Latest News

Wednesday, May 31, 2017

ဆေးရွက်ကြီးကြောင့် တစ်နှစ်လျှင် လူခုနစ်သန်း သေဆုံးကာ သဘာဝပတ်ဝန်းကျင်ကို ကသောင်းကနင်း ဖြစ်စေသည်ဟု WHO က ထုတ်ပြန်

ဆေးရွက်ကြီးကြောင့် တစ်နှစ်လျှင် လူခုနစ်သန်း သေဆုံးကာ သဘာဝပတ်ဝန်းကျင်ကို ကသောင်းကနင်း ဖြစ်စေသည်ဟု WHO က ထုတ်ပြန်

ဆေးလိပ်သောက်ခြင်းနှင့် အခြားသော ဆေးရွက်ကြီး အသုံးပြုမှုများကြောင့် တစ်နှစ်လျှင် သေဆုံးသူ ခုနစ်သန်းကျော် ရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ထဲ၌ ဆေးရွက်ကြီး ထုတ်လုပ်မှု၊ ဖြန့်ချိမှုနှင့် စွန့်ပစ်ပစ္စည်းတို့က သဘာဝပတ်ဝန်းကျင်အပေါ် ကြောက်မက်ဖွယ် သက်ရောက်မှုရှိစေသည့် အကြောင်းတို့ကိုလည်း WHO ကသတိပေးခဲ့သည်။

ဆေးရွက်ကြီး အသုံးပြုမှုကို ထိန်းချုပ်ရန် ပိုမိုတင်းကျပ်သည့် စည်းကမ်းချက်များ ထုတ်ပြန်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်နှင့် အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံအတွင်း နေရာများတွင် ဆေးလိပ်သောက်ခြင်းကို ပိတ်ပင်သင့်ကြောင်း၊ ဆေးရွက်ကြီး ထုတ်ကုန်များ၏ ဈေးကွက်ကို တရားမ၀င်ကြောင်း ကြေညာပြီး စီးကရက် ဈေးနှုန်းများကို မြှင့်တင်သင့်ကြောင်းလည်း ကုလသမဂ္ဂအေဂျင်စီ တစ်ခုဖြစ်သော WHO က ထုတ်ပြန်ခဲ့သည်။

“ဆေးရွက်ကြီးဟာ ကျွန်မတို့အားလုံးကို ခြိမ်းခြောက်နေပါတယ်။ ဆေးရွက်ကြီးဟာ ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးရွားစေပြီး၊ စီးပွားရေး ထုတ်ကုန်စွမ်းအားကို လျော့ကျစေကာ ချို့တဲ့တဲ့ အိမ်တွေမှာ အစားအသောက် ရွေးချယ်မှုတွေကို ပြောင်းလဲစေပြီး အိမ်တွင်းလေထုကို ညစ်ညမ်းစေပါတယ်” ဟု WHO အကြီးအကဲ မာဂရက်ချန်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် သေဆုံးသူဦးရေသည် ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည့်အတွက် ယခုရာစုနှစ်အတွင်း ယင်းကြောင့်သေဆုံးသူ ဦးရေသည် တစ်ဘီလျံကျော်အထိ မြင့်တက်လာလိမ့်မည်ဟု WHO က ခန့်မှန်းထားသည်။

“ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်နေတဲ့အတွက် ဆေးရွက်ကြီး ကုမ္ပဏီတွေဟာ ဈေးကွက်သစ်တွေကို ရှာဖွေရင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပစ်မှတ်ထားလာ ကြပါတယ်။ ဒါကြောင့် ၂၀၃၀ ပြည့်နှစ်မှာ ဆေးလိပ်ကြောင့်သေဆုံးသူ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လာပါလိမ့်မယ်” ဟု မာဂရက်ချန်က ပြောကြားခဲ့သည်။

ဆေးရွက်ကြီးကြောင့် အိမ်ထောင်စုများနှင့် အစိုးရအတွက် ကျန်းမာရေး အသုံးစရိတ် ဒေါ်လာ ၁ ဒသမ ၄ ထရီလျံကျော် ငွေယိုပေါက်ကြီး ဖြစ်စေကာ ထုတ်လုပ်မှု စွမ်းအားများကိုလည်း လျော့ကျစေသည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment