်က
စပြီး အရေးယူမယ်

ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်ထဲမှာ ဆိုင်ကယ်စီးနင်းတာတွေကို ဇူလိုင်လ ၁ ရက်နေ့ကနေစပြီး စစ်ဆေး အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။

 စည်ပင်နယ်နိမိတ်က ဆိုင်ကယ်စီးနင်းခွင့်တားမြစ်ထားတဲ့ နယ်မြေဖြစ်လို့ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဆိုင်ကယ်စီးနင်းခွင့် လုံးဝခွင့်မပြုနိုင်ကြောင်းနဲ့ ဇူလိုင်လ ၁ ရက်နေ့ကစပြီး ဆိုင်ကယ်စီးနင်းတာကို စစ်ဆေးတွေ့ရှိရင် ဆိုင်ကယ်တွေကို သိမ်းဆည်းသွားမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


“စည်ပင်နယ်နိမိတ်မှာ ဆိုင်ကယ်စီးနင်းခွင့်ကိုသက်ဆိုင်ရာ အစိုးရအဖွဲ့များသာလျှင်ခွင့်ပြုထားတယ်။ ကျန်တဲ့မည်သူမဆိုစီးနင်းခွင့်ပြုမထားပါဘူး”လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။
တိုင်းဒေသကြီးအစိုးရရဲ့ ဇူလိုင်လ တစ်ရက်နေ့ကစပြီး စည်ပင်နယ်နိမိတ်ထဲမှာ ဆိုင်ကယ်စီးနင်းတာတွေကို စိစစ်အရေးယူမယ့် စီမံချက်နဲ့ ပတ်သက်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က ပြည်သူတချို့က ဆိုင်ကယ်စီးနင်းခွင့်ရရှိဖို့ သက်ဆိုင်ရာကို တင်ပြတောင်းဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Source : The Voice

Duwun

Facebook မှာ ရိုင်းတဲ့ ကော်မန့်တွေကို ဘယ်လိုတုံ့ပြန်မလဲ

Facebook မှာ ရိုင်းတဲ့ ကော်မန့်တွေကို ဘယ်လိုတုံ့ပြန်မလဲ

အပြုသဘောမဆောင်တဲ့ ကော်မန့်တွေ မန့်ခံရတယ်ဆိုရင် သင့်စိတ်ထဲ တနုံ့နုံ့ ခံစားနေရတတ်ပါတယ်။ မကျေမချမ်းဖြစ်ရပါတယ်။ ဒါပေမယ့် ကောမန့် မန့်ပြီဆိုတာနဲ့ ဒါဟာ သင့်ကို သူတို့ ဂရုစိုက်တယ်ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။ သင်ရေးတဲ့ ပို့စ်ဟာ သူတို့တွေးခေါ်မှုထဲဝင်ရောက်သွားတယ်ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။ သင်စိတ်အနှောင့်အယှက်မဖြစ်ဖို့အတွက် ကော်မန့်တွေကို တုံ့ပြန်မယ်ဆို ဒါလေးတွေ သိထားသင့်ပါတယ်။

၁ - မဖျက်နဲ့
သူ့ကော်မန့်ကို ဖျက်လိုက်တယ်ဆိုတာက သူ့ကို ဆဲသလိုပါပဲ။ မကြိုက်လို့ ဖျက်တယ်ကွာ၊ မင်းဘာလုပ်ချင်လဲဆိုတာမျိုးပါ။ ရိုင်းပြသလို ဖြစ်သွားပါတယ်။ သူ့ဘက်က ဒီထက် ဆိုးတဲ့အရေးအသားတွေကို သူ့အကောင့်မှာ အကျယ်တဝင့် ရေးတဲ့ထိ ဖြစ်သွားနိုင်ပါတယ်။


၂ - Hide ပါ
သင်မကြိုက်ဘူး၊ တုံ့လည်းမတုံ့ပြန်ချင်ဘူးဆိုရင် ကော်မန့်ကို Hide လုပ်လိုက်တာက အကောင်းဆုံးပါပဲ။ Hide လုပ်ထားတဲ့ကော်မန့်ကို  ရေးတဲ့လူနဲ့ သူ့သူငယ်ချင်းတွေကတော့ မြင်ရမှာဖြစ်ပြီး ကျန်တဲ့လူတွေကတော့ မြင်ရမှာ မဟုတ်တော့ပါဘူး။ ဒါဟာ ပြသနာကို လက်တွေ့ကျကျ ဖြေရှင်းနည်းဖြစ်သလို နားလည်မှုလွဲပြီးဖြစ်တဲ့ ပြသနာတွေကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

၃ - ဘလော့
သင့်ပေ့ခ်ျမှာ အမြဲတမ်း အပျက်သဘောတွေပဲ ရေးနေတယ်၊ လက်တွေ့ကျကျ မစဉ်းစားဘဲ ပုဂ္ဂိုလ်ရေးတွေပဲ တိုက်ခိုက်နေတယ်ဆိုရင် Ban ထား၊ Block ထားလို့ ရတာပါပဲ။ ကော်မန့်တွေ၊ ပို့စ်တွေနဲ့ နေ့စဉ်စိတ်ဆင်းရဲမှုဒဏ်ကို မခံနိုင်ဘူး၊ မိတ်ဆွေဆက်ဆံရေးပျက်လည်း ဂရုမစိုက်တော့ထိ စိတ်ကို ဒုက္ခပေးနေတယ်ဆို ဒီလမ်းကို ရွေးလို့ရတာပါပဲ။ ဒီလမ်းကို မရွေးချင်ဘူးဆိုရင်တော့ သင့်အနေနဲ့ ဖေ့ဘွတ်မသုံးရုံဘဲ ရှိပါတော့တယ်။


၎ - ချက်ကျလက်ကျ
သင်က ဝေဖန်ရေးပို့စ်တွေ တင်တတ်သူ၊ အထင်အမြင်တွေကို ရဲရဲ ပြောတတ်သူဆိုရင်တော့ အရေထူဖို့ လိုပါမယ်။ အပြင်မှာဆိုရင် စကားတစ်ခွန်း ပြောဖို့ ဝန်လေးကြပေမယ့် ကော်မန့်တစ်ခုရေးဖို့ ဆိုရင်တော့ လက်ယှဉ်ကြတာများပါတယ်။ reply ပြန်တော့မယ်ဆိုရင် သင့်ဘက်က ယဉ်ကျေးပြနေစရာလည်း မလိုသလို၊ ဒေါသထွက်နေကြောင်းလည်း ပြစရာ မလိုပါဘူး။ သူပြောတာကိုပဲ ချက်ကျလက်ကျ ပြန်ရေးရမှာပါ။ အချိန်ယူသင့်ရင် ယူပါ။

၅ - ဝန်ခံ
သင့်ဘက်ကလည်း မှားတယ်ဆိုတာ သိတယ်၊ အများအမြင်မှာလည်း မှားနေကြောင်း ထင်ရှားတယ်ဆိုရင် ကော်မန့်မှာ ရိုးရိုးရှင်းရှင်းပဲ မှားကြောင်းဝန်ခံလိုက်ပါ။ ဒါဟာ သင့်အမှားအတွက် အကောင်းဆုံး တုံ့ပြန်နည်းပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကော်မန့်ရေး လက်ယှဉ်သူတွေထဲမှာ သင်ဟာ အများနဲ့တစ်ယောက်ဖြစ်သွားပါလိမ့်မယ်။  ပြောလို့ရပြီဆိုတာနဲ့ ဝိုင်းပြောချင်ကြတာပါ။

Photos & Source: Super Spicy Media

Duwun

အသက် ၂၅ နှစ် ကျော်လာတဲ့အခါ ပြောင်းလဲသွားတဲ့အကျင့် (၇) ခု

အသက် ၂၅ နှစ် ကျော်လာတဲ့အခါ ပြောင်းလဲသွားတဲ့အကျင့် (၇) ခု

ဘယ်အသက်အရွယ်ကိုပဲ ရောက်နေပါစေဦးတော့ သင်က အသက် ၂၅ နဲ့ အသက် ၃၀ ကြားထဲမှာ ရောက်နေသူဆိုရင် ဒါတွေပြောင်းလဲလာပြီဆိုတာ လက်ခံရမှာပဲ။ ဘာတွေပြောင်းလဲလာပြီလဲဆိုတာ ကိုယ်တိုင်က သတိမထားမိခဲ့ဘူး။ အခု ဒီစာကိုမြင်ရင်တော့ သိသိသာသာ ပြောင်းလဲလာတယ်ဆိုတာ သိသွားပါလိမ့်မယ်။ လူ့သက်တမ်းရဲ့ သုံးပုံတစ်ပုံကို ရောက်လာတော့ တည်ငြိမ်လာတယ်လို့ ပြောရမှာပေါ့နော်။

၁။ အပျော်အပါး

အရင်ကတော့ ကလပ်တွေသွား၊ ဘားတွေသွား ကဲပလိုက်ကြတာပဲ။ EDM ပွဲတွေဆိုလည်း မလွတ်စေရဘူး။ ပိုက်ဆံမရှိလည်း ရှာကြံကဲတာ။ ခုတော့ နားဆူ၊ လူရှုပ်တာဆို သိပ်မကြိုက်ချင်တော့ဘူး။ အဲ့လိုကဲနေတာတွေ မြင်ရင်လည်း မကြည့်ချင်တော့တာ။

၂။ သူငယ်ချင်းတွေ

အရင်ကတော့ အပေါင်းအသင်းများတာပေါ့။ ဟိုနေရာသွားဖို့ချိန်း၊ ဒီနေရာသွားဖို့ချိန်း လည်ဖို့ပတ်ဖို့ပဲ ခေါင်းထဲရှိတာ။ အပြင်ထွက်ပြီဆိုလည်း တစ်နေရာတည်းမဟုတ်ဘူး။ တစ်နေရာပြီးရင် နောက်တစ်နေရာပါ ဆက်သွားတာ။ ခုများတော့ ကိုယ့်နားရက်ဆိုမှ သူငယ်ချင်းတွေနဲ့ တွေ့တော့တယ်။ ဒါတောင် အချိန်အကန့်အသတ်လေးနဲ့ပဲ။ တစ်နေရာသွားပြီးရင် နောက်နေရာဆက်လည်ပတ်ဖို့လည်း စိတ်မပါတော့ဘူး။ အိမ်ပြန်နားချင်တော့တာပဲသိတယ်။

၃။ ဖုန်းမက်ဆေ့

အရင်ကလို ဖုန်းထဲမှာ မက်ဆေ့တွေ ပလူပျံမနေတော့ဘူး။ ကိုယ်လည်းမပို့ဘူး။ ကိုယ့်ကို မက်ဆေ့ပုံမှန်ပို့တာဆိုလို့ MPT ၊ Ooredoo နဲ့ Telenor ပဲ ရှိတော့တယ်။

၎။ ခရီးသွားတယ်

အရင်က ခရီးသွားတယ်ဆိုတာ လည်ဖို့ပတ်ဖို့ ၊ အထူးအဆန်းတွေကို လုပ်ကြည့်ချင်လို့သွားတယ်။ ခုနောက်ပိုင်းတော့ ခရီးသွားပြီဆိုရင် သက်တောင့်သက်သာဖြစ်ဖို့ကို အရင်ဆုံးတွေးတယ်။ ပြီးရင် လေ့လာစရာတွေ၊ ရှုခင်းနဲ့ သဘာဝအလှတွေကို ခံစားနိုင်မယ့် ခရီးတွေကိုပဲ သွားတော့တယ်။

၅။ ချစ်သူရွေးတဲ့အခါ

အရင်ကဆိုရင်တော့ ကောင်မလေး ချောချောလေး .. အလန်းလေးတွေပဲ စိတ်ဝင်စားတယ်။ ဖလန်းဖလန်းထတဲ့ ကောင်မလေးတွေကိုပဲ တွဲချင်တာ။ နောက်ပိုင်းမှာတော့ ဘဝအတွက် လက်တွဲဖော်ကို စပြီးရှာဖွေပြီဆိုတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရင့်ကျက်တဲ့မိန်းကလေးတွေကို ပိုသဘောကျလာတယ်။ ချက်တတ်ပြုတ်တတ် အိမ်မှုကိစ္စနိုင်နင်းတဲ့ ကောင်မလေးတွေကို သဘောကျမိတယ်။ ကိုယ့်အပေါ် နားလည်ခွင့်လွှတ်ပေးမယ့် အေးချမ်းတဲ့ချစ်သူလေးကိုမှ တန်ဖိုးထားချင်တာ။

၆။ ရူးရူးမိုက်မိုက်ချစ်ပြတာတွေမရှိတော့ဘူး

မိုးရေထဲ ထီးမပါဘဲ အတူလျှောက်တာတွေလား? No ပါ။ ကိုယ်လည်း အအေးမိပြီးဖျားမှာ မလိုချင်ဘူး။ ချစ်သူလေး အအေးမိသွားမှာလည်း မလိုလားဘူး။ သူကအစားအသောက် အနေအထိုင် မဆင်ခြင်ရင်တောင် ကိုယ့်မှာစိတ်ပူပြီး ဆူရသေးတယ်။

၇။ တစ်ယောက်တည်းလည်းပျော်နိုင်ပြီ

ငယ်တုန်းကတော့ တစ်ယောက်တည်းမနေတတ်ဘူး။ ဘယ်သူရှိနေမှ၊ အပေါင်းအသင်းတွေနဲ့ တွေ့နေရမှ နေတတ်တာ။ တစ်ယောက်တည်းနေရင် ရူးသွားမလားလို့တောင် ထင်ရတယ်။ ခုများဆို တစ်ယောက်တည်းနေတတ်ပြီ။ တစ်ယောက်တည်းကမှ ပိုလွတ်လပ် ပိုပျော်သလိုပဲ။

Duwun

ညအိပ်မပျော်ရင် ဒါလေးဖတ်ပါ

ညအိပ်မပျော်ရင် ဒါလေးဖတ်ပါ

တစ်နေကုန်အလုပ်တွေပင်ပန်းထားပေမယ့်
ညအိပ်ခါနီးကျမှ အိပ်မပျော်တာမျိုးက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့မှာအရေးကြီးမီတင်တွေကလည်း ရှိနေတော့ အိပ်ရေးပျက်လို့ကလည်း မရဘူး။

တကယ်တော့ အိပ်ရေးပျက်ရောဂါ (insomnia) က လူကိုတော်တော်ဒုက္ခပေးတာပါ။ ညဘက်နားချိန်ကလေးမှာ စိတ်အေးလက်အေးနဲ့ သက်တောင့်သက်သာ အိပ်ပျော်နိုင်ဖို့ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

၁။ အပူချိန်ကိုထိန်းညှိပါ

ပူလွန်းရင် အိပ်မပျော်နိုင်သလို အေးလွန်းရင်လည်း အိပ်လို့အဆင်မပြေပါဘူး။ ဒါကြောင့် အခန်းအပူချိန်ကို ခင်ဗျားအိပ်လို့ သက်တောင့်သက်တာရှိမယ့် အနေအထားမှာ ထိန်းညှိထားပေးလိုက်ပါ။ အဲလ်ကွန်း ဖွင့်မယ်ဆိုရင် မပူလွန်း၊ မအေးလွန်းတဲ့ အနေအထားမှာပဲထားပါ။ နောက်ပြီး ညအိပ်ခါနီးရင် essential oil တစ်မျိုးမျိုးကိုလိမ်းပေးတာဟာလည်း ပိုမိုလွယ်ကူစွာ အိပ်မောကျနိုင်အောင် ကူညီပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ နေ့လည်ဘက်မှာနေရောင်ကို လုံလောက်စွာရရှိအောင် ခံယူတာဟာလည်း ခန္ဓာကိုယ်ရဲ့ဇီဝနာရီကို မှန်ကန်စေပြီး လူကိုကောင်းကောင်းအိပ်ပျော်စေပါတယ်။

၂။ ညစာစားရင် သတိထားပါ

လေ့လာမှုတွေက ဖော်ပြထားတာကတော့ မဂ္ဂနီစီယမ်နဲ့ ဗိုက်တာမင် ဘီစစ်ကြွယ်ဝတဲ့အစားအသောက်တွေက အိပ်ရေးပျက်ရောဂါနဲ့ဆက်စပ်နေပြီး ပိုမိုလွယ်ကူစွာ အိပ်မောကျစေပါသတဲ့။ နောက်ပြီး အချိုများတဲ့အစားအသောက်တွေကို အိပ်ယာဝင်ခါနီးစားသုံးခြင်းကို ရှောင်ရှားသင့်ပြီး မီလာတိုနင် (melatonin) မြင့်တက်စေဖို့ ပရိုတိန်းဓာတ်ပါဝင်တဲ့ အစားအသောက်တွေကိုတော့ နည်းနည်းစားပေးသင့်ပါတယ်။
အားလုံးသိထားပြီးတဲ့အတိုင်း ကဖင်းဓာတ်ကတော့ ခင်ဗျားရဲ့မျက်လုံးတွေကို အိပ်ချင်စိတ်ကြောင့် မျက်ခွံတွေလေးလံလာခြင်းမှ ကာကွယ်ပေးထားမှာဖြစ်လို့ အိပ်ခါနီး ကော်ဖီမသောက်သင့်ပါဘူး။

၃။ စိတ်ကိုရှင်းလင်းထားပါ

သားရေး၊ သမီးရေး၊ မိသားစုရေးနဲ့ပူလောင်နေမယ်ဆိုရင်၊ ခေါင်းထဲမှာ တွေးစရာတွေများလွန်းနေမယ်ဆိုရင် အိပ်ရတာ အဆင်ပြေမယ်မထင်ပါဘူး။ ဒါကြောင့် အိပ်ခါနီး တရားထိုင်တာတို့၊ စိတ်ကိုငြိမ်းချမ်းစေမယ့် စာအုပ်လေးတွေဖတ်ပေးတာတို့က အိပ်ပျော်စေဖို့အထောက်အကူဖြစ်စေပါတယ်။

၎။ အိပ်ယာထဲကို လျှပ်စစ်ပစ္စည်းတွေယူမသွားပါနဲ့

မိမိရဲ့အိပ်ခန်းထဲမှာ တီဗီတွေ၊ ကွန်ပျူတာတွေလို လျှပ်စစ်ပစ္စည်းတွေထားထားတာက အကြံကောင်းတစ်ခုတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ညဘက်မှာ လျှပ်စစ်ပစ္စည်းတွေက ထုတ်လွှင့်တဲ့ blue light လို့ခေါ်တဲ့အလင်းက မျက်စိအာရုံကြောတွေကို ထိခိုက်စေနိုင်ပြီး အိပ်ခါနီးမျက်စိကြောင်စေနိုင်ပါတယ်။ နောက်ပြီး ဒါတွေသာအိပ်ခန်းထဲရှိနေရင် အိပ်ခါနီးဖုန်းပွတ်နေမိတာနဲ့ အိပ်ချင်စိတ်ပေါ်လာမှာ မဟုတ်တော့ပါဘူး။

၅။ မနက်ပိုင်းအချိန်မှာလေ့ကျင့်ခန်းလုပ်ပေးပါ

မိမိရဲ့တစ်နေ့တာလုပ်ဆောင်မှုတွေက အိပ်စက်ခြင်းကိုအကျိုးသက်ရောက်မှုရှိပါတယ်။ မနက်ပိုင်းအချိန်မှာ လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းတစ်ခုဖြစ်သလို ညအိပ်ယာဝင်ချိန်မှာ အလွယ်တကူ အိပ်မောကျအောင်လည်း ကူညီပေးနိုင်ပါတယ်။ နေရောင်ခြည်နဲ့ မနက်ခင်းလေပြည်လေညင်းလေးတွေရဲ့ကုထုံးက တစ်နေ့တာလုံး စိတ်ကိုကြည်လင်လန်းဆန်း စေရုံသာမက ညအိပ်ယာဝင်ချိန်မှာလည်း အထောက်အကူပြုနိုင်တာကို တွေ့ရှိရမှာပါ။

Duwun

ကိုယ်နံ့ပုံမှန်မဟုတ်တဲ့ လက္ခဏာ (၆) ခု

ကိုယ်နံ့ပုံမှန်မဟုတ်တဲ့ လက္ခဏာ (၆) ခု

တကယ်တော့ ခန္ဓာကိုယ် ကိုယ်နံ့နံတယ်ဆိုတာ သဘာဝပါ။  ဒါပေမယ့် တချို့လူတွေမှာတော့  အနံ့ပိုပြင်းနေတတ်ပါတယ်။ ဒီလို သာမန်ကိုယ်နံ့ပြင်းသူဆိုတာထက် ပိုနေတာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် ကိုယ်နံ့အလွန်ပြင်းတာဟာ ကိုယ်တွင်းလက္ခဏာတွေ ပုံမှန်မဟုတ်တာ၊ ရောဂါတစ်ခုခု ဖြစ်နေတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သမာရိုးကျမဟုတ်တဲ့ ခန္ဓာကိုယ်နံ့မျိုး သင့်ခန္ဓာကိုယ်ကထွက်နေတယ်လို့ ထင်တယ်ဆိုရင် အောက်ပါလက္ခဏာတွေကို သတိထားသင့်ပါတယ်။

၁ - သစ်သီးနံ့
ဆီးချိုသွေးချိုရှိသူတွေဟာ အသီးနံ့မျိုး ရတတ်ပါတယ်။ ketones လို့ခေါ်တဲ့ ဓာတုဗေဒအမျိုးအစားတစ်ခုကြောင့် အဆိုပါ အသီးနံ့က ဖြစ်လာတာပါ။ အဆိုပါအနံ့ဟာ အသက်ရှုတဲ့ အခါမျိုးမှာ ပိုသိသာလာတတ်ပါတယ်။


၂ - ဆီးနံ့ဆိုးတယ်
အပေါ့သွားတဲ့အခါမျိုးမှာ ဆီးနံ့က သာမန်ထက်ပိုမိုဆိုးဝါးတာ ဖြစ်ပါတယ်။ ဆီးနံ့ ဆိုးဝါးစွာနံခြင်းဟာ ရောဂါလက္ခဏာကြီးမဟုတ်ပေမယ့် ပိုးဝင်တာ၊ ဆီးချိုသွေးချိုဖြစ်တာနဲ့ အခြားကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

၃ - ကြောင်သေးနံ့
ခန္ဓာကိုယ်ဟာ ကြောင်သေးနံ့လို နံနေတယ်ဆိုရင်တော့ 3MCC (3-Methylcrotonylglycinuria) လို့ခေါ်တဲ့ အခြေအနေတစ်ခုကြောင့် ဖြစ်ပါတယ်။ မျိုးဗီဇတွေ ပုံမှန်မဟုတ်တဲ့ လက္ခဏာမျိုးဖြစ်ပြီးခန္ဓာကိုယ်ဟာ ပရိုတိန်းတွေကို ခြေဖျက်ဖို့ လိုအပ်တဲ့ အင်ဇိုင်း(enzyme) တွေ ကင်းမဲ့နေတာ ဖြစ်ပါတယ်။ အဆိုပါ လက္ခဏာဟာမွေးကင်းစ ကလေးတွေမှာ ဖြစ်တတ်ပြီး တစ်ခါတစ်ရံ လူကြီးတွေမှာပါ ဖြစ်ပွားတတ်ပါတယ်။


၎ - အဝေးကြီးကတောင် နံတယ်
trimethylaminuria လို့ ခေါ်ပြီး မျိုးဗီဇပုံမှန်မဟုတ်တဲ့ ရှားပါးတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ ကိုယ်တွင်းအဆိပ်တွေကို ပုံမှန်ဇီဝဖြစ်စဉ်အတိုင်း အလုပ်မလုပ်ပေးနိုင်တော့တာကြောင့် အဆိပ်တွေဟာ ခန္ဓာကိုယ်မှာ စုပုံနေတာ ဖြစ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကို ပြင်းထန်တဲ့ အနံ့ဆိုးတွေ ထွက်စေတာ ဖြစ်ပါတယ်။

၅ - ဒဏ်ရာအနာ
ဒဏ်ရာတွေ၊အနာတွေကြောင့်လည်း ဖြစ်နေတတ်ပါတယ်။ ပိုးဝင်ပြီး အနာမကျက်တဲ့အခါ အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ pseudomonas လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးဟာ အနံ့ဆိုးတွေကို ထင်ထင်ရှားရှားကို ထွက်စေတဲ့ ပိုးတစ်မျိုးဖြစ်ပါတယ်။

Photos & Source: Bustle

Duwun

မေ့တတ်တဲ့အကျင့်ကို ဘယ်လိုကုစားကြမလဲ

မေ့တတ်တဲ့အကျင့်ကို ဘယ်လိုကုစားကြမလဲ

စာမေးပွဲခန်းထဲမှာ ဇောချွေးပြန်အောင်ထိုင်နေရပြီိး ကျက်လာတဲ့စာတွေမေ့သွားလို့ စာမေးပွဲမဖြေနိုင်ခဲ့တာမျိုး ရှိခဲ့ဖူးလား။ ဒါမှမဟုတ် အရေးကြီးမိတင်တစ်ခုမှာ presentation ပြရမယ့် slide အိမ်ကစက်ထဲမှာ ကျန်ခဲ့လို့ တိုင်ပတ်ဖူးပါသလား။

ဒါတွေဟာ မှတ်ဉာဏ်အားနည်းခြင်းကြောင့်ဖြစ်လာတဲ့ မေ့လျော့ခြင်းလက္ခဏာတွေပါပဲ။ မေ့လျော့ခြင်းဟာ ဆိုးဝါးတဲ့စိတ်ရောဂါအနုစား တစ်မျိုးထဲမှာပါပြီး ရောဂါပြင်းထန်လာရင်တော့ အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ မေ့လျော့ခြင်းရောဂါတို့၊ အမ်မနီးဆီးယားလို့ခေါ်တဲ့ အတိတ်မေ့ရောဂါတို့ဖြစ်စေနိုင်ပါတယ်။

ဒါပေမယ့်စိတ်တော့ မပူပါနဲ့။ မေ့လျော့တတ်ခြင်းကို ကင်းဝေးစေပြီး မှတ်ဉာဏ် ပြန်လည်ကောင်းမွန်လာအောင် လုပ်လို့ရတဲ့နည်းလမ်းလေးတွေရှိနေပါသေးတယ်။

၁။ အိပ်ရေးဝအောင်အိပ်ပါ
တစ်နေကုန်လည်း အလုပ်တွေအသေလုပ်ထားပြီး ညကျရင်လည်း ဖုန်းကိုပဲ ဉာဉ့်နက်တဲ့အထိသုံးနေမယ်ဆိုရင် ခင်ဗျားရဲ့အိပ်ချိန်လစ်မစ်ကလည်း ကျသွားပါလိမ့်မယ်။ အိပ်ရေးဝအောင်အိပ်ဖို့ဆိုရင် တစ်နေ့ကို (၈) နာရီလောက်တော့ အိပ်သင့်ပါတယ်။ အိပ်စက်ခြင်းက အရာဝတ္ထုတွေကိုမှတ်သားနိုင်စွမ်းကို တိုးတက်စေနိုင်တဲ့အတွက် အိပ်ရေးပျက်မယ်ဆိုရင် ခင်ဗျားရဲ့မှတ်ဉာဏ်တွေကျဆင်းပြီး မေ့လျော့တတ်တဲ့ အကြိမ်ရေလည်း တိုးလာပါလိမ့်မယ်။ ဒါကြောင့်တတ်နိုင်သမျှအချိန်ကြာအောင် အိပ်စက်ပေးပါ။ အိပ်စက်ခြင်းက ခင်ဗျားကိုအကျိုးပြုနိုင်ပါတယ်။

၂။ တရားထိုင်ပါ

ဆိတ်ငြိမ်တဲ့နေရာတစ်နေရာမှာထိုင်ပြီး ဝင်လေထွက်လေ ထိုင်ရှုတာက စိတ်ကိုငြိမ်းချမ်းစေတဲ့ အကျိုးကျေးဇူးရှိတာကို သိကြမှာပါ။ စိတ်ရဲ့ငြိမ်းချမ်းမှုကိုရှာဖွေခြင်းက မှတ်ဉာဏ်ကိုလည်း တိုးတက်စေပါတယ်။ တစ်နေ့ကို မိနစ် (၂၀) လောက်တရားထိုင်ပေးခြင်းက ခင်ဗျားကိုအများကြီးအကျိုးဖြစ်ထွန်းစေပါတယ်။ ဒါပေမယ့် တရားထိုင်နေတဲ့မိနစ် (၂၀) အတွင်းတော့ သေသေချာချာအာရုံစိုက်ဖို့တော့ လိုပါတယ်။ တစ်ခါတလေမှာဆိုရင် တရားထိုင်နေရင်း အရင်တုံးကမေ့နေတဲ့အကြောင်းအရာတွေ၊ မသိစိတ်ထဲမှာပုန်းကွယ်နေတဲ့ အိုင်ဒီယာတွေကိုတောင် ပြန်ထွက်ပေါ်လာစေနိုင်ပါသေးတယ်။

၃။ ကျန်းမာအောင်နေထိုင်စားသောက်ပါ

အစားအသောက်က ကျွန်တော်တို့အသက်ဇီဝဆက်လက်ရှင်သန်နေဖို့အတွက် ကင်းကွာလို့မရတဲ့အရာတစ်မျိုးပါ။ အဲဒီလောက်အရေးကြီးတဲ့အစားအသောက်ကို ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေဖို့ ဂရုစိုက်ပေးခြင်းက အလွန်အရေးကြီးတယ်ဆိုတာကို ငြင်းဆိုဖွယ်မရှိပါဘူး။ ခင်ဗျားစားနေကျ ကြက်ကြော်တွေ၊ အာလူးချောင်းကြော်တွေနေရာမှာ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေနဲ့ အစားထိုးလိုက်ပါ။ အသီးအရွက်များများစားပေးခြင်းက အသားအရေအတွက်ပဲကောင်းတာမဟုတ်ပါဘူး။ မှတ်ဉာဏ်ကိုလည်းတိုးတက်စေပါတယ်။

၎။ အာရုံအပြည့်အဝစိုက်ပါ

ပတ်ဝန်းကျင်မှာရှိနေတဲ့အရာတွေကို တကယ်ကော အာရုံစိုက်မိပါသလား။ သတိမမူ ဂူမမြင်ဆိုသလိုပဲ နေမိပါသလား။ မနက် မနက်ရုံးသွားရင် ဘယ်သူတွေနဲ့တွေ့တယ်။ ဘယ်နေရာမှာ လမ်းဖြတ်ကူးရပြီး ဘယ်နေရာမှာ မြောင်းအပေါက်ကိုကျော်ရတယ်။ စတဲ့အသေးစိတ်အချက်လေးတွေကိုကော သတိထားမိပါရဲ့လား။ ပတ်ဝန်းကျင်ကို သေချာအာရုံစိုက်ဖို့က အလွန်အရေးကြီးတယ်ဆိုတာကို နားလည်ထားရပါမယ်။ ဘာလို့လဲဆိုတော့ အာရုံစူးစိုက်ခြင်းကို မှတ်ဉာဏ်ကို နှိုးဆွပေးနိုင်တဲ့အကောင်းဆုံးအရာတစ်ခုဖြစ်နေလို့ပါပဲ။

၅။ အလုပ် (၂)မျိုး (၃) မျိုးကိုတပြိုင်တည်းမလုပ်ပါနဲ့

Multitasking လို့ခေါ်တဲ့ အလုပ် (၂)မျိုး (၃) မျိုးကိုတပြိုင်တည်းလုပ်ခြင်းက ထူးချွန်တဲ့လူတွေပဲလုပ်နိုင်တာလို့ ထင်ကြပါလိမ့်မယ်။ အမှန်တကယ်လည်း အဲဒီလိုလုပ်နိုင်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် အဲဒီလို အလုပ် (၂)မျိုး (၃) မျိုးကိုတပြိုင်တည်းလုပ်ခြင်းက ခင်ဗျားရဲ့မှတ်ဉာဏ်ကိုအလုပ်ပိုပေးပြီး တစ်ခုခုကိုမေ့လျော့နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် တစ်ခုပြီးမှတစ်ခု လုပ်တာအကောင်းဆုံးပါပဲ။

၆။ မှတ်စုစာအုပ်ဆောင်ထားပါ

ဟုတ်ပြီ။ မှတ်ဉာဏ်ပြန်ကောင်းလာစေဖို့အတွက် ပစ္စည်းကိရိယာအကူအညီယူတာ ဘာမှမမှားပါဘူး။ အကောင်းဆုံးအထောက်အကူပေးနိုင်တဲ့ ပစ္စည်းကိရိယာကတော့ မှတ်စုစာအုပ်ပါပဲ။ အခုလို ဒစ်ဂျစ်တယ် ခေတ်ကြီးထဲမှာ ဖုန်းတို့၊ တက်ဘလက်တို့လို လျှပ်စစ်ပစ္စည်းတွေနဲ့လည်း မှတ်စုရေးနိုင်တယ်ဆိုပေမယ့် ရှေးရိုးပုံစံမှတ်စုစာအုပ်နဲ့ရေးရတာက မှတ်သားနိုင်စွမ်းကို ပိုမိုတိုးတက်စေပါတယ်။ တစ်နေ့တာလုပ်ဆောင်ဖွယ်တွေကို အဲဒီမှတ်စုစာအုပ်ထဲမှာ ချရေးပြီးမှတ်ထားလိုက်ပါ။

Source: Youngisthan

Duwun

ကလေးတွေကို ပြောမယ်ဆိုရင် နားဝင်အောင် ဘယ်လိုပြောမလဲ

ကလေးတွေကို ပြောမယ်ဆိုရင် နားဝင်အောင် ဘယ်လိုပြောမလဲ

ကလေးဆိုတာ ဖြူစင်ရိုးသားမှု အပြည့်ရှိသူတွေပါ။ သင်အရောင်ဆိုးရင် ဆိုးသလောက်ပြောင်းလဲသွားနိုင်ပါတယ်။
ကလေးတွေကို သင့်ဘက်က ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြချင်ပါတယ်။

၁ - အော်ခြင်း
ကလေးတွေကို မအော်ပါနဲ့။ အော်တာဟာ ရိုက်သလိုပါပဲ။ အပြုအမူတစ်ခုကို ပြောင်းလဲစေဖို့အတွက်ကတော့ ဘာမှ ထိရောက်ခြင်းမရှိပါဘူး။ နောက်ပိုင်းမှာ အော်မပြောရင် သင့်ဘက်ကလေးနက်ခြင်းမရှိဘူးလို့ ကလေးက မှတ်ယူသွားတာကြောင့် အမြဲတမ်းအော်နေရပါလိမ့်မယ်။


၂ - နူးညံ့မှုနဲ့ ပြတ်သားမှု
ကလေးတွေနဲ့ပတ်သက်လို့ နူးညံ့စွာ ကိုင်တွယ်ဖို့လိုပါတယ်။  သင့်ပြောဆိုမှုကလည်း ပြတ်သားဖို့လိုပါတယ်။ ကလေးတစ်ယောက်ဟာ အိပ်ရာပေါ် ခုန်ပေါက်ဆော့နေတဲ့ အခါ အိပ်ရာပေါ် တက်မဆော့စေချင်ကြောင်း သင့်ဘက်က ခိုင်မာ လေးနက်တဲ့အသံနဲ့ တစ်ကြိမ်ပဲ သူ့ကို သေချာပြောရမှာ ဖြစ်ပါတယ်။ စကတည်းက အော်ဟစ်ပြီး အဆက်မပြတ်ပြောနေခြင်းဟာ ဘယ်လိုမှ မထိရောက်ပါဘူး။ လွပ်လပ်စွာနေထိုင်ချင်တဲ့ ကလေးရဲ့ အပြုအမူကို သင့်ဘက်က မျက်စိရှုပ်ရုံလောက်နဲ့ အော်ငေါက်မတားဆီးသင့်ဘူးဆိုတာကိုလည်း သတိထားသင့်ပါတယ်။ ကလေးရဲ့ လွပ်လပ်စွာနေထိုင်မှုကို ထိန်းချုပ်ရာကတစ်ဆင့် သူ့ရဲ့ လွပ်လပ်စွာ တွေးခေါ်တတ်မှုကိုပါ ထိန်းချုပ်သလို ဖြစ်သွားနိုင်ပါတယ်။

၃ - သူတို့အဆင့်နဲ့ ပြစ်ဒဏ်
သူတို့ကို မလုပ်သင့်ကြောင်းပြောတဲ့အခါ ကလေးရဲ့ အရွယ်ကိုလည်း ထည့်တွက်သင့်ပါတယ်။ အိပ်ရာပေါ်ခုန်ပေါက်ဆော့ရာက အောက်ကို ပြုတ်ကျနိုင်ကြောင်း၊ သူတို့တစ်ခုခု ဖြစ်သွားတဲ့အခါ အမေဟာ စိတ်ဒုက္ခရောက်ပြီး စိုးရိမ်ပူပန်ရမှာဖြစ်ကြောင်း စတာတွေကို ပြောရမှာပါ။ ကလေးအရွယ် သေးသေးလေးကို  တုတ်နဲ့ရိုက်မယ်လို့ ခြိမ်းခြောက်တာက သင်ဘယ်လိုမှ မပြောသင့်တဲ့ စကားပါ။


၎ - အပြောနဲ့အလုပ်ညီ
သင်ပြောရင် ပြောတဲ့အတိုင်း လုပ်တဲ့အခါ  သင့်စကားကို ကလေးတွေက လေးနက်စွာ နာခံပါတယ်။ သင်ကိုယ်တိုင် ပြောတဲ့အတိုင်းလုပ်တတ်သူ မဟုတ်ဘူးဆိုရင် သင့်စကားတွေကိုလည်း သူတို့က လေးနက်စွာ မှတ်ယူမှာ မဟုတ်ပါဘူး။ စကားနဲ့ သူတို့ကို ထိန်းသိမ်းဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ သူတို့မျှော်လင့်နေမယ့် ကိစ္စတွေမှာ တကယ်မဟုတ်ဘဲ ကတိပေးတာမျိုးတွေ မလုပ်ပါနဲ့။

၅ - မျက်လုံးခြင်းဆုံ
သူတို့ကိုပြောရင် သင်ကိုယ်တိုင်လည်း ထိုင်ပြီး ပြောပါ။ သူတို့အရပ်နဲ့ တန်းတူအနေအထားလောက်နဲ့ပြောပါ။ ပြောနေတဲ့အချိန်မှာလည်း မျက်လုံးခြင်းဆုံပေးပါ။ ထိုင်ပြောလိုက်ခြင်းကနေ သူတို့ဘက်က စိုးရွံ့စိတ်လျော့ကျသွားပြီး မျက်လုံးခြင်းဆုံပေးရာကနေ သင့်ဘက်က ပြောနေတဲ့ကိစ္စဟာ လေးလေးနက်နက်ရှိမှန်း သိစေပါတယ်။


၆ - ရိုးရိုးရှင်းရှင်း
သူတို့အသက်အရွယ်နဲ့ နားလည်နိုင်မယ့် ရိုးရှင်းတဲ့ စကားကိုပဲ သုံးပါ။ အတတ်နိုင်ဆုံး တိုတိုရှင်းရှင်း ပြောရမှာပါ။ သူတို့ကို ရှုပ်ထွေးသွားစေမယ့် စကားလုံးအကြီးကြီးတွေကို ရှောင်ရမှာပါ။ အရေးကြီးဆုံးကတော့ သူတို့ပြောတာကိုလည်း နားထောင်ပါ။

Photos & Source: Lifehack

Duwun

သြစတြေးလျတွင် ပထမဆုံး စစ်ဘက်ဆိုင်ဘာဌာန တည်ထောင်

သြစတြေးလျတွင် ပထမဆုံး စစ်ဘက်ဆိုင်ဘာဌာန တည်ထောင်

သြစတြေးလျနိုင်ငံဟာ ပထမဆုံး စစ်ဘက်ဆိုက်ဘာဌာနကို တည်ထောင်လိုက်ပြီး ထောက်လှမ်းရေး အေဂျင်စီရဲ့ လုပ်ပိုင်ခွင့်ကို တိုးချဲ့လိုက်တယ်လို့ ဝန်ကြီး ဒန်တီဟန်က ဇွန်လ ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဝန်ကြီး ဒန်တီဟန်က စစ်ဘက်ဆိုက်ဘာဌာနဟာ အိုင်အက်စ်တို့လို နိုင်ငံခြားရန်သူတွေကို ရှာဖွေဖော်ထုတ်နိုင်မှာဖြစ်ပြီး သြစတြေးလျ တပ်မတော်ကို ဆိုက်ဘာတိုက်ခိုက်ခံရမှုကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အခုဆိုရင် ထောက်လှမ်းရေးအေဂျင်စီဟာ ပင်လယ်ရပ်ခြား ရာဇဝတ်မှု ကျူးလွန်သူတွေကိုလည်း ရှာဖွေဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံဟာ Wannacry လို့ နာမည်ကြီးတဲ့ ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာတိုက်ခိုက်မှုကနေ သိသိသာသာ လွတ်ကင်းခဲ့ပါတယ်။

ဒါပေမယ့် အဲဒီသက်ရောက်မှုတွေဟာ နိုင်ငံရပ်ခြား ဟက်ကာတွေကို တိုက်ခိုက်ဖို့ လိုအပ်တာကို ဖော်ပြနေတယ်လို့ တီဟန်ကပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

တရုတ်ဘဏ်တခုနှင့် သင်္ဘောကုမ္ပဏီတခုကို အမေရိကန် ပိတ်ဆို့အရေးယူ

တရုတ်ဘဏ်တခုနှင့် သင်္ဘောကုမ္ပဏီတခုကို အမေရိကန်
ပိတ်ဆို့အရေးယူ

အမေရိကန်က မြောက်ကိုရီးယား နျူကလီးယားကိစ္စမှာ ထောက်ပံ့ပေးနေတဲ့   တရုတ်ဘဏ်တခုနဲ့ သင်္ဘောကုမ္ပဏီတခုကို ဇွန်လ ၂၉ ရက်နေ့က ပိတ်ဆို့အရေးယူတဲ့ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူ ပြစ်ဒဏ်ချမှတ်လိုက်တဲ့ တရုတ်သင်္ဘောကုမ္ပဏီမှာ ဒါလီယန် ဂလိုဘယ် ယူနတီ (Dalian Global Unity Shipping Co Ltd) ကုမ္ပဏီဖြစ်ပြီး နောက်ထပ်လူနှစ်ဦးဖြစ်တဲ့ ဆန်းဝေ ဆိုသူနဲ့ လီဟောင်ရီ ဆိုသူနှစ်ဦးကိုလည်း ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ဒန်ဒေါင်းဘဏ် (Bank of Dandong) ကိုလည်း မြောက်ကိုရီးယားရဲ့ ငွေကြေးခဝါချမှုမှာ ပံ့ပိုးပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြစ်ဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒန်ဒေါင်းဘဏ်ဟာ အမေရိကန်နဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို မြောက်ကိုရီးယား ချိတ်ဆက်နိုင်ဖို့ လုပ်ပေးနေတဲ့ ဝင်ပေါက်ဖြစ်တယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည် အစီအမံနဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေရဲ့ ဒေါ်လာသန်းနဲ့ချီတဲ့ ငွေတွေနဲ့ ဆက်စပ်နေတဲ့ ဘဏ်လည်းဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနျူချင်က ပြောကြားသွားပါတယ်။

အမေရိကန်အနေနဲ့ လာမယ့်သီတင်းပတ်မှာပြုလုပ်မယ့် G-20 ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို ထိန်းချုပ်ဖို့ တရုတ်အပါအဝင် တခြားနိုင်ငံတွေနဲ့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး က ပြောသွားပါတယ်။

DVB

မြိတ်မြို့ စားသောက်ဆိုင်တခုတွင် မူးယစ်ဆေးဝါး ရောင်းချသူ လူငယ် ၃ ဦးကို ဖမ်းမိ

မြိတ်မြို့ စားသောက်ဆိုင်တခုတွင် မူးယစ်ဆေးဝါး ရောင်းချသူ
လူငယ် ၃ ဦးကို ဖမ်းမိ

တနသာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကန်ကြီးနယ်မြေ၊ မြန်အောင်ရပ်ကွက် သဲကွင်း (၂) လမ်းရှိ ရွှေဖားစည်း စားသောက်ဆိုင်မှာ မူးယစ်ဆေးဝါးတွေ လာရောက် ဖြန့်ဖြူး အရောင်းအဝယ် ပြုလုပ်နေတဲ့ လူငယ် ၃ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။

မြိတ်မြို့၊ ကန်ကြီးနယ်မြေ၊ မြန်အောင်ရပ်ကွက် သဲကွင်း (၂) လမ်းရှိ ရွှေဖားစည်း စားသောက်ဆိုင် အခန်း ၈ မှာ လူငယ် ၃ ဦး မူးယစ်ဆေးဝါးတွေကို သုံးစွဲ၊ အရောင်းအဝယ် ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအရ ဇွန်လ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှာ သွားရောက်ဖမ်းဆီးခဲ့တာလို့ မြိတ်ခရိုင် မှုခင်းအကူအဖွဲ့မှ ရဲအုပ် ခင်မောင်အေးက ပြောပါတယ်။

WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားတွေကို သုံးစွဲ၊ အရောင်းအဝယ် ပြုလုပ်နေသူ လူငယ် ၃ ဦးမှာ စိုးထွေးအောင်၊ ကျော်စိုးဦးနဲ့ သီဟ (ခ) သားကင်းတို့ ဖြစ်ကြပါတယ်။

၃ ဦးဆီကနေ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ပန်းရောင် ၁၉၆ ပြား၊ အစိမ်းရောင် ၂ ပြား၊ စုစုပေါင်း စိတ်ကြွဆေးပြား ၁၉၈ ပြားတို့နဲ့ ဆိုင်ကယ်တစီးတို့ကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိသူ လူငယ် ၃ ဦးကို မြိတ်မြို့မရဲစခန်းရုံးမှ မယ (ပ) ၁၀၆/၂၀၁၇၊ မူး/ စိတ်ပုဒ်မ ၁၅/၁၉ (က) ၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

သတင်း – ဇော်ဇော်(မြိတ်)

DVB

သမ္မတရှီကျင့်ဖျင်၏ ဟောင်ကောင်ခရီးစဉ်တွင် သမိုင်းတွင် စစ်အင်အား ဖြန့်ကြက်

သမ္မတရှီကျင့်ဖျင်၏ ဟောင်ကောင်ခရီးစဉ်တွင် သမိုင်းတွင် စစ်အင်အား ဖြန့်ကြက်

ဗြိတိန်လက်အောက်က ဟောင်ကောင်အား တရုတ်ထံ လက်လွှဲသည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ်သို့ လာရောက်သော သမ္မတရှီကျင့်ဖျင်၏ ဟောင်ကောင်ခရီးစဉ်တွင် တရုတ်တပ်အင်အား ဖြန့်ကြက်ထားရှိမှုမှာ သမိုင်းတွင် အကြီးမားဆုံးဖြစ်ခဲ့သည်။

တပ်ရင်း ၂၀ နီးပါးမှ တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ နီးပါး ဇွန် ၃၀ ရက် နံနက်က စစ်ရေးပြချီတက်မှုကို သမ္မတရှီကျင့်ဖျင်က ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပြစစ်ရေးပြသမှုတွင် သံချပ်ကာယဉ် ၆၀ ကျော်၊ စစ်ရဟတ်ယာဉ် ၁၂ စင်းနှင့် လေယာဉ်ပစ်ဒုံးတပ်ရင်းတို့ပါ ပါဝင်ကြောင်း ဟောင်ကောင်မီဒီယာများက ဖော်ပြသည်။

ဟောင်ကောင်တွင် ဒီမိုကရေစီနှင့် လွတ်လပ်ရေး လှုပ်ရှားမှုများ ထပ်မံပေါ်ပေါက်နေခြင်းကြောင့် ပိုင်နက်အရေးတွင် ပုံရိပ်မြှင့်တင်နိုင်ရန်အတွက် သမ္မတရှီက ပြည်သူလွတ်မြောက်ရေးမြို့စောင့်တပ်သို့လည်း သွားရောက်လည်ပတ်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရ ဟောင်ကောင်တွင် တရုတ်၏ ခြယ်လှယ်မှုများ ပိုမိုတင်းကြပ်လာမည် စိုးရိမ်မှုများ ကြီးထွားလျက်ရှိစဉ် ယခုကဲ့သို့ သမ္မတရှီကျင့်ဖျင်က ခရီးစဉ်လာရောက်ခြင်းလည်း ဖြစ်သည်။

Mizzima

တရုတ်က ကန့်ကွက်ထားသည့်ကြားမှ ထိုင်ဝမ်ကို လက်နက်ရောင်းချမည့်အစီအစဉ် အမေရိကန်အတည်ပြု

တရုတ်က ကန့်ကွက်ထားသည့်ကြားမှ ထိုင်ဝမ်ကို လက်နက်ရောင်းချမည့်အစီအစဉ် အမေရိကန်အတည်ပြု


ထိုင်ဝမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုးရှိ စစ်လက်နက်များ ရောင်းချမယ့်အစီအစဉ်ကို အမေရိကန်အစိုးရက အတည်ပြုလိုက်ပြီဖြစ်တယ်လို့ ၀ါရှင်တန် အကြီးတန်းအရာရှိကြီးတစ်ဦးက ဇွန်လ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်တို့ရဲ့ ယင်းဆုံးဖြတ်ချက်ကြောင့်လည်း ပေကျင်းအစိုးရရဲ့ ဒေါသကို ပိုမိုတိုးပွားသွားစေနိုင်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

အမေရိကန်အရာရှိကြီးက ပြောဆိုရာမှာတော့ ယခုလို လက်နက်ရောင်းချမယ့်အစီအစဉ်ရှိနေပေမယ့် လက်ရှိအချိန်မှာ တရုတ်တို့ရဲ့ ၀မ်းချိုင်းနား မူဝါဒဟာ မပြောင်းမလဲ ရှိနေပါကြောင်း၊ တရုတ်နိုင်ငံတစ်နိုင်ငံတည်း ရှိပြီး ထိုင်ဝမ်က ယင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေပါကြောင်း ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ထိုင်ဝမ်တို့အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရှိနေပေမယ့် ပေကျင်းအစိုးရကတော့ ယင်းကို ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရမယ့် အစိတ်အပိုင်းတစ်ခုလို့ ရှုမြင်နေလျက်ရှိပါတယ်။

အမေရိကန်အနေနဲ့ကလည်း ထိုင်ဝမ်ရဲ့ အရင်းနှီးဆုံး မဟာမိတ်တစ်ဦးနဲ့ လက်နက်ရောင်းချပေးသူနိုင်ငံအဖြစ် ရှိနေခဲ့ပါတယ်။

ယခု လက်နက်ရောင်းချမယ့်အစီအစဉ်အပေါ် ကျေးဇူးတင်ကြောင်းနဲ့ ယင်းက ၎င်းတို့ရဲ့ ဝေဟင်နဲ့ ရေပြင် တိုက်ခိုက်ရေးစွမ်းရည်တွေကို တိုးတက်စေမှာဖြစ်တယ်လို့လည်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။

ယခု လက်နက်ရောင်းချမှုမတိုင်ခင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကလည်း အမေရိကန်တို့အနေနဲ့ ထိုင်ဝမ်ကို လက်နက်ရောင်းချထားခဲ့ပါသေးတယ်။

Mizzima

သတင်းသမားများ အမြန်ဆုံးပြန်လွှတ်ရန် လက်မှတ်ရေးထိုးတောင်းဆိုခြင်း လှုပ်ရှားမှုပြုလုပ်

သတင်းသမားများ အမြန်ဆုံးပြန်လွှတ်ရန် လက်မှတ်ရေးထိုးတောင်းဆိုခြင်း လှုပ်ရှားမှုပြုလုပ်


ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် သတင်းသမားများအပါအ၀င် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခံရသည့် သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် လက်မှတ်ရေးထိုးတောင်းဆိုခြင်း လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ ဇွန်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။

မြန်မာသတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီအဖွဲ့က ဦးဆောင်ကာ သတင်းမီဒီယာများစုစည်း ပြီး ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လတ်ရှိအနေအထားတွင် မီဒီယာဖိနှိပ်မှုများကြုံတွေ့နေရပြီး သတင်းသမားများအနေနှင့် မျှတမှုမရှိသောဥပဒေ များဖြင့်အဖမ်းဆီးခံနေရသည်ကို ပြည်သူများသိရှိစေရန်နှင့်နိုင်ငံတကာမှလည်းသိရှိစေရန် ယင်းလှုပ်ရှားမှုကို ပြု လုပ်ခြင်းဖြစ်သည်ဟု မြန်မာသတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် ကိုသာလွန်ဇောင်းထက်က ပြောသည်။

"လိုအပ်တဲ့ဥပဒေတွေကျတော့ သူတို့က လိုသလိုသုံးတယ်။ ကျန်တဲ့ဥပဒေကြ ဂရုမစိုက်ဘူးပေါ့။ အဲဒီတော့ သုံးချင်တဲ့ဥပဒေကျတော့ သူသုံးတယ်။ မသုံးချင်တဲ့ဥပဒေကျတော့ မသိကျိုးကျွံယောင်ဆောင်တယ်။ အဲဒီ လိုတော့ လုပ်လို့ မရဘူး။ အဲဒီတော့ ကျွန်တော်တို့ကတော့ လက်ရှိအနေအထားအရ ကျွန်တော်တို့မီဒီယာက အခြေအနေ တော်တော်ဆိုးလာတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က ဥပဒေနဲ့အညီ ဆက်လက်လှုပ်ရှားသွား ဦးမယ်" ဟု ကိုသာလွန်ဇောင်းထက်က ပြောသည်။

ထို့ပြင် သတင်းမီဒီယာအားလုံးသည်  တစ်သားတည်းဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောသည်။

"The Voice မှ လုပ်တယ်တို့၊အလဲဗင်းကြမှ လုပ်တယ်ဆိုတဲ့အမြင်တွေကို ရှင်းမပြချင်တော့ဘူး။ မီဒီယာအား လုံးသည် တသတ်မတ်တည်းရှိတယ်။ မီဒီယာအားလုံးသည် တစ်သားတည်းရှိတယ်။ မီဒီယာအားလုံးသည် တစ်နေရာတည်းမှာရှိတယ်ဆိုတာတော့ သိစေချင်တယ်။ အလဲဗင်းရယ်၊ The Voice ရယ် မခွဲဘူး။ အလဲဗင်း လည်း ကျွန်တော်တို့ မီဒီယာပဲ" ဟု ကိုသာလွန်ဇောင်းထက်က ပြောသည်။

တပ်မတော်က မတရားအသင်းနှင့်ဆက်သွယ်သည်ဆို၍ သတင်းသမား ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခြင်းသည် ဥပဒေထက် လွန်ကျူးနေသည်ဟု လူ့အခွင်ပအရေးကိစ္စရပ်များ   ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ် သည့် ညီမျှခြင်းမြန်မာမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုသည်။

"ဒီလိုအကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှုကတော့ ဒါက လိုအပ်သလိုထိန်းသိမ်းရမှာပဲ။ ဒါပေမယ့် ဆက်သွယ်မှုနဲ့ ပူးပေါင်းပါဝင်မှု ဒါကို အဓိပ္ပါယ်ခွဲရမယ်။ ဒီလိုမဟုတ်ဘဲ သွားတွေ့ရုံနဲ့ သတင်းယူရုံနဲ့ ဒီလို ဆောင်ရွက်တာကတော့ ပြဌန်းထားတဲ့ဥပဒေထက် နည်းနည်းလေး လွန်ကျူးသွားပြီလို့ ကျွန်တော်ယူဆတယ်" ဟု ဦးအောင်မျိုးမင်းက ပြောသည်။

မြန်မာသတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီအဖွဲ့အနေဖြင့် လက်မှတ်ရေးထိုးလှုပ်ရှားမှုကို နောက်ဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရရှိထားသည့်လက်မှတ်များကို သက်ဆိုင်ရာပူးပေါင်းလှုပ်ရှားမှု အဖွဲ့တစ်ခုခုကို လွှဲပေးသွားမည်ဖြစ်ကာ ကော်မတီအနေနှင့် အခြားလှုပ်ရှားမှုများကို ပြုလုပ်သွားမည်ဟု သိ ရသည်။

Mizzima

တမူးမြို့နယ်တိုင်းဒေသကြီးအမတ် အသည်းရောဂါဖြင့် ကွယ်လွန်

တမူးမြို့နယ်တိုင်းဒေသကြီးအမတ် အသည်းရောဂါဖြင့် ကွယ်လွန်

တမူးမြို့နယ် တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထန်ခိုဟောက်သည် ကာလ ရှည်ခံစားနေရသော အသည်း ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ဦးထန်ခိုဟောက်သည် တ မူးမြို့နယ်အမှတ်(၂)တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး ဇွန်လ ၂၉ ရက်ညနေ ၃ နာရီခန့်က မန္တလေးဆေးရုံကြီး တွင် ကွယ်လွန်ကြောင်း တမူးမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဥက္ကဋ္ဌ ဦးမြင့်ဇော်က ပြောသည်။

‘‘ရောဂါဖြစ်နေတာ ငါးလ လောက်ရှိပြီ။ သူ့ကိုယ်သူ အ သည်းရောဂါဖြစ်တယ်လို့ မထင် ဘဲ အစာအိမ်မကောင်းဘူးပဲပြော နေတာ။ ကလေးမြို့မှာပဲ ဆေးကု နေတာ။ ကလေးမှာသွားပြလိုက်၊ တစ်လစာ ဆေးယူလာလိုက်နဲ့။ နောက်ဆုံး မန္တလေးဆေးရုံပြ တော့၊ ဓာတ်မှန်ရိုက်လိုက်တော့ အသည်းလဲရမလိုဖြစ်သွားတာ။ ဒီနေ့(ဇွန်လ ၂၉ရက်) ညနေ ၂ နာရီ ၅၅ မိနစ်မှာ ဆုံးသွားပါပြီ’’ ဟု ဦးမြင့်ဇော်က ပြောသည်။

ကွယ်လွန်ချိန်တွင် (၅၆)နှစ် အရွယ်ရှိပြီး ခရစ်ယာန်ဘာသာ ၀င်တစ်ဦးဖြစ်သော ဦးထန်ခို ဟောက်၏ ရုပ်အလောင်းကို မန္တလေးဆေးရုံမှ တမူးမြို့သို့ ဇွန်လ ၂၉ ရက်က သယ်ဆောင် ခဲ့ကြောင်း သတင်းရရှိသည်။ ဦး ထန်ခိုဟောက်သည် ၂၀၁၅ အ ထွေထွေရွေးကောက်ပွဲတွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုကာ ၀င်ရောက်ယှဉ် ပြိုင်ခဲ့ကြောင်း တမူးမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ဒီဇင်ဘာ ကလည်း ဒီချုပ်ပါတီမှ သပိတ်ကျင်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ဆန်းဝင်း ကွယ်လွန်ခဲ့သည်။

7Day News Journal

နောက်တိုးတရားခံ ၄ ဦးအား ထည့်စစ်ဆေးပါက တရားခံပြေး အောင်ဝင်းခိုင်အား အနီးစပ်ဆုံးဖော်ထုတ်နိုင်မည်ဟု ဆို

နောက်တိုးတရားခံ ၄ ဦးအား ထည့်စစ်ဆေးပါက တရားခံပြေး
အောင်ဝင်းခိုင်အား အနီးစပ်ဆုံးဖော်ထုတ်နိုင်မည်ဟု ဆို

ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုတွင် နောက်တိုးတရားခံ ၄ ဦးအား ထည့်သွင်း စစ်ဆေးပါက ဗိုလ်မှူးကြီးဟောင်းဖြစ်သူ တရားခံပြေးအောင်ဝင်းခိုင်အား ဖမ်းဆီးရမိရန် အနီးစပ်ဆုံး ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

လက်ရှိ ကြည်လင်းအပါအဝင် ၄ ဦးအပြင် နောက်တိုးတရားခံ ၄ ဦးနှင့် သက်သေ ၂ ဦးအား ထပ်မံထည့်သွင်းပေးရန် ဥပဒေအရာရှိမှတစ်ဆင့် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး သဘောထားမှတ်ချက် အနေဖြင့် ထားရှိခဲ့ကြောင်း  သိရသည်။

ထိုသို့ နောက်တိုးတရားခံနှင့် သက်သေများအား ထည့်သွင်းစစ်ဆေးနိုင်ရန် ဒုတိယခရိုင်ဥပဒေအရာရှိ ဦးအောင်နိုင်ဦးမှတဆင့် တင်သွင်းဆောင်ရွက်ခဲ့သော်လည်း လက်ရှိတွင် နောက်တိုး တရားခံများမှာ ပေါ်ပေါက်ခြင်းမရှိသေးသည့်အတွက် သဘောထားမှတ်ချက်အနေဖြင့် ထားရှိခဲ့ခြင်း ဖြစ်သည်။

“အဲ့ဒီနောက်တိုး စွပ်စွဲခံရသူများအဖြစ် ထည့်သင့်တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီအမှုမှာ ကွင်းဆက်အနေနဲ့ ပါဝင်နေတယ်။ ကွင်းဆက်အနေနဲ့ ပါဝင်တဲ့ ဇာတ်ကောင်တွေဖြစ်လို့ အဓိကလည်း ကျနေတယ်။ အဲ့ဒီ စွပ်စွဲခံရသူ လေးဦးကို နောက်တိုးအဖြစ်နဲ့ ထည့်လိုက်မယ်ဆိုရင် ပြေးနေတဲ့ အောင်ဝင်းခိုင်ရဲ့ အစအနကို တော်တော်လေး နီးနီးစပ်စပ်ဖော်ထုတ်နိုင်မယ် လို့ ကျွန်တော်တို့က ယုံကြည်တာ”ဟု အငှားယာဉ်မောင်း ကိုနေ၀င်းမိသားစုဘက်မှ လိုက်ပါဆောင်ရွက်သူ ဦးရောဘတ်စန်းအောင်က ပြောခဲ့ပြီး ယင်း ၄ ဦး နာမည်များကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

နာမည်ထုတ်ဖော်မပြောဆိုခဲ့သော်လည်း နောက်တိုးတရားခံ ၄ ဦးနှင့် သက်သေ ၂ ဦးတို့မှာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ   ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ ပေါ်ပေါက်ခဲ့သူများဖြစ်ကြောင်း သိရသည်။

သဘောထားမှတ်ချက်အဖြစ်ထားရှိခဲ့မှုအပေါ် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင် တရားသူကြီး ဦးရဲလွင်က လိုပြသက်သေတွေကို ဆက်လက်စစ်ဆေးပြီးမှပဲ စစ်ဆေးသင့်၊ မစစ်ဆေးသင့် စဉ်းစားမည်ဟု တင်ပြထားကြောင်း ပြောသည်။

“ နောက်တိုးတရားခံလျှောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အမှုလိုက်ဥပဒေအရာရှိက အထူးခုံရုံးကိုတင်ပြတာကတော့ တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်ဟာ သူတို့ အမှုလိုက်ဥပဒေအရာရှိတွေဆီကို စာနဲ့တင်ပြထားတာတွေ ရှိတယ်ဆိုတဲ့ အကြောင်း၊ ဒါပေမယ့် လောလောဆယ် တရားလိုကိုပဲ စစ်ဆေးရသေးတဲ့အတွက်ကြောင့်မို့လို့ တရားရုံးကို မတင်ပြသေးဘဲနဲ့ ကျန်တဲ့ လိုပြသက်သေတွေကို ဆက်လက်စစ်ဆေးပြီးမှပဲ နောက်တိုးတရားခံ လျှောက်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အထူးခုံရုံးကို ဆက်လက်တင်ပြသင့်၊ မသင့် စဉ်းစားမယ်လို့ အမှုလိုက်ဥပဒေအရာရှိက တင်ပြထားတာရှိပါတယ်”ဟု ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေအကြံပေး ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်းကိုနေဝင်းတို့ အသတ်ခံခဲ့ ရသည့် အမှုအား ယနေ့ ဇွန်လ ၃ဝ ရက်နေ့ရက်ချိန်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ သေနတ်သမား ကြည်လင်းအပါ ၄ ဦးနှင့် သက်ဆိုင်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃ဝ၂/ ၃၄/ ၂၁၂ အမှုနှင့် ပတ်သက်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ကျရဲအရာရှိ တရားလိုရဲအုပ်မိုးနိုင်အား စစ်ဆေး ခဲ့ခြင်းဖြစ်ကာ လာမည့် ဇူလိုင် ၇ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်သည်။


Mizzima

ယခုအစိုးရလက်ထက်တိုးတက်ပြောင်းလဲလာအောင်မလုပ်နိုင်တာကို ဝန်ခံတဲ့အချက်နှစ်ချက်

ယခုအစိုးရလက်ထက်တိုးတက်ပြောင်းလဲလာအောင်မလုပ်နိုင်တာကို ဝန်ခံတဲ့အချက်နှစ်ချက်

နေပြည်တော် ဇွန် ၃၀ရက်။   ။ယခုအစိုးရအနေနဲ့ ပြည်သူတွေရဲ့စားဝတ်နေရေးကို သိသိသာသာတိုးတက်လာအောင်လုပ်ပေးနိုင်ခြင်းမရှိသေးခြင်း၊အလုပ်အကိုင်ဖန်တီးပေးနိုင်ခြင်းမရှိတာတွေကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြပြိးဖြစ်တာကြောင့် ယခုနှစ်မှာ နိုင်ငံရဲ့စီးပွာူးရေးအခြေအနေ ဆင်းရဲတွင်းက နှုတ်နိုင်မယ့် ပထမဆုံးနှစ်လို့ သတ်မှတ်ဆောင်ရွက်မှာဖြစ်တယ်လို့ အာဏာရပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ဆိုပါတယ်။

ဦးဝင်းထိန်က“ဒေါ်အောင်ဆန်းစုကြည်ကိုလည်းတင်ပြပြီူးပြီ ၊ ၂၀၁၅မှာ ကျွန်တော်တို့ကိုမျော်လင့်ချက်ကြီးမားစွာနဲ့ ကျွန်တော်တို့ကို မဲပေးခဲ့တဲ့ ပြည်သူလူထုတွေ ရဲ့ စားဝတ်နေရေး သိသိသာသာတိုးတက်အောင် ကျွန်တော်တို့မလုပ်နိုင်သေးဘူး။ ဒါကတော့အမှန်အတိုင်းပဲ ၀န်ခံရမယ်၊အမှန်အတိုင်းပဲ သုံးသပ်ရမယ်၊နောက်တစ်ချက်က ပြည်သူလူထုရဲ့စားဝတ်နေရေးတိုးတက်ဖို့အတွက် အလုပ်အကိုင်ဖန်တီးတာတွေကျတော်တို့များများစားစားမလုပ်နိုင်သေးဘူး”လို့ဆိုပါတယ်။

“ ဘာ့ကြောင့်လဲဆိုရင် ဒီအစိုးရစပြီးလုပ်တာနဲ့ စီးပွားရေး လုပ်ထုံးလုပ်နည်းတွေကလုံးဝပြောင်းသွားတယ်၊ဘာတွေပြောင်းသွားလဲဆိုတော့ အရင်အစိုးရလက်ထက်တုန်းကဆိုရင်ဗိုလ်ချုပ်ပြီးဟောင်း တွေက ၀န်ကြီးတွေ မကောင်းပြောတာတော့ မဟုတ်ဘူးနော် သင့်ရာသင့်ရာလူနဲ့ အပေးအယူလုပ်ပြီးတော့ လုပ်လိုက်တဲ့အခါမှာ ဆုံုးဖြတ်ချက်ကမြန်ကြတယ်၊ လုပ်တာကိုင်တာမြန်ကြတယ်၊အဂတိ တရားကိုတော့ ထည့်မပြောနဲ့  အလုပ်တွေဖြစ်တယ်။ ခုနောက်ပိုင်း ကျွန်တော်တို့အစိုးရတက်တဲ့အခါမှာ အဂတိတရားမရှိအောင် ထိန်းတယ်၊ အတတ်နိုင်ဆုံးထိန်းတဲ့အခါကျတော့ လုပ်ငန်းလုပ်တဲ့သူတွေမလုပ်တတ်ကြတော့ဘူး၊ အဲ့တော့ စီးပွားရေး တိုးတက်မှုကနှောင့်နှေးတယ်”လို့ သူက ဆက်ပြောပါတယ်။

NLDအစိုးရအနေနဲ့ အဂတိတရားကင်းကင်းနဲ့ ဖွဲ့ဖြိုးရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာ အထက်တစ်ဝက် အောက်တစ်ဝက် မလုပ်ဘဲ ပိုက်ဆံအပြည့်သုံးပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ တိုင်းနဲ့ပြည်နယ်တစ်ခုတစ်ခုကို သန်းပေါင်းတစ်ထောင်ကျော်လောက်ပိုတာကြောင့် ဒီငွေနဲ့ နောက်ထပ်ရေတွင်းတွေတူးနိုင်တယ်၊ကျောင်းတွေဆောက်တာ၊လမ်းတွေဖောက်တာတွေကို လုပ်နိုင်ခြင်းက ယခုအစိုးရလက်ထက်လုပ်နိုင်တဲ့ပြောင်းလဲမှုလို့လည်းသိရပါတယ်။

“ဘဏ္ဍာရေးဝန်ကြိးဦးကျော်ဝင်းကပြောတယ်၊အရင်နှစ်ကဆိုလို့ရှိရင်တော့ လေယာဉ်ပြေးလမ်းပေါ်မှာအားယူပြီးတော့သွားနေတယ်။ ခုတော့ လေယာဉ်ပျံကလေထဲတက်နေပြီ ဂျက်ပါဝါနဲ့သွားမယ်တဲ့ သူပြောတယ်။ကျွန်တော်ကတော့ သူ့စကားပြောရမှာနည်းနည်းတော့ကြောက်တယ်၊ ဂျက်ပါဝါဆိုတာတော်တော်အားကြီးတာကို ဂျက်ပါဝါနဲ့မသွားရင်တောင် တာဘိုပလော့လောက်ဆိုရပါတယ်”လို့ဦးဝင်းထိန်ကပြောပါတယ်။

အစိုးရသက်တမ်း တစ်နှစ်ရလာတဲ့အခါမှာ နိုင်ငံတကာရဲ့ အကူအညီရယ်လုပ်တာကိုင်တာက အဆင်ပြေလာတဲ့အတွက်ကြောင့်မို့လို့ ၂၀၁၇ဟာ နိုင်ငံရဲ့ စီးပွာူးရေးအခြေအနေ ဆင်းရဲတွင်းက နှုတ်နိုင်မယ့် ပထမဆုံးနှစ်လို့လည်း ဦးဝင်းထိန်က ဆိုပါတယ်။ အစိုးရအနေနဲ့ ဥပဒေပြုရေး၊အုပ်ချုပ်ရေးကိုပြောင်းလဲခဲ့ပေမယ့် တရားစီရင်ရေူးကဏ္ဍကိုတော့ အများကြီးပြုပြင်ဖို့ ကြိုးစားဖို့လိုသေးတယ်လို့လည်း မှတ်ချက်ပြုသွားပါတယ်။

ချိုဇင်မာဝင်(Kumudra)


မြန်မာ့စပါးကြီးမြွေ အနိုင်ရခဲ့တဲ့ ONE CHAIRMANSHIP

မြန်မာ့စပါးကြီးမြွေ အနိုင်ရခဲ့တဲ့  ONE CHAIRMANSHIP

အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ ရုရှားက ဗစ်တာလီ ဘစ်ဒက်ရှ် ကို ၅ချီအပြီးမှာဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရပြီးရွှေခါးပတ်ရရှိခဲ့ကာ မြန်မာနိုင်ငံအတွက် ပထမဆုံးကမ္ဘာ့ချန်ပီယံဘွဲ့ကိုဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ပထမအကြိမ်ထိုးစဉ်ကရှုံးနိမ့်ထားခဲ့တဲ့အောင်လဟာ ဒီတစ်ကြိမ်မှာတော့ နည်းစနစ်ပြောင်းလဲပြီး ထိုးသတ်ခဲ့ပါတယ်။သူကျွမ်းကျင်တဲ့ အချုပ်အစား အထိုးနည်းစနစ်နဲ့ ပြိုင်ဘက်ကို ယှဉ်ပြိုင်လာခဲ့တာပါ။ဒီပွဲမှာတော့ ဘစ်ဒက်ရှ်ဟာ ချုပ်ဖို့ကိုသာဦးစားပေးခဲ့တဲ့အတွက် အောင်လရဲ့ ထိုးချက်တွေအောက်မှာ ရှုံးနိမ့်ခဲ့တာပါ။

အနိုင်ရခဲ့တဲ့အောင်လကတော့ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တာဟာ သူ့ကြိုးစားမှုတွေအပြင် သူ့ရဲ့ အသင်းဖော်တွေ နဲ့ မြန်မာနိုင်ငံသားတွေကြောင့်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။နောက်ပြီးတော့ သူဟာချန်ပီယံဖြစ်ခဲ့တဲ့အတွက်လည်း တခြားသူတွေကိုပြန်လည်စိန်ခေါ်ခဲ့ပါတယ်။

DVB

ဘစ်ဒက်ရှ်ကိုအမှတ်နဲ့ အနိုင်ယူပြီး ရှုံးကြွေးဆပ်နိုင်ခဲ့တဲ့ အောင်လအန်ဆိုင်း

ဘစ်ဒက်ရှ်ကိုအမှတ်နဲ့ အနိုင်ယူပြီး ရှုံးကြွေးဆပ်နိုင်ခဲ့တဲ့ အောင်လအန်ဆိုင်


One Championship မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီနေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံမှာကျင်းပနေတဲ့ ကိုယ်ခံပညာပေါင်းစုံ  MMA (One Championship) ပြိုင်ပွဲရဲ့ အဓိကပွဲစဉ်မှာ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား အောင်လအန်ဆိုင်းက ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို ငါးချီအပြည့်ထိုးသတ်ပြီး အမှတ်နဲ့ အနိုင်ရရှိခဲ့ပြီး One Championship မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ MMA ပြိုင်ပွဲမှာ ဘစ်ဒက်ရှ်ကို ဒိုင်အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ထားတဲ့ အောင်လအန်ဆိုင်းအတွက် ဒီပွဲက မကျေပွဲထပ်နွဲခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ ပြီးခဲ့တဲ့ပွဲစဉ်က ရှုံးကြွေးကိုဆပ်နိုင်ဖို့အတွက် အောင်လအန်ဆိုင်းက ပွဲစတာနဲ့ ဘစ်ဒက်ရှ်ကို ဖိအားပေးထိုးသတ်နိုင်ခဲ့ပါတယ်။

ဒုတိယအချီမှာတော့ ဘစ်ဒက်ရှ်က အောင်လကို ပြန်လည်ဖိအားပေးထိုးသတ်နိုင်ခဲ့ပြီး အပူးအချုပ်တွေနဲ့ တောက်လျှောက် ဖိအားပေးခဲ့ပါတယ်။ တတိယအချီမှာလည်း အားသန်တဲ့ ဘစ်ဒက်ရှ်ရဲ့ ချုပ်လှဲချတာတွေကို အောင်လအန်ဆိုင်းခံခဲ့ရပြီး မျက်ခုံးကွဲတဲ့အထိဖြစ်ခဲ့ပါတယ်။

လေးချီမြောက်မှာတော့ အောင်လအန်ဆိုင်းက ဘစ်ဒက်ရှ်ရဲ့အပူးကိုမခံတော့ပဲ လက်သီးတွေကိုသုံးပြီး ထိုးသတ်ခဲ့ပေမယ့် ဘစ်ဒက်ရှ်ကျအောင်မထိုးနိုင်ခဲ့ပါဘူး။ နောက်ဆုံးအချီမှာလည်း ဘစ်ဒက်ရှ်ရဲ့အနီးကပ်ပူးသတ်မှုတွေကို အောင်လအန်ဆိုင်းက ခွာကစားခဲ့ပြီး ပွဲချိန်ပြည့်သွားလို့ ဒိုင်တွေက အမှတ်နဲ့ ဆုံးဖြတ်တဲ့အခါ ဒိုင်သုံးဦးလုံးက အောင်လအန်ဆိုင်းကို အနိုင်ပေးခဲ့ပါတယ်။

Duwun

အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ အပိုင်း (၂၀) - ဇော်သက်ထွေး


အင်းစိန်ထောင်အတွင်းမှ ဂန္ထ၀င်လူမိုက်ကြီးများ အပိုင်း (၂၀) - ဇော်သက်ထွေး

သစ္စာရှိသော လူမိုက်ကြီး ဗိုက်ထောက်ကျော်ဝင်းနဲ့ ပီတာ

တော်တော်စွမ်းတဲ့ လူမိုက်ကြီးနှစ်ယောက်ကို နယ်ထောင်မှာ လုံခြုံရေးအရ ဆက်လက်မထိန်းသိမ်းနိုင်တော့လို့ ဗဟိုအင်းစိန် အကျဉ်းထောင်ကို ပို့လိုက်မယ်ဆိုတဲ့ သတင်းကြောင့် အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ အဲဒီလူမိုက်ကြီးနှစ်ယောက်ကတော့ ဗိုက်ထောက်ကျော်မင်းနှင့် ပီတာလို့ ခေါ်ပါတယ်။
သူတို့နှစ်ယောက် ကျူးလွန်ခဲ့တဲ့အမှုက မီးခဲကို ဖင်ခုထိုင်လိုက်တဲ့အမှုပဲ။ အရင်ကတော့ သူတို့နှစ်ယောက်က နာမည်မရှိတဲ့ လူဆိုးပေါက်စနလေးတွေပါ။ သူတို့ ကျင်လည်ကျက်စားတာက ရန်ကုန်-မန္တလေး အစုန်အဆန် ရထားတွဲတွေနဲ့ ရန်ကုန်ဘူတာကြီး။ ဗိုက်ထောက်ကျော်မင်းက ခန္ဓာကိုယ် ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်။ ခပ်အေးအေးနေတတ်တဲ့ သွေးအေးသတ္တ၀ါ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်မှာ မွေးရာပါ ကြောင်နီအမှတ်ကြီး တစ်ခုရှိတယ်။ ဘယ်ဘက်ခါးမှာ ကြောင်ရဲ့ခေါင်းရှိပြီး လက်နှစ်ဖက်က ဗိုက်ဘက်ကို ပစ်ထားပြီး ခြေထောက်နှစ်ဖက်က ကျောဘက်ကို ပစ်ထားတယ်။ အမှတ်တမဲ့လှမ်းကြည့်ရင် ကြောင်တစ်ကောင်က သူ့ခါးကို ဖက်ထားသလိုမျိုး။ ဒီအမှတ်ကြောင့်လား မသိဘူး။ ကျော်မင်းက လှုပ်ရှားရာမှာပေါ့ပါးတယ်၊ အရမ်းသွက်တယ်။ အရှိန်နဲ့ မောင်းနေတဲ့ ရထားတွဲပေါ်ကနေ ခုန်တက်၊ ခုန်ဆင်းနိုင်တယ်။

ပီတာကတော့ ဟိန္ဒူလူမျိုး။ အရပ်ပုပျပ်ပျပ်၊ ရယ်လိုက်ရင် ဖွေးနေတဲ့ သွားတွေကို အရင်မြင်ရလိမ့်မယ်။ ငယ်ငယ်က သူတို့ဘာသာတရားအရ တစ်ကိုယ်လုံး မုန်ညင်းဆီ လိမ်းပြီး အရိုးအဆစ် သန်မာအောင် နေပူလှန်းတယ်။ သူ့အမေက သားလေးတစ်ယောက်ပဲရှိတော့ မုန်ညင်းဆီတွေ များများလိမ်းပြီး နေခပ်များများ လှန်းလိုက်တယ်ထင်ပါတယ်။ ပီတာတစ်ကိုယ်လုံး မီးသွေးခဲလို မည်းနက်နေပြီး အရမ်းသန်မာတယ်။ လူတစ်ကိုယ်လုံးကို သူကောက်ချီလိုက်ရင် လေထဲကို စွေ့ခနဲပါသွားတယ်။ သူတို့နှစ်ယောက်အတွက်ကတော့ ရန်ကုန်-မန္တလေး အစုန်အဆန်ရထားတွဲတွေဟာ ထမင်းအိုးပဲ။ ကြုံရင်ကြုံသလို ခရီးသည်တွေဆီကနေ ခိုးတယ်၊ လုယက်တယ်။ ပစ္စည်းယူပြီးရင် ရထားတွဲပေါ်ကနေ ရိပ်ခနဲခုန်ချသွားတာပဲ။ အရမ်းမြန်လွန်းတော့ ရထားရဲတွေလည်း သူတို့ကို မဖမ်းနိုင်ဘူး။ ဘူတာရုံမှာ၊ တွဲပေါ်မှာ လုပ်ကိုင်စားသောက်နေတဲ့ သူတွေကို ရဲတွေသိနေပေမယ့် လက်ဆုပ်လက်ကိုင် ဖမ်းဖို့ကတော့ ခက်တယ်။

တစ်နေ့တော့ ကျော်မင်းနဲ့ ပီတာတို့ ရန်ကုန်ဘူတာကြီးထဲမှာထိုင်ပြီး သားကောင်လိုက်ရှာနေတယ်။ ဒီရက်ပိုင်းမှာ အလုပ်မဖြစ်တဲ့အတွက် ဘိုင်ပြတ်နေတယ်။ ဒီအချိန်မှာပဲ ဘူတာကြီးထဲကို ခမ်းခမ်းနားနား ၀တ်စားထားတဲ့ ခပ်တောင့်တောင့် အမျိုးသမီးကြီးတစ်ဦး ၀င်လာတယ်။ ဒီအမျိုးသမီးကြီးကို ကျော်မင်းနဲ့ပီတာ တွေ့သွားပြီးတဲ့နောက် မျက်တောင်မခတ်စတမ်း ငေးကြည့်နေရတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးကြီးရဲ့ လည်ပင်းမှာဝတ်ထားတဲ့ အရောင်တဖျတ်ဖျတ် လက်နေတဲ့ ဘယက်ကြီးကြောင့်ပဲ။ ဒါနဲ့ ဒီအမျိုးသမီးကြီး ဘယ်အတွဲမှာတက်မလဲဆိုပြီး လိုက်ကြည့်ကြတယ်။ အမျိုးသမီးကြီးကို ရထားရဲတွေက အရိုအသေပေးပြီး အထူးတွဲပေါ်ကို တင်ပေးတာ တွေ့လိုက်တော့ သူတို့နှစ်ယောက်လုံး စိတ်ဓာတ်ကျသွားတယ်။ အထူးတွဲဆိုတာက သာမန်ပြည်သူတွေ သွားခွင့်မရှိသလို၊ လုံခြုံရေးအစောင့်အရှောက်တွေလည်း အပြည့်ပါတဲ့အတွဲ ဖြစ်ပါတယ်။ ပီတာက အခြေအနေကို ကြည့်ပြီး ခေါင်းကုတ်လိုက်တယ်။

“ကျော်မင်းရေ ... အခြေအနေကတော့ မလှဘူး။ ကြည့်ရတာ လူကြီးတစ်ယောက်ရဲ့ မိန်းမလားမသိဘူး”
“အေး ... ဟုတ်လောက်တယ်။ ရဲတွေကြည့်ရတာ ပျာနေတာပဲ”

ပီတာက ကျော်မင်းမျက်နှာကို သေချာကြည့်ရင်း လှမ်းမေးတယ်။

“ဒါဆို လက်လျှော့လိုက်ရတော့မလား”
ကျော်မင်းကတော့ အမျိုးသမီးကြီးရဲ့ လည်ပင်းက ဘယက်ကြီးကို အကြည့်မခွာနိုင်ဘဲ ပြန်ပြောတယ်။

“မင်းသဘောပဲ”

“ခက်တော့ ခက်တယ်၊ ကြည့်ရတာ ပစ္စည်းတန်ဖိုးက မနည်းဘူး။ ဒီဘယက်ကြီးသာ ငါတို့ရလိုက်ရင် ဒီလောကထဲကထွက်ပြီး အေးအေးဆေးဆေး လုပ်ကိုင်စားသောက်လို့ရပြီ”

ပီတာ့ စကားကြောင့် ကျော်မင်း လောဘတက်သွားတယ်။ အထူးတွဲပေါ်မှာစီးမယ့် အမျိုးသမီးကြီးရဲ့ လည်ပင်းကဘယက်ကို လုဖို့ဆိုတာ တော်တော်မလွယ်တဲ့ အလုပ်တစ်ခုပါ။ ဒါပေမဲ့ ကျော်မင်းကတော့ ဘယ်လိုလုရမလဲဆိုတာ စစဉ်းစားနေပြီ။ အထူးတွဲကို ရိုးရိုးလူတွေလည်း သွားလို့မရဘူး။ မုန့်သည်တွေလည်း သွားလို့မရဘူး။ ရထားရဲကလည်း အချိန်ပြည့် စောင့်ရှောက်နေတယ်။ ကျော်မင်းက သက်ပြင်းချရင်း ပီတာ့ကို လှမ်းမေးတယ်။

“ငါတို့ ဘယ်လိုလုပ်ကြမလဲ”

အဲဒီအချိန်မှာပဲ ရထားထွက်ဖို့ ၀ီစီသံကို ကြားလိုက်ရတယ်။ သူတို့ကြည့်နေတဲ့ အထူးတွဲရဲ့ ပြတင်းပေါက်ကနေ လည်ဆွဲဝတ်ထားတဲ့ အမျိုးသမီးကြီးရဲ့ မျက်နှာပေါ်လာတယ်။ ကျော်မင်း သေချာစဉ်းစားနေရင်း ခေါင်းထဲမှာ ဖျတ်ခနဲ အလင်းစတစ်စရသွားတယ်။ ပီတာ ကျောကုန်းကို ဖြန်းခနဲရိုက်ချလိုက်တယ်။

“ငါ အကြံရပြီ ပီတာ၊ လာလိုက်သွားစို့”

ဒီလိုနဲ့ သူတို့နှစ်ယောက်လည်း ရန်ကုန်ဘူတာကြီးထဲကနေ မန္တလေးကိုထွက်မယ့် အဆန်ရထား ပေါ်ကိုပါသွားတယ်။ သူတို့ ဘယက်လုမယ့် အမျိုးသမီးကြီးဟာ အမှန်တကယ်တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က သြဇာအာဏာရှိတဲ့ ဒုဝန်ကြီးတစ်ပါးရဲ့ကတော် ဖြစ်ပါတယ်။ ငွေကြေးဥစ္စာလည်း ချမ်းသာတဲ့အပြင် ဇာတိမန္တလေးကို ခေတ္တအလည်သွားတာ ဖြစ်ပါတယ်။

ရထားကြီးကတော့ ပဲခူးဘူတာရောက်တဲ့အထိ အေးအေးဆေးဆေးပါပဲ။ နည်းနည်းအမှောင်သန်း လာတာနဲ့ ကျော်မင်းနဲ့ ပီတာတို့ စတင်လှုပ်ရှားပါတော့တယ်။ ရိုးရိုးတွဲ ခေါင်မိုးပေါ်ကို ကြောင်တစ်ကောင်လို ပေါ့ပေါ့ပါးပါးတက်သွားကြပြီး တွဲခေါင်မိုးပေါ်ကတစ်ဆင့် အထူးတွဲရှိရာကို သတိထားပြီး ချဉ်းကပ်လာကြပါတယ်။ ဒီနေရာမှာ အရပ်ပုပြီး သန်မာတဲ့ပီတာက ပိုခရီးရောက်တယ်။ အထူးတွဲခေါင်မိုးပေါ်ကို သူအရင်ရောက်သွားပြီး တွဲခေါင်မိုးအပေါ်က အဲယားကွန်း တပ်ထားတဲ့ ဘုလုံးကြီးကို ခွထိုင်လိုက်တယ်။ ပြီးတော့ သူ့နားကို ရောက်လာတဲ့ ကျော်မင်းရဲ့ ခြေထောက်နှစ်ချောင်းကို သူဝတ်လာတဲ့ ပုဆိုးနဲ့ ဘယ်ညာ ချည်လိုက်တယ်။ ပြီးတော့ ပီတာက အမိုးပေါ်က ဘုကို အားပြုပြီး ကျော်မင်းကို ထိန်းပေးထားတယ်။ ကျော်မင်းက ပီတာထိန်းထားပေးထားတဲ့အတိုင်း အမျိုးသမီးကြီးထိုင်စီးတဲ့ ပြတင်းပေါက်ရှိရာကို ခေါင်မိုးကနေ တဖြည်းဖြည်း ဇောက်ထိုးဆင်းသွားတယ်။ ပီတာက သတိကြီးကြီးထားပြီး တဖြည်းဖြည်းအောက်ကို လျှော့ချပေးရတာပါ။ ကျော်မင်းက အရပ်ရှည်တဲ့အတွက်ကြောင့် အများကြီး လျှော့မပေးခင်မှာပဲ ပြတင်းပေါက်ဆီကို ရောက်သွားတယ်။ ဒီအခြေအနေကို အသုံးချပြီး အပြင်ကို ငေးကြည့်နေတဲ့ အမျိုးသမီးကြီးရဲ့ လည်ပင်းက ဘယက်ကို လျှပ်တစ်ပြက် အားနဲ့ဆွဲဖြုတ်လိုက်တယ်။ ရုတ်တရက် ကြုံတွေ့လိုက်ရတဲ့ ဖြစ်ရပ်ကြောင့် အမျိုးသမီးကြီးက မအော်မိဘဲ ငေးကြောင်ကြည့်နေတယ်။ ကျော်မင်းက ဇောက်ထိုးကြီးဖြစ်နေတာကနေ ရထားအမိုးကို ဗိုက်နဲ့ထောက်ပြီး အပေါ်ကို ပြန်တက်တယ်။ သူတို့အထူးတွဲ ခေါင်မိုးပေါ်ကနေ ရိုးရိုးတွဲ ခေါင်မိုးတွေဆီ နောက်ပြန်ပြန်ပြေးတယ်။ ပြီးတော့ တွဲနှစ်ခုကြားကို လျှောဆင်းပြီး အရှိန်နဲ့ ခုတ်မောင်းနေတဲ့ ရထားပေါ်ကနေ ကျွမ်းကျွမ်းကျင်ကျင် ခုန်ချလိုက်ကြတယ်။ သူတို့ခုန်ချတာကို ရထားပေါ်က ခရီးသည်တွေ မြင်လိုက်ရပေမယ့် ဘာမှန်းမသိကြဘူး။ ဘယက် အလုခံရလိုက်ရတဲ့ အမျိုးသမီးကြီးက သတိဝင်လာပြီး အော်တော့မှ အထူးတွဲပေါ်က ခရီးသည်တွေရော၊ ရဲတွေရော ပစ္စည်းပါသွားတာကို သိလိုက်ကြတယ်။ နောက်ဆုံး ရထားအရေးပေါ်ကြိုးကို ဆွဲလိုက်တော့ ရထားရပ်သွားတယ်။ ရထားပေါ် ပါလာတဲ့ရဲတွေကလည်း ခရီးသည်တွေ ညွှန်ပြတဲ့လမ်းကြောင်းအတိုင်း ရထားလမ်းဘေးက တောထဲကို လိုက်ကြတယ်။ ဒါပေမဲ့ ပီတာနဲ့ ကျော်မင်းရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ဘူး။

ပီတာနဲ့ ကျော်မင်းတို့ နှစ်ယောက်လည်း ရထားလမ်းဘေးက တောထဲကို ရောက်သွားပေမယ့် နယ်မြေကို သိပ်မကျွမ်းကျင်ဘူး။ ဒါကြောင့် သတိထားပြီးသွားနေရတယ်။ ရထားပေါ်မှာတော့ လူကြီးကတော်ရဲ့ ဘယက်အလုခံလိုက်ရတဲ့အတွက် ကမ္ဘာပျက်နေပြီ။ ရထားရဲနဲ့တင် မလုံလောက်တော့လို့ ခရိုင်ရဲတွေ၊ တိုင်းရဲတွေပါ ဆင်းလာကြတယ်။ အလုခံရတဲ့ နေရာအနီးတစ်ဝိုက်ကို တောနင်းပြီး ရှာတယ်။ ဒါပေမဲ့ ပီတာနဲ့ ကျော်မင်းတို့ရဲ့ အရိပ်အယောင် မပြောနဲ့၊ ခြေရာတောင် မတွေ့ရဘူး။

ပီတာနဲ့ ကျော်မင်းတို့လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ညမှောင်မှောင်မည်းမည်းထဲ သွားရတဲ့အတွက် ကျော်မင်းခြေထောက်ကို ငုတ်စူးသွားတယ်။ ဆေးလည်းမပါတော့ ပုဆိုးစကို ဖြဲပြီး ပတ်တီးအဖြစ် သုံးရတယ်။ ရဲလက်ကလွတ်အောင် ပြေးပေမယ့် ခရီးမတွင်ဘူး။ တခါတရံမှာ သားရဲတွေရဲ့ရန်ကြောက်လို့ သစ်ပင်ပေါ်တက်ပုန်းပြီး အိပ်ရတာလည်းရှိတယ်။ အဲဒီအချိန်က နယ်မြေ မအေးချမ်းသေးတဲ့အတွက် သူပုန်တွေနဲ့ရင်ဆိုင်တိုးပြီး အသက်နဲ့ရင်းလုလာရတဲ့ ဘယက်ကြီးကို ထိုးပေးလိုက်ရမှာလည်း စိုးရိမ်တယ်။ ကျော်မင်းတို့ကို လိုက်ရှာနေတဲ့ ရဲတွေကိုတော့ အပေါ်က ဖိထောင်းနေပြီ။ ဘယ်လိုမှ မရှာနိုင်တော့တဲ့အတွက် ရဲတပ်ဖွဲ့က ဒီနယ်မြေမှာ လှုပ်ရှားနေတဲ့တပ်ကို ထပ်ပြီး အကူအညီတောင်းရတယ်။ တပ်ကလည်း ရဟတ်ယာဉ်ပါ သုံးပြီးတော့ ရှာဖွေတယ်။ တစ်ညနဲ့ တစ်ရက်လုံး တောနင်းရှာပေမယ့် ကျော်မင်းနဲ့ ပီတာကိုတော့ မမိသေးဘူး။

ကံဆိုးမှုကတော့ စတင်ဝင်ရောက်လာပြီ။ ကျော်မင်းခြေထောက်မှာ ငုတ်စူးတဲ့ ဒဏ်ရာကြောင့် ခြေထောက်က ရောင်ကိုင်းလာတယ်။ အဖျားလည်း တက်လာတယ်။ ပီတာက ကျော်မင်းကို တော်တော်စိုးရိမ်နေပြီ။ သူ့ဘောင်းဘီအိတ်ထဲမှာ ထည့်ထားတဲ့ ဘယက်ကြီးကိုလည်း စိတ်တော်တော်ကုန်နေပြီ။ ကျော်မင်းက ပီတာရဲ့ခံစားချက်ကို ရိပ်မိတယ်။ ဒီတော့ ပေါ်တင်ပဲ ပြောလိုက်တယ်။

“ပီတာ ငါ့ဒဏ်ရာက တော်တော်ဆိုးနေပြီ။ မင်းဘယက်ကြီးကိုယူပြီး နယ်စပ်ပြေးတော့။ ငါအဖမ်းခံလိုက်မယ်”

ကျော်မင်းစကား ကြားလိုက်တဲ့အခါမှာ ပီတာက ခါးခါးသီးသီးပဲ ခေါင်းကို အဆက်မပြတ်ခါယမ်းလိုက်တယ်။

“မင်းကိုထားပြီး ငါတစ်ယောက်တည်း ဘယ်တော့မှ ကိုယ်လွတ် မရုန်းဘူး ကျော်မင်း”

 ပီတာတို့က ဟိန္ဒူလူမျိုးတွေဖြစ်တော့ သူငယ်ချင်းအပေါင်းအသင်းတွေအပေါ်မှာ အခြားလူတွေထက် သစ္စာရှိတယ်။ သူက စံလည်းအတူ၊ ခံလည်းအတူဆိုတဲ့ သဘောထားမျိုးရှိတယ်။

“ငါက လူမှန်းသိတတ်စအရွယ်ကတည်းက ဆိုးတယ်၊ ပေတယ်၊ မိုက်တယ်။ ဒါပေမဲ့ သူငယ်ချင်းအပေါင်းအသင်းတွေအပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ဘူး။ အခုလည်းဖမ်းခံရရင် နှစ်ယောက်အတူပေါ့ကွာ”

ပီတာ့စကားကြောင့် ကျော်မင်းလည်း ထပ်ပြီးအတင်းအကျပ် မပြောတော့ဘူး။ ဒါပေမဲ့ အနာက ရင်းလာတော့ အဖျားပိုကြီးလာတယ်။ တစ်ညမှာ သတိလစ်သွားတယ်။ အခြေအနေကတော့ အသက်အန္တရာယ်အတွက် စိုးရိမ်နေရတယ်။ ဒီအခိုက်မှာပဲ မလှမ်းမကမ်းက အသံတွေကြားလိုက်ရတယ်။ မီးရောင်တွေလည်း တ၀င်းဝင်းနဲ့ လှမ်းတွေ့တယ်။ သူတို့က ကျော်မင်းတို့ကိုရှာနေတဲ့ စစ်သားတွေပဲ။ ပီတာက သတိလစ်နေတဲ့ ကျော်မင်းကို ပွေ့ပြီးလှမ်းအော်တယ်။

“ကျွန်တော်တို့ဒီမှာပါ။ အဖမ်းခံပါရစေ...”
“အဖမ်းခံပါရစေ...”
“အဖမ်းခံပါရစေ...”
ဒီအသံက တစ်တောလုံးကို ပဲ့တင်ထပ်သွားပါတယ်။ တပ်ကလည်း သူတို့ဆီကိုရောက်လာတယ်။ သေနတ်တွေနဲ့ ၀ိုင်းချိန်ထားရာကနေ သတိလစ်နေတဲ့ ကျော်မင်းကိုကြည့်ပြီး အခြေအနေကိုသဘော ပေါက်သွားတယ်။ ပီတာက သူတို့လုလာတဲ့ ဘယက်ကို အပ်လိုက်တယ်။ ရှာဖွေရေးအဖွဲ့ထဲမှာပါတဲ့ ဆေးတပ်သားက ကျော်မင်းကို ချက်ချင်းကုပေးတယ်။ တိုတိုပြောရရင်တော့ လုလာတဲ့ဘယက်လည်း ပြန်သိမ်းခံလိုက်ရပြီး သူတို့နှစ်ယောက်လည်း ရမည်းသင်းထောင်မှာ ခုနစ်နှစ်စီကျသွားတယ်။ နောက်တော့ ကျော်မင်းလည်း ဗိုက်ထောက်ကျော်မင်းဆိုပြီး ထောင်ထဲမှာ နာမည်ကြီးသွားတယ်။ သူတို့ကို ထိန်းသိမ်းထားပေမယ့် နယ်ထောင်က (ဂ) အဆင့်မို့လို့ သူတို့ကို အင်းစိန်ထောင်ပို့လိုက်ရတယ်။

အင်းစိန်ထောင်က ဇိုးတွေကလည်း ကျော်မင်းတို့ကို ဘယ်လိုအမျိုးအစားလဲဆိုတာ စိတ်ဝင်တစား သိချင်လို့ နားစွင့်နေတယ်။ ခြေကျင်းခတ်ပြီး ရောက်လာတဲ့ ဗိုက်ထောက်ကျော်မင်းနဲ့ ပီတာကို တချို့ကလည်း အင်းစိန်ရောက်ရင် အပိုးကျိုးအောင် လုပ်ပြမယ်ဆိုပြီး ကြုံးဝါးထားတယ်။ ပွဲကြီးပွဲကောင်း ကြည့်ရမယ့် အချိန်မှာမထင်မှတ်တဲ့ အဖြစ်အပျက်ပေါ်လာတယ်။ အဲဒါကတော့ စိုးမြတ်ကြီးကို ကျော်သူက Request လုပ်ပြီး “ဗိုက်ထောက် ကျော်မင်းတို့ နှစ်ယောက်ကို ကျွန်တော့်ပေးပါ”လို့ ဆိုလာတယ်။ ဒီစကားကြားတော့ စိုးမြတ်ကြီး တွေဝေသွားတယ်။ တချို့ကလည်းကျော်သူက အစွမ်းအစရှိတဲ့ ကျော်မင်းတို့ကို စည်းရုံးပြီး နောက်ထပ် အုပ်စုဖွဲ့တော့မလားလို့ တွေးတယ်။ စိုးမြတ်ကြီးက သူ့ကို ထောင်ထဲမှာ တခါမှ မတောင်းဆိုဖူးသေးတဲ့ ကျော်သူ့စကားကို အလေးထားပြီး သူတောင်းတဲ့အတိုင်း ကျော်မင်းနဲ့ ပီတာတို့ကို ကျော်သူနေတဲ့ အခန်းကို ပို့လိုက်တယ်။ အားလုံးကစောင့် ကြည့်နေပေမယ့် ကျော်သူက ဗိုက်ထောက်ကျော်မင်းတို့ကို စည်းလည်း မစည်းရုံးဘူး။ အုပ်စုလည်း မဖွဲ့ဘူး။ တပည့်လည်း မမွေးဘူး။ ကျော်မင်းတို့ ပီတာတို့ကို ဒီအတိုင်းပဲ စောင့်ရှောက်ထားတယ်။

တကယ်တော့ ကျော်သူ (ခ) မြွေဖြူလေးက ဆိုးပေမိုက်ပေမယ့် အချင်းချင်းအပေါ်မှာ သစ္စာရှိတဲ့၊ အနစ်နာခံတဲ့ လူဆိုးတွေကို စောင့်ရှောက်ချင်ရုံသာဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေကို လေးစားမြတ်နိုးပုံလည်း ရတယ်။ ဒါကြောင့်လည်း ကျော်သူ့ကိုသတ်ဖို့ တာမွေအရိုးစု စိန်ကုလားက ငြင်းခဲ့တာ ဖြစ်မှာပေါ့။

နောက်ဆုံးမှာ လူမိုက်ကြီး ဗိုက်ထောက်ကျော်ဝင်းနဲ့ ပီတာတို့ဟာ ဆွမ်ပရာဘွမ်မှာရှိတဲ့ အရမ်းကို ကြမ်းတမ်းတဲ့ ရဲဘက်စခန်းကို အပို့ခံလိုက်ရပါတယ်။

စိန်ကုလားကြီးက ကျော်သူ  (ခ) မြွေဖြူလေးကိုသတ်ဖို့ ဘယ်လိုပဲ လက်ရှောင်ခဲ့ လက်ရှောင်ခဲ့ ဆေးရုံကြီး စိန်ဝင်းကတော့ ကျော်သူ့ကို ဘာကြောင့် အသေသတ်ချင်နေသလဲဆိုတာကတော့ အရမ်းစိတ်ဝင်စားစရာ ကောင်းပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ဇော်သက်ထွေး
tomorrow
http://www.tomorrow.com.mm/?q=articles%2F3562
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၁)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၂)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၃) -
  •  အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများ အကြောင်း အပိုင်း (၄) - ဇော်သက်ထွေ
  •  အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများ အကြောင်း အပိုင်း (၅)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း (၆)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း (၇)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း (၈)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၉)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၉)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၁၀)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၁၁)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၁၂)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၁၃)

  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၁၄)
  • အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း(၁၅)