Latest News

Monday, May 1, 2017

ရက် ၁ဝဝ အလွန် YBS နှင့် ဆက်လက်ပြုပြင်ပြောင်းလဲရမည်များ

ရက် ၁ဝဝ အလွန် YBS နှင့် ဆက်လက်ပြုပြင်ပြောင်းလဲရမည်များ

လက်ရှိတွင် YBS စနစ် စတင်ပြောင်းလဲ ကျင့်သုံးခဲ့သည်မှာ သုံးလကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့်အပြင် ရက်ပေါင်း ၁ဝဝ ကျော်သို့ပင် ရောက်ရှိလာပြီဖြစ်သည်။ စနစ်တစ်ခု အပြောင်းအလဲတွင် အချိန်ကာလ သုံးလသည် တိုတောင်းသော ကာလဖြစ်သည့်အပြင် ရက်ပေါင်း ၁ဝဝ ကျော် ဆိုသည်ကလည်း ခဏတာပင်ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့ရာတွင် နေ့စဉ်နှင့်အမျှ လှုပ်ရှားသွားလာနေကြရသော ရန်ကုန်မြို့နေ လူထုအနေဖြင့် နိစ္စဓူဝလိုလိုပင် မိမိတို့နေအိမ်အသီးသီးမှ ရည်ရွယ်ချက်အမျိုးမျိုး၊ ဦးတည်ရာ အမျိုးမျိုးတို့ဖြင့် သွားလာနေကြရာတွင် အခက်အခဲနှင့် အဆင်မပြေမှုများက ရှိနေဆဲဖြစ်သောကြောင့် ရက် ၁ဝဝ သည်လည်း ကြာမြင့်သည်ဟုပင် ဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ပြည်သူလူထုတစ်ရပ်လုံးက တစ်ခဲနက် ထောက်ခံရွေးချယ်ခဲ့သော အစိုးရတစ်ရပ်ဖြစ်သောကြောင့် ထိုအစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အလျင်အမြန်အောင်မြင်ဖြစ်ထွန်းချင်စိတ်ဖြင့် အမျှော်လင့်ကြီး မျှော်လင့်နေသောကြောင့်လည်း ဖြစ်သည်။

မထသ မှ YBS သို့

မထသမှ YBS သို့ ပြောင်းလဲလိုက်သော်လည်း ထူးမခြားနားသေးဟု အများကဝေဖန်နေကြသေးသည်။ မထသကို မိတ်ကပ်လိမ်းထားခြင်း၊ ဆေးသုတ်ထားခြင်းသာဖြစ်သည်ဟုလည်း ဆိုကြ၏။ ယင်းသို့ ဝေဖန်သည့် အတိုင်းပင် လက်ရှိ YBS သည် မထသကို စနစ်ပြောင်းဆောင်ရွက်နေသည် ဖြစ်သော်လည်း စီမံအုပ်ချုပ်နေသူအချို့မှလွဲ၍ ကျန်ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များအားလုံးသည် မထသ ဆောင်ရွက် ခဲ့စဉ်က လူများပင်ဖြစ်သည်။ မထသဟူသည် ဟိုယခင်ကပင် တည်ရှိခဲ့သည့် မထသ(မြို့တွင်း)နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲအလွန် အစိုးရသစ်တက် လာသည့်အခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယာဉ်လိုင်းအားလုံးကို ကြီးကြပ်ကွပ်ကဲရန်အတွက် ဖွဲ့စည်းခဲ့သည့် မထသ(ဗဟို)ဟူ၍ နှစ်ဖွဲ့ ရှိသည်။ မထသ(ဗဟို)သည် ယာဉ်လိုင်း အားလုံးကို ကြပ်မတ်ခြင်းဖြစ်ပြီး ယင်းအဖွဲ့ လက်အောက်တွင် ယာဉ်လိုင်းကြီး ၁၇ လိုင်း ရှိသည်။ မထသ(မြို့တွင်း)သည်လည်း မထသ (ဗဟို)အဖွဲ့လက်အောက်မှ ယာဉ်လိုင်းတစ်ခုပင်ဖြစ်ပြီး ယာဉ်အင်အား၊ လူအင်အား အတောင့်တင်းဆုံး ယာဉ်လိုင်းအဖွဲ့ကြီးပင်ဖြစ်သည်။

အဆိုပါ မထသ(မြို့တွင်း)သည် ယခင်ခေတ်အဆက်ဆက် ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် ယာဉ်လိုင်းဖြစ်ပြီး တစ်ဦးချင်း ယာဉ်ပိုင်ရှင်များအနေဖြင့် မထသ ယာဉ်လိုင်း လက်အောက်ခံအဖြစ် ဝင်ရောက်ပြေးဆွဲ ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အများပြည်သူဝန်ဆောင်မှု သယ်ယူပို့ဆောင်ရေး အသွင်ဖြစ်ပေါ်မလာဘဲ ယာဉ်ကိုအရင်းအနှီးပြုကာ စီးပွားရှာသည့် ပုံစံဖြစ်ပေါ်လာသည်။ ဝင်ငွေကောင်းသော ယာဉ်လမ်းကြောင်း၊ ခရီးသည်များသော လမ်းကြောင်းများကို ပြေးဆွဲလိုကြပြီး ခရီးသည် နည်းပါးသော ယာဉ်လိုင်းများကို မပြေးဆွဲလိုသည့် အနေအထားများလည်း ရှိလာခဲ့သည်။ ယာဉ်လိုအပ်ချက်အရ ဒိုင်နာ၊ ကင်တာယာဉ်တို့ကဲ့သို့ ကုန်တင်ယာဉ် အငယ်စားများဖြင့်ပင် ခရီးသည်ပို့ဆောင် ဖြစ်ခဲ့ကြသည်။

မြို့ပြ ပို့ဆောင်ရေးတွင် ယခင်ကပင် ယာဉ်လိုအပ်ချက် ရှိနေဆဲဖြစ်ပြီး ယခုထက်တိုင် ယင်းပြဿနာကို ရင်ဆိုင်နေရဆဲပင် ဖြစ်သည်။ တစ်ဦးချင်းပိုင် ယာဉ်ပိုင်ရှင်များကို ကြီးကြပ်ကွပ်ကဲထိန်းသိမ်းရန် ခက်ခဲလာပြီး ကာယကို အရင်းပြုကာ နံနက်မိုးမလင်းခင်မှပင် ညမိုးချုပ်အထိ လုပ်ကိုင်ရသော အလုပ်အကိုင်ဖြစ်သောကြောင့်လည်း စနစ်တကျလခစား စနစ်၊ ပုံသေဝင်ငွေစနစ် ထူထောင်နိုင်ခြင်းမရှိဘဲ နေ့စဉ် ရှာဖွေနိုင်သည့် အပေါ်တွင် ပုတ်ပြတ်ပေးသည့်စနစ်ဖြင့် လုပ်အားခကို ယူစေသည့်စနစ်ကို ကျင့်သုံးခဲ့ကြရာမှာ အပြိုင်အဆိုင်ငွေရှာသည့် အနေအထားများလည်း ဖြစ်လာခဲ့သည်။

ယင်းသို့သော အနေအထားများမှ အများပြည်သူကို ဗဟိုပြု ဝန်ဆောင်မှုပေးမည့် ယာဉ်လိုင်းစနစ်ကို ဖော်ဆောင်ရန် စီမံချက်ချ ဆောင်ရွက်ရာတွင် မထသ(ဗဟို) စီမံကွပ်ကဲမှုစနစ်မှ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ YRTA က ကြပ်မတ်မည့်စနစ်ကို ကျင့်သုံးမည်ဟုသိရသည်။ မထသ(မြို့တွင်း) သည်လည်း ပုဂ္ဂလိကယာဉ်လိုင်းကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းကာ YBS ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲမည် ဖြစ်သည်။ အခြားသော ပုဂ္ဂလိက ယာဉ်လိုင်းများ၊ တစ်ဦးချင်းပိုင် ယာဉ်များသည်လည်း အများပိုင်ယာဉ်လိုင်း ကုမ္ပဏီများအဖြစ် ဖွဲ့စည်းရန် ပြင်ဆင်ကာ ယာဉ်လိုင်းများအလိုက် ပြေးဆွဲရမည်ဖြစ်သည်။ ယခင်က ယာဉ်လမ်းကြောင်း ထပ်နေသော၊ တူနေသော လမ်းကြောင်းများကို စုစည်းကာ လိုအပ်သလို ပြုပြင်ပြောင်း လဲ၍ ယခင်လိုင်းငယ်ပေါင်း ၃ဝဝ ကျော်ရှိရာမှ လက်ရှိ YBS တွင် လိုင်းပေါင်း ၈ဝ ခန့်သာ ရှိတော့သည်။ အဆိုပါ လိုင်းနံပါတ် အတိုး၊ အလျှော့၊ ခရီးစဉ်လမ်းကြောင်း အပြောင်းအလဲ များကိုလည်း ခရီးသည်များ၏ လိုအပ်ချက် အပေါ်မူတည်၍ အစဉ်ပြောင်းလဲသွားမည်ဟု သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

လိုင်းအပြောင်းအလဲတွင် ယာဉ်နှစ်ဆင့်၊ သုံးဆင့်ပြောင်းစီးရသည့် ခရီးစဉ်များ ရှိလာသောကြောင့် ယာဉ်စီးခ ပိုမိုကုန်ကျသည့်အပြင် ခရီးနှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေရသောကြောင့် ယင်းသို့သော အခက်အခဲများအပေါ် သက်ဆိုင်ရာအဖွဲ့မှ စနစ်တကျပြန်လည်သုံးသပ်ကာ လိုအပ်ချက် အပေါ် ပြုပြင်ပြောင်းလဲရန် လိုအပ်မည်ဖြစ်သည်။

သို့ရာတွင် မည်သို့ပင် မထသမှ YBS သို့ ပြောင်းလဲလိုက်သည်ဖြစ်စေ လက်ရှိယာဉ်ပိုင်ရှင်၊ ယာဉ်လုပ်သားအားလုံးမှာ ယခင် လူများပင်ဖြစ်သည်။ ထိုပုဂ္ဂိုလ်များတွင် အများပြည်သူဝန်ဆောင်မှုအပေါ် လိုက်ပါပြောင်းလဲ လုပ်ဆောင်လာသူများရှိသလို ယခင်လိုပင် ကြမ်းတမ်းရိုင်းစိုင်းမှုများက ရှိနေဆဲပင်ဖြစ်သည်။ ဝင်ငွေရှာဖွေမှုအပေါ်တွင်သာ အဓိကထားလိုကြပြီး ဝန်ဆောင်မှုအပေါ် လျစ်လျူရှုနေကြဆဲပင်ဖြစ်သည်။ အများပိုင်ယာဉ်လိုင်း ကုမ္ပဏီအဖြစ် ဖွဲ့စည်းနိုင်သည့် ကုမ္ပဏီအနည်းငယ်သာ ရှိသေးသည့် အတွက် ကျန်ယာဉ်လိုင်းများကို စည်းကမ်းတကျဖြစ်စေရန် ဆောင်ရွက်မှု တွင် အားနည်းမှုများ၊ အခက်အခဲများ ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့်လည်း YBS သည် မထသကို မိတ်ကပ်လိမ်းထားခြင်း၊ ဆေးသုတ်ထားခြင်း ဟုသာ ဝေဖန်နေကြခြင်း ဖြစ်သည်။

YBS တွင် အဓိကလိုအပ်ချက်ဖြစ်နေသည့် ခရီးသည်တင်ယာဉ်များ
ယခင် မထသစနစ်ကပင် ခရီးသည်တင်ယာဉ် လိုအပ်ချက်များစွာရှိခဲ့သည်။ ရုံးချိန်များတွင် မှတ်တိုင်များ၌ ခရီးသည်များ စုပြုံနေသည်မှာ ယခင်ကပင်ဖြစ်သည်။ ထို့ကြောင့်လည်း အဓိကလိုအပ်ချက်ဖြစ်နေသည့် ခရီးသည်တင်ယာဉ်များအတွက် တိုင်းဒေသကြီးအစိုးရက ကျပ်ဘီလီယံ ၆ဝ ရင်းနှီးမြှုပ်နှံကာ ပြည်ပမှ ဘတ်စ်ကားသစ်များ ဝယ်ယူသွားမည်ဟု အစိုးရအဖွဲ့က တရားဝင် ပြောကြားထားပြီးဖြစ်သည်။ ယခုအချိန်တွင် တရုတ်နိုင်ငံမှ ကားကုမ္ပဏီနှင့် အစိုးရချင်း သဘောတူစာချုပ်ချုပ်ဆိုကာ ဝယ်ယူထားပြီ ဖြစ်ပြီး မေလကုန်တွင် ယာဉ်အသစ်များ ရရှိမည်ဟု သိရသည်။ ယင်းသို့ တရုတ် နိုင်ငံလုပ်ယာဉ်များ ဝယ်ယူမှုအပေါ်တွင်လည်း ဝေဖန်မှုများရှိနေပြီး သက်ဆိုင်ရာအနေဖြင့်လည်း ကျွမ်းကျင်အင်ဂျင်နီယာ အဖွဲ့များ၊ နည်းပညာအဖွဲ့များနှင့် တိုင်ပင်ကာ ဝယ်ယူ ခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်ရှင်းလင်းခဲ့သည်။ ကားသစ်တစ်စီးလျှင် ဒေါ်လာ ငါးသောင်း ကျော်ခန့်ရှိပြီး လေအေးပေးစက်စနစ်၊ မြန်မာနိုင်ငံ၏ လမ်းများနှင့်လျော်ညီ၍ ပေးရသည့်ဈေးနှုန်းနှင့် ထိုက်တန်သည့် ယာဉ်အသစ်များရရှိရေးကို ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းကြောင့် မူလထက် အချိန်အနည်းငယ် နှောင့်နှေး သွားခဲ့ပြီး မေလကုန်မှ ကားသစ်များ ရရှိနိုင်မည်ဟု သိရသည်။

ယင်းအပြင် အခြားသော ပုဂ္ဂလိကကုမ္ပဏီများက တင်သွင်းလာခဲ့သော ဘတ်စ်ကားသစ်များသည်လည်း ဆက်တိုက်ဆိုသလို ရောက်ရှိလာ မည်ဖြစ်သော ကြောင့် YBS ယာဉ် လိုအပ်ချက်အပေါ် မကြာမီဖြည့် ဆည်းပေးနိုင် လိမ့်မည်ဟု သယ်ယူ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ တို့က ပြောသည်။

စည်းကမ်းကောင်းမွန်သော ကျွမ်းကျင် ယာဉ်မောင်းများ လိုအပ်နေမှု
မည်သို့ပင် စနစ်ပြောင်းပြောင်း၊ ကားသစ်တွေ ဘယ်လိုပြောင်းပြောင်း ထိုစနစ် ကိုပုံဖော်ရာတွင် ပါဝင်မည့်သူများ၏ အရည်အသွေးများကလည်း အဓိကကျလှသည်။ မထသမှ YBS ပြောင်းပြောင်း၊ ကားဟောင်းမှ ကားသစ်ပြောင်းလဲစေကာမူ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များသည် ယခင်ယာဉ် လုပ်သားများပင် ဖြစ်သည်။ လက်ရှိတွင် ပြုပြင်ပြောင်းလဲ လာသော ယာဉ်လုပ်သား များစွာရှိသလို မပြုပြင်နိုင်သေးသည့် ယာဉ်လုပ် သားများစွာလည်း ရှိနေသေးသည်။ ယင်းသို့သော ပြဿနာရပ်များကို အဖြေရှာရာတွင် နိုင်ငံတကာကဲ့သို့ ယာဉ်စီးခပေးချေသည့် ကတ်စနစ်ကို အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်းနှင့် ယာဉ်လုပ်သားများကို အလုပ်ချိန် စနစ်တကျဖြင့် လုပ်ကိုင်စေခြင်းတို့ပင် ဖြစ်သည်။ ယင်းအပြင် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျသင်ကြားတတ်မြောက်ပြီးသော၊ ခရီးသည်တင်ဆောင်နိုင်သည့် ယာဉ်များကို အမှန်တကယ်မောင်းနှင်ခွင့် ရှိသော ယာဉ်မောင်းများဖြစ်ရန် လိုအပ်သည့်အတွက် YRTA အနေဖြင့် မွမ်းမံ သင်တန်းများ၊ အသိအမှတ်ပြု ယာဉ်လုပ်သား ကတ်ပြားများကို စနစ်တကျ ထုတ်ပေးရမည်ပင် ဖြစ်သည်။

ယာဉ်စီးခ ပေးချေရာတွင် ကတ်စနစ်ကို အသုံးပြုနိုင်ပါက အငြင်းပွားဖွယ် ရာများ မဖြစ်ပေါ်နိုင်တော့သည့်အပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှ အမှန်တကယ် ရရှိသည့် ဝင်ငွေကိုလည်း သိရှိနိုင်မည် ဖြစ်သည်။ ထိုသို့ မှန်မှန်ကန်ကန်ရရှိလာပါက ယာဉ်လုပ်သားများကိုလည်း ထိုက်တန်စွာ လုပ်အားခပေးအပ်လာနိုင်မည်ဖြစ်ပြီး သတ်မှတ် အလုပ်ချိန် ရှစ်နာရီခန့်၊ နေ့ဆိုင်း၊ ညဆိုင်းဖြင့် အချိန်ခွဲကာ လုပ်ကိုင်စေခြင်းဖြင့် ယာဉ်လုပ်သားများအနေဖြင့်လည်း အများပြည်သူအပေါ် ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးလာနိုင်မည်ပင်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယာဉ်လုပ်သားများ၏ အလုပ်ချိန်သည် အင်မတန်များပြားလွန်းနေပြီး နံနက် မိုးမလင်းခင်ကပင် လုပ်ငန်းခွင် စတင်ခဲ့ရာမှ ညမိုးချုပ်သည်အထိ နေ့စဉ် လူပေါင်းများစွာ ထိတွေ့ဆက်ဆံနေရသူတို့သည် အများပြည်သူဝန်ဆောင်မှု အပေါ် ကောင်းမွန်စွာ ပေးအပ်နိုင်မည်မဟုတ်ပေ။

အလုပ်ချိန်များပြား ပင်ပန်းလွန်းခြင်း၊ လူများစွာနှင့် ပြောဆိုဆက်ဆံရခြင်း၊ လုပ်ငန်းခွင်အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ဆုပေး၊ ဒဏ်ပေး စနစ်များမရှိခြင်း၊ စားဝတ်နေရေးအရသာ လုပ်ကိုင်နေခြင်းဖြစ်ပြီး ဝန်ဆောင်မှု လုပ်ငန်းအပေါ် အကျွမ်းဝင်မှုမရှိခြင်းတို့က ကာယ လုပ်သား၊ ယာဉ်လုပ်သားများ၏ အားနည်း ချက်များပင် ဖြစ်နေသည်။ သက်ဆိုင်ရာ အစိုးရအာဏာပိုင်အဖွဲ့အနေဖြင့် YBS ပြုပြင် ပြောင်းလဲရေးများတွင် အထက်ပါ အချက်များကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည် ဖြစ်ပြီး ယင်းအပေါ် ကျွမ်းကျင်သူများနှင့် လွှတ်တော်အမတ်များကလည်း အကြံပြု တိုက်တွန်းထားချက်များလည်း ရှိသည်။

ရက် ၁ဝဝ အလွန်နှင့် ရှေ့ဆက်ရဦးမည့်YBS

လက်ရှိ YBS စနစ်အပေါ် အများပြည်သူအပါအဝင် လွှတ်တော်အမတ်များ၊ အတိုက်အခံများက အကြံပြုဝေဖန်မှုများ ရှိနေသော်လည်း စနစ်တစ်ခု အပြောင်းအလဲသည် ကောင်းမွန်သော အရွေ့တစ်ခုဆီသို့ ရောက်ရှိအောင် ကြိုးစားဆောင်ရွက်သွားရမည်ဟု လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်သည်။ သုံးလအလွန် YBS အပေါ် ထပ်ဆင့်မြှင့် ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က တရားဝင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားထားပြီး လက်ရှိတွင် ကားသစ်များ ရောက်ရှိလာရေးကို စောင့်ဆိုင်းရဦးမည်ဖြစ်သည်။

အလားတူ ဘတ်စ်ကားလိုင်းများတွင် ဂျီပီအက်စ်စနစ် တပ်ဆင်မှုများ ကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်နေပြီး အချို့သော ပုဂ္ဂလိက ကုမ္ပဏီများက ဝိုင်ဖိုင်အင်တာနက်စနစ်နှင့် စီစီတီဗွီ လုံခြုံရေးကင်မရာ များကိုလည်း တပ်ဆင်ပေးလာကြသည်။ ယခင်က မကြုံဖူးသော လေအေးပေးစက်ဖွင့် လိုင်းကားများလည်း အပြိုင်အဆိုင် ပြေးဆွဲလာ သည်ကို တွေ့ရသည်။ အစိုးရအဖွဲ့မှ ကြပ်မတ် ဆောင်ရွက်ရမည့် ကိစ္စများတွင် မီးပွိုင့်များကို ထိန်းချုပ်ဆောင်ရွက်မည့် ထိန်းချုပ်ရေးစင်တာ စတင်ဆောင်ရွက်နိုင်ရန်နှင့် အဆိုပါ ထိန်းချုပ် ရေးစင်တာမှတစ်ဆင့် ဘတ်စ်ကားများကို ထိန်းချုပ်ကွပ်ကဲမည့် Bus Operator စနစ် ကျင့်သုံးနိုင်ရေး၊ ကတ်စနစ်သုံး ငွေပေးချေမှုစနစ် အကောင်အထည်ပေါ်ရေး၊ ယာဉ်လိုအပ်ချက်ဖြစ်နေသော နေရာများတွင် ကားသစ်များ တိုးချဲ့ပြေး ဆွဲပေးရေး၊ ယာဉ် အဆင့်ဆင့် ပြောင်းလဲစီးနင်းနေရသော ခရီးသည်များ အဆင်ပြေစေရေး ဆောင်ရွက်ပေးရေးတို့ကို စနစ်တကျဆောင်ရွက် ရမည်ဖြစ်သည်။ ယင်းသို့ ကနဦးစနစ်အပြောင်းအလဲမှ နောက်တစ်ဆင့် အပြောင်းအလဲကိုမြှင့်တင်ရာတွင် အများပြည်သူကို ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် သတင်းထုတ်ပြန်ဆောင်ရွက်ပေးရမည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်မှတစ်ဆင့် တိုက်တွန်း အကြံပြုထားသည်။

စနစ်တစ်ခု ပြောင်းလဲရာတွင် အချိန်ကာလအားဖြင့် ကြာမြင့်နိုင်ပြီး ဒေသတွင်း နိုင်ငံများဖြစ်သော စင်ကာပူ၊ တောင်ကိုရီးယားနိုင်ငံတို့တွင် ဘတ်စ်ကားပြေးဆွဲမှုစနစ် ပြောင်းလဲခဲ့ရာတွင် သုံးနှစ်ခန့် ကြာမြင့်ခဲ့သည်ဟု သယ်ယူ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ဆိုထားသည်။ လက်ရှိ YBS သည် သုံးလ တာကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တစ်နှစ်တာ ကာလအတွင်း ကောင်းမွန်သော သယ်ယူပို့ဆောင်ရေးစနစ် ပီပြင်စွာပေါ်ထွန်းလာရန်ကို ရည်မှန်းထားသည်ဟု ဆိုသည်။

ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် YBS စတင်သည်မှ ယနေ့ထက်တိုင် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပြည်သူ့အစိုးရအပေါ် ယုံကြည်စွာဖြင့် မျှော်လင့်လျက်ရှိသည်။ ခေတ်အဆက်ဆက် မြို့ပြချဲ့ထွင်မှုများ၊ လူဦးရေ၊ ယာဉ် အစီးရေများပြားလာမှုတို့တွင် စနစ်ကျသော သယ်ယူ ပို့ဆောင်ရေး စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည့်အတွက် ယနေ့ YBS အပြောင်းအလဲတွင် အခက်အခဲများ ကြုံတွေ့နေရပြီး စနစ်ကျကောင်း မွန်သော သယ်ယူပို့ဆောင်ရေးစနစ်သို့ရောက်ရှိအောင် မဖြစ်မနေ ပြောင်းလဲရမည်ပင် ဖြစ်သည်။

ထို့ကြောင့် ပြည်သူလူထုက ဆုံးဖြတ်ပေးမည့် YBS စနစ် ပြုပြင်ပြောင်း လဲရေးတွင် အများပြည်သူ၏ ပူးပေါင်းဆောင်ရွက်မှုအပြင် ယာဉ်လိုင်းများ၊ ယာဉ်ပိုင်ရှင်များ၊ ကုမ္ပဏီများ၊ ပါဝင်ဆောင်ရွက်နေ ကြသည့်ယာဉ်လုပ်သား များ၏ ပြုပြင်ပြောင်းလဲရေးများ အပါအဝင် အဓိကကြီးကြပ်ကွပ်ကဲနေသည့် သယ်ယူ ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့၏ အကောင်အထည်ဖော်နိုင်မှုစွမ်းရည်များပေါ်တွင်လည်း မူတည်နေမည် ဖြစ်သည်။ပြန်/ဆက်

No comments:

Post a Comment