မဘသကို ထောက်ပံ့ပေးတာမရှိသလို ဘဏ်အကောင့်စာရင်းတွေလည်းမရှိလို့ UAB အမှုဆောင်အရာရှိချုပ်ပြော
မေ ၂၅။ရန်ကုန်။
ယူနိုက်တက် အမရဘဏ် မှာ မဘသနဲ့ ပတ်သတ်တဲ့ ဘဏ်အကောင့်တွေ စာရင်းတွေ မရှိတဲ့ အပြင် ဘဏ်အနေနဲ့လည်း မဘသ အဖွဲ့ အစည်း ကို ထောက်ပံ့ပေးထားတာ မရှိဘူးလို့ ယူနိုက်တက် အမရဘဏ်ရဲ့ ဒုတိယ အမှုဆောင်အရာရှိ ဒေါ်ကျော့ကေခိုင်ကပြောပါတယ်။
ယူနိုက်တက် အမရဘဏ် (UAB) နဲ့ မဘသ အဖွဲ့အစည်း တို့ လုံးဝ ပတ်သတ်မှု မရှိဘူးလို့ ယူနိုက်တက်အမရဘဏ် က မေလ ၂၄ရက်နေ့ ညက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
မေလ ၂၄ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အခမ်းအနား မှာ သာသနာရေးနဲ့ ယဉ်ကျေးမှုပြည်ထောင်စုဝန်ကြီး က မီဒီယာတွေကို ယူနိုက်တက်အမရဘဏ်နဲ့ မဘသ အဖွဲ့အစည်းတို့ ပတ်သတ်ပြီး ပြောခဲ့တာတွေ ရှိတဲ့ အတွက် အခုလို ထုတ်ပြန်ကြေညာ ရတာဖြစ်တယ်လို့လည်း သိရပါတယ်။
“သတင်းတစ်ခုကို မရှိကြောင်းအမတို့ဘက်က ရပ်တည်ပေးလိုက်တာ။ဝန်ကြီး အနေနဲ့ အရပ်စကားလို့ ပြောပေမယ့် အမတို့ အနေနဲ့ မဟုတ်ဘူးလို့ တရားဝင်ပြောလိုက်တာပါ။အရပ်ထဲမှာ ပြောတာတွေတော့ ရှိမှာပေါ့။အရပ်စကားတစ်ခုကိုတော့ မသိနိုင်ဘူးပေါ့။”လို့ ဒေါ်ကျော့ကေခိုင် ကပြောပါတယ်။
ယူနိုက်တက် အမရဘဏ်မှ တရားဝင်ထုတ်ပြန်ထားတာ တွေက အမှန်တွေဖြစ်ပြီး ထုတ်ပြန်ထားချက်တွေကို ယုံကြည်မှု မရှိပါက ဗဟို ဘဏ်ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ဒေါ်ကျော့ကေခိုင်က ပြောပါတယ်။
ပြည်ထောင်စု ၀န်ကြီးက မီဒီယာတွေကို ၂၀၁၆ခုနှစ်တုန်းက ဗဟိုဘဏ်အပါအ၀င် ပုဂ္ဂလိက ဘဏ်တွေကို ဘာသာရေး၊သာသနာရေး၊လူမှုရေးအဖွဲ့အစည်း တွေအပ်နှံ ထားတဲ့ ငွေကို ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ တယ်လို့ ပြောကြားခဲ့ပါတယ်။
အဲ့သည်လိုတောင်းဆိုတာကို ဗဟိုဘဏ်က အချိန်နောက်ကျမှပြန်ပြောပြီး သောကြာ၊စနေ၊တနင်္ဂနွေ သုံးရက် လုံး အမရဘဏ်မှာ အပ်ထားတဲ့ ငွေတွေ ထုတ်ပီး ဖြန့်ခွဲ့လိုက်တယ်လို့ အရပ်သတင်းထွက်ခဲ့တယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက် အမရဘဏ်မှာ ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိပြီး လုပ်ငန်းဆောင်ရွက်နေတဲ့ ပုဂ္ဂလိက ဘဏ်ဖြစ်တဲ့ အတွက် ငွေကြေးစာရင်းတွေကို အကောင့်ဖွင့်လှစ်တာတွေ ငွေထုတ်ယူတာတွေကို ဗဟိုဘဏ်က စည်းမျဉ်းစည်းကမ်း အတိုင်း လိုက်နာ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗဟိုဘဏ်က ငွေကြေးကိစ္စတွေနဲ့ ပတ်သတ်ပြီး တောင်းဆိုတဲ့ အချက်အလက်တွေ စာရင်းဇယားတွေကိုလည်း နှောင့်နှေးတာတွေ မရှိပဲ အချိန်မှီ ပေးပို့ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
မို့မို့သန္တာ
Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment