Latest News

Sunday, May 14, 2017

အစိုးရသစ်လက်ထက် ရဲတပ်ဖွဲ့ဝင်အချို့၏ မသမာမှုများကို Yangon Watch မှ မကြာမီ အသိပေးထုတ်ပြန်မည်

အစိုးရသစ်လက်ထက် ရဲတပ်ဖွဲ့ဝင်အချို့၏ မသမာမှုများကို  Yangon Watch မှ မကြာမီ အသိပေးထုတ်ပြန်မည်

အစိုးရသစ်လက်ထက် ရဲတပ်ဖွဲ့ဝင်အချို့၏ မသမာမှုများကို မကြာမီအသိပေးထုတ်ပြန်တော့မည်ဖြစ်ကြောင်း ရန်ကုန် စောင့်ကြည့် (Yangon Watch) မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သူ ဒေါက်တာညိုညိုသင်းက ပြောသည်။

Yangon Watch အနေဖြင့် တပြည်လုံးအတိုင်းအတာရှိ ရဲတပ်ဖွဲ့ဝင်များအား စောင့်ကြည့်နေသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီး လက်ရှိအစိုးရသစ်လက်ထက်တွင် တနှစ်တာကာလ စောင့်ကြည့်မှုများအရ ရဲတပ်ဖွဲ့ဝင်အချို့၏ မသမာမှုများကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
                                                 
''အဲဒီလိုစောင့်ကြည့်တဲ့အခါမှာ ရဲက တော်တော်လေးကို အခြေအနေဆိုးနေတယ်။ ရဲတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူအား ကိုးရတဲ့ ရဲတွေဖြစ်မလာဘဲနဲ့ ဒီအစိုးရအသစ်ပြောင်းလဲတာတောင်မှ သူတို့ရဲ့အကျင့်ဟောင်းတွေ မပြောင်းလဲဘဲ ဆိုးဆိုးရွားရွား ဆောင်ရွက်လုပ်ကိုင်နေတာတွေကို အန်တီတို့ စောင့်ကြည့်နေတဲ့ အမှုတွေအရ သိရတယ်။ အန်တီတို့ အဲဒီ အမှုတွေကို မကြာမီကြေညာမယ်။ ၂ လ၊ ၃ လအတွင်းဖြစ်လိမ့်မယ်။ ဘယ်အမှု တွေမှာ ရဲကဘယ်လိုလုပ်လိုက်လို့ ပြည်သူတွေ ဘယ်လိုဒုက္ခရောက်သွားတယ်ဆိုတဲ့ ကိစ္စတွေကို ထုတ်ပြန် မယ်''ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

ရဲတပ်ဖွဲ့ဝင်အချို့မှ သက်သေခံ ပစ္စည်းလဲလှယ်ခြင်း၊ ထွက်ဆိုချက်များကို ပြောင်းလဲခြင်း၊ သက်သေခံ ပစ္စည်းဖျောက်ဖျက်ခြင်းစသည့် အချက်များတွေ့ရှိနေရသည့်အတွက် တရားဥပဒေစိုးမိုးမှုရှိစေရန် ရဲတပ်ဖွဲ့ဝင်အချို့၏ မသမာမှု၊ အကျင့်ပျက်မှုများကို ဖော်ထုတ်ရန် စောင့်ကြည့်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

''ရဲတပ်ဖွဲ့နဲ့ပတ်သက်ပြီး တော်တော်လေးကို တွေ့ထားတယ်။ တဖက်မှာလည်း ဒါတွေကို အရေးယူဆောင်ရွက် ပေးဖို့ နယ်လုံဝန်ကြီးတို့ ရဲချုပ်တို့ကို တင်ထားတာရှိတယ်။ သူတို့ဘာတွေလုပ်မလဲဆိုတဲ့ဟာကိုလည်း အချိန်ပေးတဲ့ အပိုင်းလည်း ပါတယ်။ အချိန်ကြာသည်အထိ သူတို့ဘာမှမလုပ်ဘူးဆိုရင် အန်တီတို့က ထုတ်ပြန် မယ်။ တချို့အမှုတွေက အခုမှစပြီး တင်ထားတာရှိတယ်။ တချို့အမှုတွေက ခိုင်ခိုင်မာမာလေ့လာနေတာတွေရှိ တယ်''ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

Yangon Watch မှ စောင့်ကြည့်ထားသည့်အမှုများအရ ရဲတပ်ဖွဲ့ဝင်အချို့၏ မသမာမှုများစွာရှိနေသော်လည်း ရဲမသမာမှုဖြစ်ကြောင်း အတည်ပြုနိုင်သည့် အမှု ၁၀ မှု အထက်သာရှိနေကြောင်း ၎င်းက ပြောသည်။

 ''အတည်ပြုတဲ့အခါမှာ သက်သေခံတွေ စုဆောင်းရတာ အရမ်းခက်တယ်။ ဒေသခံအစိုးရတွေနဲ့ ရဲတွေရဲ့ တက်တက်ကြွကြွ ပူးပေါင်းပါဝင်မှုကို မရဘူး။ အဲဒီတော့ အန်တီတို့က တခြား လူတွေသုံးပြီးတော့ အဲဒီ သက်သေခံချက်တွေကို တရားဝင်ရဖို့အတွက် ကြိုးစားတယ်။ ဒါကြောင့်မို့လို့ အန်တီတို့မှာ သက် သေခံချက်တွေ လုံလုံလောက်လောက် ရတာကတော့ ၁၀ မှု ပတ်ဝန်းကျင်ရှိတယ်''ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

Yangon Watch သည် အစိုးရ စောင့်ကြည့်ခြင်းလုပ်ငန်း၊ တရားရုံးများ စောင့်ကြည့်ခြင်းလုပ်ငန်း၊ ရဲစောင့်ကြည့် ခြင်းလုပ်ငန်း၊ လွှတ်တော် စောင့်ကြည့်ခြင်း လုပ်ငန်း၊ CSO၊ စောင့်ကြည့်ခြင်းလုပ်ငန်း၊ ပြည်သူလူထု တုံ့ပြန်ချက်များ စောင့်ကြည့်ခြင်းလုပ်ငန်း၊ စည်ပင်သာယာရေး စောင့်ကြည့်ခြင်းလုပ်ငန်းဟူ၍ လုပ်ငန်းစဉ် ၅ ခုဖြင့် စောင့်ကြည့်နေခြင်း ဖြစ်သည်။

လေ့လာစောင့်ကြည့်မှုများအရ ၂၀၁၁ မှ ၂၀၁၆ ခုနှစ်အတွင်း တိုင်းနှင့် ပြည်နယ်တို့တွင် ရန်ကုန်၊ မန္တလေး၊ ချင်း ပြည်နယ်စသည့် နေရာ ၃ ခုတို့တွင်သာ စည်ပင်သာယာရွေးကောက်ပွဲကျင်းပခဲ့ပြီး စည်ပင်ကော်မတီဝင်များ ရွေးချယ်ရာတွင် အစိုးရနှင့် နီးစပ်သူများကိုသာ ရွေးချယ်နေထားသည်ဟု ဧပြီ ၂၉ ရက်တွင် Yangon Watch မှ သတင်းထုတ်ပြန်ခဲ့သည်။

လင်းလင်းအောင်(News Watch)

No comments:

Post a Comment