Latest News

Saturday, May 6, 2017

ထရန်စဖော်မာများ Overload ဖြစ်ကာ ယာယီဝန်အား လျှော့ချရသဖြင့် မကြာခဏ မီးပြတ်တောက်ရခြင်းဖြစ်ဟု လျှပ်စစ်တာဝန်ရှိသူ ဆို

ထရန်စဖော်မာများ Overload ဖြစ်ကာ ယာယီဝန်အား လျှော့ချရသဖြင့် မကြာခဏ မီးပြတ်တောက်ရခြင်းဖြစ်ဟု လျှပ်စစ်တာဝန်ရှိသူ ဆို

ရာသီဥတုပူပြင်းလာခြင်း မီးအသုံးများလာခြင်းတို့ကြောင့် ဓာတ်အားခွဲရုံများရှိ ထရန်စဖော်မာများမှာ Overload ဖြစ်နေပြီး ယာယီဝန်အားလျှော့ခြင်းများဆောင်ရွက်နေခြင်းကြောင့်၊ မီးခဏခဏပျက်နေခြင်းဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) မှ အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်က News Watch သို့ မေလ ၄ ရက်တွင် ပြောသည်။

''မီးခဏခဏပျက်နေရတဲ့ အကြောင်းရင်းက ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ တချို့ထရန်စဖော်မာတွေ၊ ဓာတ်အား လိုင်းတွေက သတ်မှတ်ဝန်အားထက်ကျော်သုံးနေရတာ။ ကျော်သုံးတယ်ဆိုတာက စိန်ပန်းမြိုင်ခွဲရုံမှာရှိတဲ့ (30 MVA) ထရန်စဖော်မာကြီးက Overload သတ်မှတ်တဲ့ဝန်အားထက်ပိုလာလို့ နည်းနည်းလျှော့ရတာတွေရှိ တယ်။ ကျွန်တော်တို့က အဲလိုဝန်အားမလျှော့ရအောင် ထရန်စဖော်မာအကြီးကြီးလဲတာတို့ လုပ်တယ်။ ဒါပေမဲ့ မမီဘူး။ မမီတော့ Overload ဖြစ်လာပြီဆိုရင် အရေးပေါ်ဝန်အား လျှော့ရတာတွေ ရှိတယ်။ အဲဒါလည်း အသုံးများတဲ့အချိန်မှာ ခဏလျှော့တာပါ၊ ပြီးရင် ပြန်ပေးတာပေါ့'' ဟု ၎င်းက ပြောသည်။

ရာသီဥတုပူပြင်းလာမှုကြောင့် ဓာတ်အားလိုင်းကြိုးများ ခုခံမှုအားနည်းလာကာ ဓာတ်အားပျောက်ဆုံးမှုများ၊ ဗို့အားကျမှုများရှိနေသကဲ့သို့ အများပြည်သူတို့မှလည်း အဲကွန်း၊ လေအေးစက်များ အသုံးပြုမှုပိုမိုများ လာကြောင်း ဦးစောဝင်းမောင်က ပြောသည်။ ရန်ကုန်မြို့တွင် ယခင်နှစ် နွေရာသီ၏ မီးသုံးစွဲမှုသည် ၁၁၈၀ မဂ္ဂါဝပ်သာရှိပြီး ယခုနှစ်နွေရာသီတွင် ပြီးခဲ့သည့်ရက်ပိုင်းက ၁၂၈၀ မဂ္ဂါဝပ်ကျော် မြင့်တက်လာကြောင်းနှင့် မီးသုံးစွဲမှုပမာဏ ၁၃၀၀ မဂ္ဂါဝပ်ကျော်မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောသည်။

အများပြည်သူများဓာတ်အား အပြည့်အ၀အသုံးပြုနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အား ပျောက်ဆုံးမှုလျှော့နည်းစေရေးအတွက် ဓာတ်အား လိုင်းများနှင့်ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများရှင်းလင်းခြင်း၊ ကေဘယ်လ်ကြိုးများလဲလှယ်ခြင်း၊ ဆောင်ရွက်နေပြီး မရမ်းကုန်းမြို့နယ်ရှိ စိန်ပန်းမြိုင်ခွဲရုံ၊ ကမာရွတ်မြို့နယ် ဆင်မလိုက်ခွဲရုံ ၊ MRTV ခွဲရုံ ၊ တာမွေမြို့နယ် ကျိုက္ကဆံခွဲရုံ၊ ပုသိမ်ညွန့်ခွဲရုံများရှိ ခွဲရုံများတွင် Overload ပြဿနာများကို ဖြေရှင်းရန်အတွက် ထရန်စဖော်များ တပ်ဆင်နေ ကြောင်း ဦးစောဝင်းမောင်က ပြောသည်။

''ဒီနေ့ဆိုရင် MRTV ခွဲမှာ ၀န်အားလျှော့ဖို့အတွက် ထရန်စဖော်မာတလုံး ထိုင်လိုက်တာ Overload ကိစ္စပြီးသွား မယ်။ Overload ပြဿနာမရှိတော့ဘူး။ ပုသိမ်ညွန့်ခွဲမှာလည်း ထရန်စဖော်မာတ လုံးထိုင်မယ်။ မနက်ဖြန်ဆိုရင် ပြီးစီးဖို့ စီစဉ်နေတယ်။ အဲဒါတွေပြီးလို့ရှိရင် Overload ပြဿနာမရှိတော့ဘူးပေါ့'' ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့တွင် မီတာအလုံးပေါင်း ၁၂ သိန်းရှိနေသည့်အတွက် နေအိမ်တခု မီတာတလုံးမှ ၀ပ် ၄၀ မီးချောင်းတချောင်း လျှော့သုံးမည်ဆိုပါက မီတာအလုံးပေါင်း ၁၂ သိန်းအတွက် ဓာတ်အား ၅၀ မဂ္ဂါဝပ် ချွေတာသုံးစွဲရာရောက်မည်ဖြစ်ကြောင်း ဦးစောဝင်းမောင်က ပြောသည်။“ လျှပ်စစ် ၅၀ မဂ္ဂါဝပ်ရဖို့ စက်ရုံတည်မယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၅၀ ကျမယ်။ ဒါတောင်လောင်စာ မပါသေးဘူး။ အဲဒါကြောင့် မီးကိုချွေတာသုံးရင်းနဲ့ မျှမျှတတ သုံးစွဲရအောင် မီးလည်းမပျက်ရအောင် ချွေတာသုံးစွဲစေချင်ပါတယ်'' ဟု ၎င်းက ပြောသည်။

လင်းလင်းအောင်(News Watch)

No comments:

Post a Comment